White elephant ဆင်ဖြူတော်

စစ်အစိုးရလက်ထက်မှာ ဆင်ဖြူတော်သတင်းတွေ ထွက်လာတယ်။ ပွဲတွေလမ်းတွေနဲ့ ရွှေတွေငွေတွေ၊ ရတနာတွေ စီခြယ်ပြီး၊ တခမ်းတနားလုပ်ခဲ့တယ်။ ၂၈-၁၁-၂ဝ၁၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဧရာဝတီတံတားဖွင့်ပွဲ တက်ရောက်တဲ့ သမတဦးသိန်းစိန်ကနေ ဆင်ဖြူတော်ဟာ တိုင်းပြည်ရဲ့ရတနာတပါးဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တယ်။ ၁-၃-၂ဝ၁၅ နေ့က နဝမမြောက် ဆင်ဖြူတကောင်လည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ မြန်မာ့ရာဇဝင်ကို လှန်မိပါတယ်။

ထိုင်း၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ နီပေါရာဇဝင်တွေမှာ ဆင်ဖြူတော်ကို တန်ဘိုးထားကြတယ်။ အမြတ်တနိုး မင်္ဂလာယူကြတယ်။ တော်ဝင်လက်ဆောင်အဖြစ်လည်းပေးခဲ့ကြတယ်။ ၁၆ ရာစုထဲမှာ ထိုင်းနဲ့ ဗမာနိုင်ငံကြား ဆင်ဖြူတော် ၄ ကောင် ပိုင်လိုမှုကြောင့် စစ်ဖြစ်ခဲ့သေးတယ်။ ကုန်းဘောင်ရာဇဝင်မှာမြေဒူးမင်းနဲ့ ဘုရင့်နောင်တို့က ဆင်ဖြူ့ရှင်ဘွဲ့ခံကြတယ်။

ဟင်ဒူဒဏ္ဍာရီမှာလည်း ဝေဒစကြဝဠာဗေဒမှာ ဝေဒနတ်ဘုရားတွေဘုရင် Airavata ဟာ ဆင်ဖြူတော်ဖြစ်တယ်။ ဗုဒ္ဓဘာသာစာပေမှာလည်း အများကြီးပါတယ်။ စကြာမင်းမှာ ဦးခေါင်းသုံးလုံးပါဆင်ဖြူတော်ရှိသတဲ့။ နာမည်ကလည်း Airavata ဖြစ်တယ်။

ကနေ့ခေါ်ကြတဲ့ ဆင်ဖြူတော်ဟာ Albino elephants ဖြစ်တယ်။ ဖြူတာမှန်သမျှ (ခရုသင်းအပါအဝင်) ကိုခေါ်တယ်။ တကယ့်အရောင်က ပန်းရောင်၊ နီညိုနုရောင်သာဖြစ်တယ်။ အမှန်က ဆင်ရော တခြားအကောင်တွေ၊ ငှက်တွေမှာပါ ရှားပါးလို့ တန်ဘိုးထားတဲ့သဘောပါပဲ။ တချို့ကြတော့ ကျိန်စာသဘောယူဆတာလည်းရှိတယ်။

အနောက်နိုင်ငံတွေမှာတော့ တမျိုးယူဆကြတယ်။ မျှော်လင့်မထားတာတွေကြောင့် ကုန်ကျစရိတ်ကြီးမားတာကို White elephant လို့တင်စားသုံးကြတယ်။ P. T. Barnum ဆိုသူ အမေရိကန်စီးပွါးရေးသမားဟာ Toung Taloung ခေါ်တဲ့ ဗမာ့ အဘိုးတန်ရတနာဆင်ဖြူတော်ကိုရယူဘို့ အပြင်းအထံကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ ထိုင်းဘုရင့်ဆီက တကောင် ဝယ်လို့ ရသွားတယ်။ ဒါပေမဲ့ ဆင်ဖြူဟာ ညစ်ပေတဲ့မီးခိုးရောင်ထဲမှာ ပန်းရောင်အစက်အပြောက်လေးတွေနဲ့ဆင်သာ ဖြစ်နေတာ တွေ့ရတော့တယ်။

အဲတာကြောင့် ခုခေတ်မှာ အပေါ်ယံတန်းဆာဆင်ထားတဲ့ လက်ဆောင်နဲ့ ရောင်းကုန်ကိုသာ ဆင်ဖြူတော်အသုံးနဲ့ သုံးကြပါတယ်။ ဥပမာ စပိန်မှာဆောက်လုပ်တဲ့ လေယာဉ်ကွင်းအတော်များများဟာ ဆင်ဖြူတော်စာရင်းဝင်ကြတယ်။ မဒရစ်တောင်ဖက်က Ciudad Real Airport လေဆိပ်။ မြောက်အမေရိကမှာ အကြီးဆုံး Montréal-Mirabel International Airport လေဆိပ်။ Lambert-St. Louis International Airport runway လေဆိပ်ပြေးလမ်း။ ဒုတိယကမ္ဘာစစ်တုံးက ဂျပန် Yamato စစ်သင်္ဘော။ အဲလို ခေတ်သစ်ဆင်ဖြူတော်စာရင်းက အရှည်ကြီးရှိပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ ထိုင်းစစ်ပွဲမှာ ရဲရဲတောက်တိုက်နိုင်တဲ့ ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။ ဆင်ဝန်တွေက ဆင်ဖြူတော်အင်္ဂါ ပါမပါ စစ်ဆေးပေမဲ့ တစ်ခုမှ မတွေ့လို့ အခက်တွေ့နေကြတယ်။ နောက်ဆုံးမှာ ဦးပေါ်ဦးကို အကူအညီတောင်းကြရတယ်။ နောက်နေ့ မနက်ခင်းမှာ ဘုရင်က သူ့ဘုန်းတန်ခိုးအရပေါ်တဲ့ ဆင်ဖြူတော်ကို လာပြီးရူစားတော့တယ်။ ဆင်ဝန်ကို ဆင်ဖြူတော်အင်္ဂါပါလား မေးပါတယ်။ ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး မင်းလျှောက်တင်စမ်းဆိုတော့၊ ပေါ်ဦးက ဆင်မည်းကို သေချာလှည့်ပတ်ကြည့်ဟန်ပြုပြီး ဘုရင်ကို မှန်လှပါ ဆင်အမျိုးမှာ ကာဠဝကဆင်၊ ဂင်္ဂေယျဆင်၊ ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင်ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ။ ဟေမဆင်မျိုးမှာ နောက်နှစ်ပေါင်း ၆ဝ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါလို့ လျှောက်တင်လိုက်ပါသတဲ့။

အခု (၅) နှစ် (၁ဝ) နှစ်လောက်တော့ရှိပြီ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး