America အမေရိကား ဘာများမှတ်သလည်း
ဒီဆေးပါဆရာ။ ကျွန်မအစ်မက သောက်ချင်တယ်ဆိုလို့ ဒါမျိုးတွေသောက်ရင် စိတ်ချရမရ သိပါရစေရှင့်။ ယိုးဒယားက ဆေးတွေတော့ ဆရာ recommand မလုပ်ဘူးလို့ရေးထားတာဖတ်ဖူးပါတယ်။ ဒါက အမေရိကန်ထုတ်မို့ မေးကြည့်တာပါရှင့်။
အမေရိကားဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ကြော်ငြာဆေးတွေက အများကြီး။ စီးပွါးရေးလုပ်ငန်းအကြီးစားဖြစ်ပါတယ်။
High Up-Calcium USA အရပ်ရှည်ဆေးဆိုတာလည်း မထူးဘူး။ ကြော်ငြာဆေး။ ဆေးသောက်သူလည်းအရပ်မရှည် ဖြေရသူလည်း စိတ်မရှည်ပါ။
FDA ခွင့်ပြုချက်လည်းပါအုန်းမယ်။ Food supplement and vitamin အစားအသောက်နဲ့အားဆေးလို့ ဆေးအမျိုးအစား လုပ်ထားရင် FDA က ခွင့်ပြုချက်ရဘို့မလိုပါ။ FDA ကန့်ကွက်ချက်မပါတိုင်း ကောင်းတယ်လို့ မပြောနိုင်ပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးမှာ အများလေးစားတဲ့ ဆေးသုတေသနမရှိကြပါ။ အွန်လိုင်းမှာ ကောင်းပါတယ်လို့ ကွန်မင့်တွေကတော့ မဖတ်ချင်အဆုံး တွေ့ရပါမယ်။ ဆေးထုပ်ပိုပုံးကလည်း ဝယ်ချင်စရာ၊ ကြော်ငြာမြင်တာနဲ့ ပုံထဲက မော်ဒယ်လိုဖြစ်ချင်စရာ။ သဘောပဲဗျာ။ စိတ်ကသက်သာရာရသွားလည်း ကောင်းတာပါပဲ။
Pharmaceutical marketing ဆေးဝါးဈေးကွက်လုပ်ငန်းအတွက် ဆေးကုမ္ပဏီတွေက ငွေတွေအများကြီးသုံးကြပါတယ်။ ဥပမာ ကနေဒါမှာ ၂ဝဝ၄ တုံးက ၁့၇ ဘီလီယန်။ ၂ဝဝ၂ တုံးက အမေရိကမှာ ၂၁ ဘီလီယန်ဒေါ်လာ။ ၂ဝဝ၅ တုံးက အမေရိကားမှာ ၂၉့၉ ကနေ ၅၇ ဘီလီယန်ဒေါ်လာလို့မှန်းဆရပါတယ်။ အဲတာကို ခွဲခြမ်းလိုက်ရင် ၅၆% က အခမဲ့ (ဆင်ပယ်လ်) ပေးတာအတွက်သုံးတယ်။ ၂၅% က ဆေးရောင်းတာ။ ၁၂့၅% က ဆေးဝယ်သူတွေဆီ ကြော်ငြာပြီးရောင်းချတာ။ ၄% က ဆေးရုံတွေ၊ ၂% က ဂျာနယ်ကြော်ငြာနည်းနဲ့ရောင်းချခဲ့တာ။ အဲတာက ဆေးပညာရှင်တွေအတွက်သာဖြစ်တယ်။
Direct-to-consumer advertising (DTC advertising) စားသုံးသူဆီတိုက်ရိုက်ကြောငြာခြင်းလို့ ခေါ်တာလည်း ရှိသေးတယ်။ စားသုံးသူတွေဆီကို အဲလိုရောင်းချလို့ရငွေဟာ ၃၄့၃% တက်လာတယ်။ ဆရာဝန်လက်မှတ်နဲ့ ရောင်းချရငွေကတော့ ၅့၁% သာ တက်လာခဲ့ပါတယ်။ ဆေးကုမ္ပဏီတွေဟာ ဆေးသုတေသနထက် ဒီနည်းအတွက် ငွေပိုသုံးကြတယ်။
ပုံကိုတော့ မြန်မာပြည်ကလိပ်စာပါနေတော့ သူများစီးပွါးရေးဖြစ်လို့ မသုံးပါ။ ဂူဂယ်လ်ကပုံသာသုံးပါမယ်။
ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၆

Comments
Post a Comment