Saturday, February 20, 2016

Aphasia (2) စကားမပီသတဲ့ရောဂါ

ဆရာ သမီးအသက်၂၉ နှစ်ပါ။ ကိုယ်ဝန် ၆ ပတ်မှာ ခလေးမယူချင်သေးလို့ ဆေးသုံးပြီးဖျက်ချလိုက်ပါတယ်။ ဒါပေမဲ့ ဖျက်ချပြီးမှ သွေးတွေဆင်းပြီး ဖျားတာတော်တော်ကြာပါတယ်။ အဲတာနဲ့ သအိမ် ချစ်ရမယ်ထင်ပြီး သွားချစ်လိုက်ပါတယ်။ ဆရာဝန်ကလည်း ဘာမှမပြောဘဲ ချစ်လိုက်ဆိုတော့ချစ်လိုက်တယ်။ သအိမ်ချစ်ပြီးနောက်ပိုင်းမှာလည်း သွေးတွေ ဆက်ဆင်းတာ မရပ်ဘူး။ ဗိုက်လည်းနာတယ်။ ဆီးတွေလည်း ခနခနသွားချင်တယ်။ ဘယ်လိုလုပ်ရမလည်းဆရာ။ တစ်လလောက်ရှိပါပြီ။

(ကလေး) လို့ရေးရတယ်။ (ခြစ်) လို့ရေးရတယ်။ (သားအိမ်) လို့ ရေးရတယ်။ (ခဏခဏ) လို့ရေးရပါတယ်။

စောစောကလည်း တယောက်က (ပီ) နဲ့ (ပီး) လို့ရေးတယ်။ (ပြီ) နဲ့ (ပြီး) လို့သာရေးရတယ်။ စကားမပီသတာကို နားထောင်ရသလိုပဲ။

Aphasia (အဖေးဇီးယား) ဆိုတာ စကားမပီသတဲ့ရောဂါဖြစ်တယ်။ ဦးနှောက်မှာစကားပြောတာကိုထိန်းချုပ်တဲ့နေရာမှာ ချို့ယွင်းနေလို့ဖြစ်ရတယ်။ ပြောတာရော ရေးတာပါမမှန်ကြဘူး။ လူကြီးတွေမှာပိုဖြစ်တယ်။ အထူးသဖြင့် (ဆထုပ်) ဦးနှောက်သွေးကြောရောဂါခံစားရပြီးရင်ဖြစ်တယ်။ ဦးနှောက်အကျိတ်၊ ခေါင်းထိခိုက်မိတာနဲ့ (ဒီမင်းရှား) ရောဂါ ရသူတွေမှာလည်းဖြစ်ကြတယ်။

အမျိုးအစား (၄) မျိုးရှိတယ်။
၁။ Expressive aphasia = ဘာပြောမယ်တော့သိနေတယ်။ ပြောဇို့ခက်နေတယ်။
၂။ Receptive aphasia = ပြောတာကိုကြားတယ်။ ရေးထားတာကိုဖတ်နိုင်တယ်။ ဒါပေမယ့် စကားလုံးကို အာရုံမယူနိုင်ဘူး။
၃။ Anomic aphasia = အရာဝတ္တု၊ နေရာ နဲ့ အဖြစ်အပျက်တွေကို ဘယ်လုံးသုံးစွဲရမလဲမှာ ခက်ခဲနေတယ်။
၎။ Global aphasia = စကားကိုမပြောနိုင်ပါ။ စကားကိုလည်းနားမလည်ပါ။ စာလည်းမရေးနိုင်ပါ။

စကားမပီသူတွေကို ယဉ်ကျေးမှုအရ ကဲ့ရယ်တာမျိုးမလုပ်အပ်ပါ။ ဝဋ်လိုက်တတ်တယ်လို့ လူကြီးတွေက ဆုံးမကြတယ်။ စကားပီသူတွေက ပီအောင်မပြောတာ၊ မရေးတာတွေကိုတော့ အပြစ်တင်ချင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကား ပျောက်မှာစိုးလို့။ ဝဋ်အမြဲ ငရဲအပလို့လည်းရှိတယ်။

မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုကို ချစ်တတ်ကြပါစေ။ မြန်မာစကား ပီသအောင်ပြောနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...