Mosquito bite ခြင်ဆေးဆရာဝန် ခြင်ကိုက်ခံရခြင်း

ခြင်နှိမ်နင်းရေးစာကိုတင်တော့ ဗီတာမင်ဘီ-၁ နဲ့ အဆင်ပြေသူတွေက ပြေကြောင်းပြောကြတယ်။ ကျွန်တော့်ကို ခြင်ဆေးဆရာဝန်လို့ နာမည်ပေးသူကပေးကြတယ်။ မေတ္တာစာပို့တာတော့ အခုပဲရပါတယ်။ သိအောင်ပို့ပေးသူကို ကျေးဇူးတင်ပါတယ်။

ဆရာရှင့် သမီးက မေးခွန်းမေးမှာမဟုတ်လို့ အသက်ကိုမပြောတော့ပါဘူးရှင့်။ အခု Facebook မှာ ဒေါက်တာတင့်ဆွေပြောတဲ့ ခြင်ဆေးနည်းဆိုပြီး လူတွေတော်တော်များများ share လုပ်နေကျပါတယ်။ ဆေးနည်းကတော့ ရေသန့်ထဲမှာ ဘားပလက်ထည့်ပြီး ထားတဲ့နည်းပါရှင့် အဲ့ဒီ့နည်းကြောင့်လူတွေ ဘားပလပ် အဝယ်များပြီး ဈေးတက်ကုန်ပြီလို့ဖွထားကျပါတယ်။ ဆရာ့စာတွေကိုအမြဲဖတ်ပါတယ်။ သမီးကတော့ ဆရာနည်းလို့မထင်ပါဘူးရှင့်။ တင်ထားတာလဲ မတွေ့ပါဘူး။ တချို့ကလဲ တကယ်ခြင်မပြေးပါဘူးဆိုပြီး အပုတ်ချတယ်။ တချို့ကလဲပြေးတယ်ဆိုပြီးဖွကျတယ်။ ဘာရယ်မဟုတ်ပါဘူး။ သမီးက သိစေချင်ရုံသက်သက်ဖြင့်ပြောတာပါ။ ဆရာ ကျန်းခန့်သာလို့ မာပါစေ။

ပို့ပေးတဲ့စာထဲမှာ့
- တိုင်းတပါးရောက်ဖူးတာနဲ့ ကိုယ့်တိုင်းပြည်အထင်သေးစကားတွေပြောပြီး နှိမ့်ချစော်ကား နေကြတာတွေတွေ့တော့ ဝမ်းနည်းခံပြင်းစရာကောင်းလှပါတယ်လို့ပါတယ်။
- ဘယ်အစိုးရတက်တက် ဆင်းရဲနေဦးမှာပါပဲလည်း နိုင်ငံရေးပါတယ်။

ပို့စ်ကို ရေးသားသူက (ယဉ် သင်း အိ) လို့ဖြစ်ပေမယ့် ကျွန်တော်လို့ရေးတာမို့ အမျိုးသားဖြစ်ပုံရတယ်။ ကျွန်တော် ပြည်တွင်းမှာမနေတာလည်းသိပုံရတယ်။ ဒါပေမယ့် ကျွန်တော့်စာကို သေချာမဖတ်ပဲ ရေးလိုက်တာတော့ သေချာတယ်။ အရေးအသားက မီဒီယာအဆင့်ရှိတယ်။ ပြစ်ပြစ်နှစ်နှစ်ရှိတယ်။ ပက်ပက်စက်စက်နိုင်တယ်။

ကျွန်တော်ရေးတာက ဖေ့စ်ဘွတ်မှာတင်ထားတာကို ဆေးပညာအရ ဆန်းစစ်ထောက်ပြတာဖြစ်ပါတယ်။ ကျွန်တော် ရေးခဲ့တာက -

(ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ဗီတာမင်ဘီဝမ်းဆေးပြား၊ ရေသန့်တခွက်နှင့် ဗူးခွံအလွတ်တလုံးကို ပြင်ဆင်ထားပါ။ ရေသန့်ကိုဗူးခွံထဲသို့ သွန်ထည့်လိုက်ပြီး ဗီတာမင်ဘီဝမ်းဆေးပြာကို ရေနှင့် ၁:၁ဝဝ တနည်းအားဖြင့် ၅ဝ ml ရှိသော ရေထဲကို ဗီတာမင်ဘီဝမ်း ၅ ပြားထည့်၍ အကုန်လုံးပျော်ဝင်သွားအောင်လူပ်ခါပေးလျှင်ရပါပြီ။ ဗီတာမင်ဘီဝမ်းရှိ အနံ့သည် ခြင်တွေမနှစ်သက်သောကြောင့် ခြင်လာမကပ်တော့ဘဲ အန္တရာယ်လည်းကင်းဝေးစေပါတယ်။ ဆေးရည်သည် အနည်းဆုံး ၇ နာရီလောက် ကာကွယ်ပေးနိုင်သည်တဲ့။ ဆေးသိပ္ပံနည်းကျတာတွေဆက်ဖတ်ပါ။ Vitamin B1 (Thiamin) ဗီတာမင် ဘီဝမ်းကို ခြင်ဆေးအဖြစ်သုံးကြတာကြာပြီ။ အနံ့ကနေခြင်တွေကို မလာစေတာဖြစ်တယ်။ ဘယ်လိုက ဘယ်လိုဆိုတာ သိပ္ပံနည်းနဲ့သက်သေမပြနိုင်ပါ။)

စာထဲမှာ ခြင်နှိမ်နင်းရေးနည်းတွေ အများကြီးပါတယ်။ လင်းနို့၊ ထပ်တရာပန်း၊ ပုစဉ်းကောင်၊ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါ အကြည်ဆီနဲ့ သံလွင်ဆီအရော၊ Catnip oil ဆီ၊ လိမ်မော်ယူကလစ်နည်းတွေ။ ခြင်ကိုက်ခံရရင် ရှားစောင်းလက်ပတ်၊ သစ်ကြံပိုး၊ သခွါးသီး၊ လီဗင်ဒါအမွှေး၊ တမာဆီ၊ လက်ဖက်ဆီ၊ ပင်စိမ်း၊ မြန်မာလိုမသိ (၃) မျိုး၊ မုန့်ဖုတ်ဆော်ဒါ။ ကလေးငယ်လေးတွေအတွက်ခြင်ဆေးတွေ။

ကျွန်တော် ဘီဝမ်းဆေးပြား ကြော်ငြာတာမဟုတ်ပါ။ ဘီဝမ်းကို အစလေးမှာသာရေးပါတယ်။ အဲတာကိုသာ လုပ်ကြပေတော့ဗျာလို့ မရေးပါ။ နိုင်ငံခြားနည်းတွေကသာ ကောင်းတယ်လို့လည်းမရေးပါ။ ကျွန်တော့်ကိုကိုက်တဲ့ အဲလိုခြင်မျိုးက ကျွန်တော်တို့ တိုင်းပြည်မှာသာရှိသလား မပြောတတ်ပါ။

အဲဒီ (ယဉ် သင်း အိ) ဖေ့စ်ဘွတ်ကို ရှာဖတ်ပါတယ်။ About မှာ ဘာမှရေးမထားပါ။ ဗုဒ္ဓဘာသာပို့စ်တွေ ခပ်များများ တွေ့တယ်။ NLD ကိုအပုတ်ချစာတွေ့ပါတယ်။ အမတ်တွေလစာထဲက ၂၅% ဖြတ်မှာကို အပြစ်ဆိုထားတယ်။ သူ့ကို ဘလော့လုပ်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)