This Woman is Fighting Stage-4 Metastatic Breast Cancer ရင်သားကင်ဆာ အဆင့်လေးရှိတဲ့သူ
ပုံထဲက Danielle Smit (ဒန်နေးလ်စမစ်) ဟာ မော်ဒယ်မဟုတ်ပါ။ ရင်သားကင်ဆာ အဆင့် (၄) ရှိနေတဲ့ လူနာတယောက် ဖြစ်ပါတယ်။ သူ့ရောဂါကို ၂ဝ၁၄ ခု အေပြီလမှာစသိခဲ့တယ်။ ဆရာဝန်တွေက ၂ နှစ်သာ အသက်ရှင်နိုင်တယ်လို့ မှန်းဆခဲ့ပါတယ်။ အခုထိ ရှင်နေဆဲ၊ လှနေဆဲပါ။
(ဒန်နေးလ်) ဟာ စိတ်ဓါတ်ကျပြီး သေရမယ့်ရက်ကိုလက်ချိုးရေတွက်မနေခဲ့ပါ။ အစွမ်းနိုင်ဆုံး ကင်ဆာကို တွန်းလှန်ခုခံဘို့ ဆုံးဖြတ်ပြီး လုပ်နေခဲ့ပါတယ်။ သူကိုအင်တာဗျူးလုပ်သူက အမျိုးသမီးတယောက်ဟာ လှပနေအဘို့က အလွန်တရာ အရေးပါတယ်လို့ ကောက်ချက်ချပါတယ်။ အလှကနေ စွမ်းအင်တွေရမယ်။ အသက်ရှင်နေမယ်။ ယုံကြည်စိတ်ရှိမယ်။ နေပျော်မယ်။
လူ့ဘဝဒဏ်ရာတွေကို ရင်ဆိုင်နေကြရတဲ့ အမျိုးသမီးတွေ အလှဗေဒဆိုတာ အသက်အရွယ်၊ အသားရောင်၊ ကိုယ်ခန္ဓာ အရွယ်အစား၊ လူမျိုးအမျိုးမျိုးတွေအတွက် အမျိုးမျိုးရှိပါတယ်။ လှနေတယ်လို့ထင်မှတ်ခြင်းကိုက လှနေတာပါပဲ။ ကင်ဆာလို ဝေဒနာကနေ အဲလိုအလှကို မြန်မြန်ဆန်ဆန်ဆွဲထုတ်ပြစ်ပါတယ်။ ဆံပင်၊ မျက်လုံး၊ မျက်ခုံး၊ မျက်တောင်၊ ရင်သားအလှတွေကို ဖယ်ရှားပြစ်တယ်။ လူ့ဘဝဆိုတာတိုတောင်းလွန်းလို့ အဲလိုကိုယ့်ကိုယ်ကိုမုန်းတီးနေမှုကို ဆုပ်ကိုင်မထားသင့်ကြပါ။
(မာလိမ်း ဇယ်လက်ဖ်နစ်) နဲ့ (ဘာ့သ်ဆန်းဒါးစ်) တို့ကနေ စီမံချက်တခု လုပ်ကြပါတယ်။ တန်ဖိုးရှိခြင်း ပရောဂျက်လို့ ခေါ်တယ်။ ကိုယ်ခန္ဓာသင်တန်းနဲ့ ဓါတ်ပုံ အနုပညာပါတယ်။ ကိုယ်ခန္ဓာရုပ်သွင် အမြဲလှနေစေဘို့ဖြစ်ပါတယ်။ (ဒန်နေးလ်) အတွက် အခမဲ့လုပ်ပေးကြတယ်။
(ဒန်နေးလ်) ဟာ စိတ်ကိုလည်း ထိန်းနိုင်အောင်ကြိုးစားတယ်။ သူ့မှာ (၁၈) နှစ်အရွယ် သမီးတယောက်လည်းရှိတယ်။ သူဟာ သဘာဝဆေးပညာကို သင်ယူနေသူလည်းဖြစ်တယ်။
ကျမမှာ ကျမမပိုင်ချင်တဲ့ ကင်ဆာရှိနေပါတယ်လို့ ဘယ်တော့မှ မပြောပါ။ ကျမမှာ ကင်ဆာလို့ ရောဂါအမည် တပ်ခံထားရတယ်။ ကျမရဲ့ကင်ဆာလို့ပြောတာကို ကြားရမှာမဟုတ်ပါ။ အဲဒီနေ့ကတည်းက ၂ နှစ်အတွင်း ကင်ဆာမရှိဘူးလို့သာ အမြဲစဉ်းစားပါတယ်။ ကျမ အသက်ဆက်ရှင်နေမယ်။ ရှေ့သို့ကို အမြဲမျှော်တွေးတယ်။
ကျမ သက်သတ်လွတ်စားသူဖြစ်လာတယ်။ အရက်ဖြတ်တယ်။ သကြားနဲ့ ကေဖင်းဖြတ်တယ်။ (ဒိုင်းယက်) သမား (အစာကိုသတိထားပြီး စနစ်တကျစားသူ) ဖြစ်လာတယ်။ သဘာဝဆေးနည်းတွေကြံဆတယ်။ ကျမရင်သားထဲက အကျိတ်ကအတော်ကြီးလို နာလည်းနာတယ်။ (ခီမိုသာရာပီ) က အကောင်းဆုံးလို့ယူဆတယ်။
ကျမ သွားလေရာယူနေကြအိတ်မှာ ကင်ဆာဆေးထုပ်မှာ ငါ့ရဲ့ အသက်ကယ်ဆေး၊ အချစ်နဲ့ ပျောက်ကင်း ချမ်းသာမှုလို့ စာကပ်ထားတယ်။ ဆေးကို အဆိပ်တွေလို့မြင်မကြည့်ပါ။ ကျမခန္ဓာထဲကဝေဒနာကို ကုသပေးစရာလို့သာ မြင်ပါတယ်။
(ခီမိုသာရာပီ) ပြီးဆုံးတဲ့အခါ ကျမရင်သားထဲက အကျိတ်အရွယ်အစား သေးသွားတယ်။ ရင်သားတဖက်တည်းလို ဖြစ်သွားတာကို ကျမ မနေတတ်ပါ။ ကျမ ကံကောင်းတာက ရင်သားဖြတ်မထုတ်လိုက်ရဘူး။ ဒါပေမယ့် ထုတ်ပြစ်လိုက်ရသလိုပါပဲ။ ကျမဆံပင်တွေ ကျွတ်ပါတယ်။
ကျမ စိတ်ထဲဖြစ်လာတာတွေအကုန်ချရေးတယ်။ စာကိုခေါက်ပြီး ကျွတ်ကျတဲ့ဆံပင်တွေနဲ့အတူ သိမ်းထားပါတယ်။
ဒိနောက်မှာ ကျမတခုခုကိုဆုံးဖြတ်ရမယ်လို့ နားလည်လာတယ်။ အမြတ်အစွန်းမယူတဲ့အဖွဲ့တခု ထူထောင်ပါတယ်။ လူငယ်တွေက အားကျစေလို့ပါ။ ကိုယ်ကိုယ်ကို ချစ်တတ်အောင်ပါ။ ကိုယ့်တန်ဘိုးကို သိဘို့ပါ။
နေစရာအိမ်မဲ့သူတွေကွန်မြူနတီကိုတွေ့ပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား ရှိသူတွေပါ။ မြင်းတွေလည်းရှိတယ်။ ရံပုံငွေရအောင်ရှာတယ်။ ဒေသခံတွေကိုစကားပြောတယ်။ အဝတ်အစားနဲ့ရော ကိုယ်လုံးတီးပါ ဓါတ်ပုံတွေရိုက်ကြတယ်။ မိန်းမတွေ ကိုယ့်ကိုယ်ခန္ဓာကို ချစ်တတ်လာစေဘို့ပါ။
ဒီစာကို ကင်ဆာဝေဒနာခံစားနေကြတဲ့ မြန်မာအမျိုးသမီးကြီးငယ်တွေအတွက်ရည်စူပြီး အလေးအနက်ရေးသားပါတယ်။ ကင်ဆာဘေးက ကင်းဝေးလွန်မြောက်ကြပါစေ။ လှမြဲတိုင်းသာ လှနေကြပါစေ။
ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၆

Comments
Post a Comment