တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ (၅၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများ

သက္ကရာဇ်(၂ဝဝဝ) ဖေဖေါ်ဝါရီလ (၁၂)ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံဟူသည် ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေးအတွက် မတူကွဲပြားမှု အပေါ်တွင် ညီညွတ်ရေးဖေါ်ထုတ်ရန်လိုပါသည်။ ထိုကဲ့သို့ မတူညီမှုအပေါ်တွင် ညီညွတ်ရေး တည်ဆောက်ရန် အဓိကလိုအပ်ချက်မှာ အချင်းချင်းအကြား ယုံကြည် လေးစားမှုနှင့် နားလည်မှုရှိခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗမာအမျိုးသား ခေါင်းဆောင်များအကြား ယုံကြည်လေးစားမှု၊ နားလည်မှုများ ရယူခြင်းဖြင့် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရန် အခြေခံအုတ်မြစ်ဟုခေါ်ရမည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင်လုံစိတ်ဓာတ်၏အခြေခံဖြစ်သော အချင်းချင်း ယုံကြည်လေးစားမှုနှင့် နားလည်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်ပြည်ထောင်စုသားအားလုံးကြိုးပမ်းကြရပါမည်။

(၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ဝေသော ဤစာအုပ်ငယ်တွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားအသီးသီးတို့ ရေးသား ပြုစုသော စာတမ်းများကို စုဆောင်းထားပါသည်။ တိုတောင်းသော အချိန် ကာလအတွင်း ဤစာတမ်းများကို စုဆောင်းရသဖြင့် ကချင်တိုင်းရင်းသား များထံမှစာတမ်းမရယူနိုင်ခဲ့ခြင်းကို ဝမ်းနည်းမိပါသည်။ သို့သော်လည်း ယခု ရရှိစုဆောင်းထားသော စာတမ်းများကို ဖတ်ရှုခြင်းအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေး မျှော်မှန်းချက်များနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့အပြင် တရားသောပြဌာန်းချက်များ၏ အကာအကွယ်မရှိသော လူသားတို့၏ ခံစားချက်များကိုနားလည် သဘောပေါက်နိုင်ရန် လမ်းပွင့်သွားစေသကဲ့သို့ ဖြစ်မည်ဟုယုံကြည်ပါသည်။

ပြည်ထောင်စုအတွင်း နေထိုင်ရှင်သန်နေကြရသော တိုင်းရင်းသားများ၏ ပြောင်မြောက်သောသမိုင်းကို လေ့လာခြင်းဖြင့် လူများစု၊ လူနည်းစု မဟူ အချင်းချင်းအကြားအပြန်အလှန် ဂုဏ်ယူလေးစားဖွယ်ရာ များစွာရှိ ကြောင်းကို သိရှိနိုင်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းရာတွင် လူများစုဗမာများနည်းတူလူနည်းစုတိုင်းရင်းသားများ၏ တက်ကြွသောတိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်များသည်လည်း အရေးပါလှကြောင်း၊ ထင်ရှားပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေး မျှော်မှန်းချက်များကို လေ့လာလျှင် ၄င်းတို့ သည် ဆင်ခြင်တုံတရားပေါ် အခြေခံပြီး တိုင်းရင်းသားများ၏ ပထဝီအနေ အထား၊ လူမျိုးအနေအထားအရ လိုအပ်ချက်များနှင့် လျော်ကန်သင့်မြတ် ကြောင်းကို နားလည်နိုင်ပါသည်။
ကိုလိုနီအုပ်ချုပ်ရေးခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ်များအတွင်း ပြည်ထောင်စုတိုင်းရင်းသားများ ကျော်ဖြတ်ခဲ့ရသော စိတ်နှလုံးမချမ်းမြေ့ဖွယ် ရာအတွေ့အကြုံများသည် ကျမတို့တနိုင်ငံလုံးအတွက် ရင်နင့်စရာပင်ဖြစ်ပါသည်။ အချင်းချင်း စိတ်ဝမ်းကွဲမှုများ၊ အုပ်ချုပ်သောအစိုးရများ၏ တရားမျှ တမှု၊ စာနာမှုကင်းမဲ့သော အပြုအမှုများ၊ လက်နက်ကိုင် ပုန်ကန်ထကြွသည် အထိရောက်ခဲ့ရသော နိုင်ငံရေးóကးပမ်းမှုနှင့် သဘာဝအားဖြင့် ကြွယ်ဝသော ပတ်ဝန်းကျင်အတွင်း ဆင်းရဲနွမ်းပါး၍ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ နစ်နာမှုများခံရခြင်းသည် ကျမတို့နိုင်ငံကို လွန်စွာမှ အကျည်းတန်စေပါသည်။ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်ရခြင်းမှာ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးခြင်းကြောင့်ပင်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည် အဘယ်နည်း၊ မည်ကဲ့သို့ တည် ဆောက်ရမည်နည်း ဟူသော မေးခွန်းများ၏ အဖြေကို ယခု (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေလိုက်သည့် တိုင်းရင်းသားများကိုယ်တိုင် ရေးသားထားသော ဆောင်းပါးများအတွင်းမှာ ရှာစေချင်ပါသည်။

ပြည်ထောင်စုသားများအကြား နားလည်မှုတိုးပွားစေရန် ရည်ရွယ်၍ ရေးသားပေးခဲ့သော ဆောင်းပါးရှင်များကို ပင်လုံစိတ်ဓာတ် ရှင်သန်စေသူများအဖြစ် ဂုဏ်ပြုလိုက်ပါသည်။   ။

အောင်ဆန်းစုကြည်
(အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး