Personalized medicine တဦးချင်းပေးတဲ့ဆေး (သို့) တဦးချင်းပေးတဲ့သတ်ပုံ
ကျွန်တော့်ပို့စ်တခု = Tit or Ta အနန္တသူရိယ မှားသလား
ကွန်မင့်တခု = Ngwe Soe ဆရာ အဲ့ဒီ ပို့စ်ကိုတင်တာ ကျွန်တော်ပါ။ ကျွန်တော်လည်း အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ စာအုပ်ထဲကစာ၊ သမိုင်းကြောင်းကို ကြိုက်လွန်းလို့ တင်ပေးတာပါ။ "တစ်" နဲ့ "တ" ပြဿနာကြောင့်ပဲ ရေးတင်သူကျွန်တော်ကပဲ နေဝင်းနောက်လိုက်ဖြစ်ရမတဲ့လား။ ဆရာတို့ ပညာသင်ကြားတဲ့နှစ်မှာ ကျွန်တော်တို့ မမွေးဖွားသည်ပဲထားပါဦး၊ ကျွန်တော်တို့နှစ်မှာတော့ အဲ့ဂလို ဂဏာန်း "တ" ကို "တစ်" ပြောင်းလိုက်တာဟာ နေဝင်းကြောင့်ပဲ ပြောင်းပြောင်း၊ စောမောင်၊ သန်းရွှေကြောင့်ပဲပြောင်းပြောင်း ကျွန်တော်တို့ကို သူတို့နောက်လိုက်လို့ ပြောစရာ မလိုပါဘူးဆရာ။ သမိုင်းအရ စကားလုံး ပြောင်းလဲလာမှုကို ဆရာမနှစ်သက်ရင်၊ မကြိုက်ရင် ဆရာအနေနဲ့ ဆရာဝန်မလုပ်ဘဲ၊ မြန်မာစာပါမောက္ခသာလုပ်ပြီး "တစ်"ကို "တ" ဖြစ်အောင် ပြောင်းလဲပေးဖို့ အကြံပေးပါရစေဆရာ ။ လွန်တာရှိရင် ဝန္ဒာမိပါဆရာ။
ဟုတ့့် ဆောရီး။ ကျွန်တော် ပြောပြီးသားစကား၊ ရေးပြီးသားစာမှန်သမျှတော့ လိုက်ပြင်လည်း ထူးမှာတော့မဟုတ်ပါ။
အမျိုးသားပညာဝန်ဦးဖိုးကျားအကြောင်း ၂-၃ ကြိမ်ရေးပြီးပါပြီ။ မူရင်းစွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ “အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့” ပါတယ်။ “ခေါင်းဆောင်ကြီးတစ်ဦး”၊ “ပုဂ္ဂိုလ်တစ်ဦး” လို့မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ အမျိုးသားပညာဝန်ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ “တိုင်တစ်ရာ” ဖြစ်သွားရတော့တယ်။
အသက်ကြီးလာလေလေ ကုသပေးရတဲ့လူနာတွေက များလာလေလေ။ မေးတာတွေ ဖြေရပေးရတာတွေလည်း များများလာတယ်။ ရောဂါကုထုံး၊ ကာကွယ်နည်းတွေကတော့ ဆရာဝန်ဖြစ်ကာစထက် ပိုများပေမယ့် လူနာအရေအတွက် များတာနဲ့တော့ အချိုးမမျှပါ။ အဲတော့ ဆေးပေးနည်း၊ ကာကွယ်နည်းတွေက ၁၉၇ဝ ကျော်ကတည်းကသုံးခဲ့တာတွေက အလွန်များတယ်။ ဒီကြားထဲမှာ အစိုးရတွေပြောင်းပါတယ်။ ဆေးနည်းတွေလိုက်မပြောင်းပါ။
ရောဂါတူလူနာတွေကိုပေးရတဲ့ဆေးက အမျိုးအစားတူတယ်။ ဒါပေမယ့် လူနာကိုပြောရမှာရတာ စကားလုံးတူတိုင်း အလုပ်မဖြစ်တာ တွေ့ရတယ်။ တချို့က ခင်များ အပျော်အပါးလိုက်စားလို့ဒီရောဂါရတယ်လို့ ပြောရင်မကြိုက်ကြပါ။ တချို့ကလည်း ဘာလို့ရောဂါရသလည်း စစ်စစ်ပေါက်ပေါက်သိချင်ကြတယ်။
အပြောမှာ စကားလုံးရွေးရတဲ့ပညာ ဆေးကျောင်းမှာ သင်ချိန်မရပါ။ စာအုပ်တွေဖတ်ဖို့ကလည်း အချိန်ရအုန်းမှ။ အဲတော့ လူနာ ၁ဝဝ လာရင် ၁ဝဝ လုံးနဲ့အဆင်ပြေရတယ်မရှိပါ။ ဆရာဝန်တွေပြောပေါက်ဆိုးတာ လူတိုင်းအသိပါ။ နင့်နင့်သီးသီး ပြောမိတတ်ကြတယ်။ တချို့ကလည်း ကရုဏာဒေါသလို့ နားလည်မှုဖက်ကပြောပေမယ့် ဆရာဝန်ဒေါသထွက်တာ ထွက်တာပါပဲ။
ခုနောက်ပိုင်းမှာ Personalized medicine model ဆိုပြီး လူနာတဦးချင်းအတွက် အကောင်းဆုံးထိရောက်တဲ့ဆေးကို အသေအချာရွေးပေးနည်းဆိုတာပေါ်လာတယ်။ Personalized medicine တဦးချင်းပေးတဲ့ဆေးကို Precision medicine တိကျဆေးလည်းခေါ်တယ်။ Stratified medicine အလွှာရွေးဆေး၊ P4 medicine ဆေးလို့လည်းခေါ်ပါတယ်။ အဲတာက ဆေးကုသနည်းပါ။
မြန်မာပြည်မှာ လူနာတဦးချင်း ဆေးပေးနည်းသာမကာ ဖေ့စ်ဘွတ်စာဖတ်သူတဦးချင်းအတွက် သီးသန့်စကား အသုံးအနှုန်းပေါ်ရင်ကောင်းမယ်လို့ ကနေ့မနက်မှာ အကြံဖြစ်ပေါ်လာပါကြောင်း။ ပညာပေးချင်သူတွေ ကံကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၆

Comments
Post a Comment