Burmese Food ပြည်တွင်းနေရ ကံကောင်းကြ၏

ဒေလီမှာနေရတုန်းက ငါးပိ၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ ဝက်အူတောင့်၊ ဆီတို့ဟူး၊ ထိုးမုန့်၊ လမုန့်၊ သနပ်ခါးတုံးကအစ သယ်ရောင်းသူရှိရင် ဝယ်လို့ရတယ်။ ငါးရံ့ခြောက်နဲ့ ငါးပုပ်ပြားတော့ မြန်မာပြည်ကနေ ဝယ်လာပေးသူရှိမှရတယ်။ ကန်စွန်းရွက်၊ ဗူးရွက်၊ ဖယုံရွက်၊ ဘောက်ရွက်တွေကို စိုက်ပြီးရောင်းလာကြပြီ။ တမာရွက်၊ ညောင်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီးစိမ်း၊ ပြည်ပန်းညို၊ ဦးသျှစ်ရွက်၊ သနပ်ရွက်တွေကတော့ ရှာခူးတတ်ရင်ရတယ်။

မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ကညွတ်၊ ကနဖေါ့ရွက်ကို နယ်စပ်က လူကြုံလာရင်ရနိုင်တယ်။ အင်ဥအပါအဝင် စည်သွပ်ဗူးတွေ ဝယ်လို့ရလာပါပြီ။ ထန်းပင်မြစ်၊ ပဲမြစ်၊ တင်းဝါး၊ ခေါပုပ်၊ ခွေးတောက်ရွက်၊ ဆူးပုပ်(လေး) ရွက်၊ ဇရစ်ဖူး၊ စဖြူဦးငါးပိ (မုံရွာ)၊ ရှားဆံ၊ သခွပ်ပွင့်၊ ထနှောင်းရွက်တွေကတော့ မမြင်ရတာကြာပြီ။ မြန်မာပြည်ထဲနေရတာ တခြားဟာတွေ မကောင်းလဲရှိပါစေ၊ စားစရာတွေမှာတော့ ကံကောင်းကြတယ်လို့သာ သဘောထားကြပါခင်ဗျား။

အခုနေရတဲ့အမေရိကားမှာတော့ အာရှဆိုင်တွေကများမှများ။ မြန်မာဆိုင်တွေကလည်းပေါမှပေါ။ ဒေလီတုံးကလိုတော့ ထွက်ခူး၊ တက်ခူးစရာတော့မရှိပါ။ မက်မောတဲ့အစာ စိုက်ရောင်းတာမရလည်း ဗူးနဲ့လာတာတွေရတယ်။ မနေ့တော့ ပုလင်းနဲ့လာတဲ့ မန်ကျည်းရွက်ကို ချက်စားကြတယ်။ စားနေရင်းလည်း ပြည်တွင်းကအမှတ်ရစရာတွေကို ပြောကြတာပေါ့။ အထဲနေကြသူတွေ မန်ကျည်းရွက် မန်ကျည်းပင်မြင်တိုင်း ကျွန်တော့်ကိုလည်း အမှတ်ရကြပါဗျာ။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၅
၁၃-၂-၂ဝ၁၆
ဓါတ်ပုံ = ၁၃-၃-၂ဝ၁၄ ဒေလီမှာနေစဉ်က မြန်မာပြည်ကရောက်လာတဲ့လက်ဆောင်တွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး