Thrush မှက္ခရုနာ

၁။ ဆရာရှင့် ကျွန်မ သမီးလေးက တနှစ်နဲ့ သုံးလထဲရောက်ပါပြီရှင့်။ ပြီးခဲ့ တနင်္ဂနွေက စပြီး ကိုယ်နည်းနည်း နွေးလို့ ဆေးခန်းပြခဲ့တယ်။ ပြီးတော့ သမီးလေးရဲ့ လျှာမှာ အဖြူဖတ် တွေဖြစ်နေတယ် အဲ့ဒါလည်း ဆေးခန်းပြခဲ့တယ်။ ပါရာစီတမော အရည်နဲ့ ပိုးသတ်ဆေး အမောက်စလင်ဆေးရည် သောက်ဖို့ပေးခဲ့တယ်ဆရာ။ ခု သမီးလေးရဲ့လျှာက အဖြူဖတ်က နည်းနည်းကျန်သေးတယ်။ ပျောက်အောင် ဘယ်ဆေးကောင်းမလဲဆရာ။ ကလေးက အရမ်း အစာကျွေးရင်လည်း မစားချင်ဘူး နို့လည်း ညဖက် အိပ်ခါနီးပဲသောက်တယ်။ နို့မှုန့်ဖျော်တိုက်တာလည်း မသောက် ဘာဆိုဘာမှ မစားလို့ ဆေးရုံကြီးမှာသွားပြတော့ သမီးလေးကို သွေးစစ်ကြတယ်။ သွေးလွန်တုပ်ကွေးတို့ ငှက်ဖျားတို့ စစ်တယ်။ အဲ့ဒါလည်း ဘာမှမရှိဘူးဆရာ။ အစာမစားချင်တာကြောင့် ပုလင်းချိတ်ပေးလိုက်တယ်။ ဆေးလည်း ပါရာစီတမောအရည်နဲ့ ပိုးသတ်ဆေး အမောက်စလင် အရည်တို့ပေးတယ်ဆရာ။ ဒါပေမဲ့ သမီးလေးက ဘာမှ အစာ မစားတော့ ကျွန်မ အရမ်းစိတ်ပူလို့ပါ။ ဆေးရုံကြီးက ဆရာဝန်ကတော့ အားဆေးလည်းတိုက်လို့ရတယ်ပြောတယ်။ အပီတွန် ကလေးအားဆေး တိုက်လို့ရပါသလားဆရာ။ ခုဆိုသမီးလေးက သွားဖုံးလည်း ရောင်နေတယ် သွားကလည်း အံသွားတောင်ပေါက်ချင်နေပြီ။ ခက်တာက သမီးလေးက အစာမစားချင်တာ ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ အကြံပေးလမ်းညွှန်ပေးပါဆရာရယ်။ လျှာပေါ်က အဖြူဖတ်တွေပျောပ်ဖို့နဲ့ သွားဖုံးဆရာင်တာပျောက်ဖို့ရယ် အစာ စားချင်စိတ် ဖြစ်အောင် ရယ် ဘာဆေးတွေကောင်းမလဲရှင့်။ အကြံပေးပါဦးရှင့် ဆရာ။

နေ့တိုင်းလိုလို မေးကြတယ်။ ပြန်တင်ထားတာ ၆ ရက်သာရှိသေးတယ်။ မေးခွန်းတွေကို နမူနာသာထည့်ပါမယ်။

၂။ ဆရာခင်ဗျာ ကျွန်တော့ကလေး အသက် ၄ လရှိပါပြီ။ သွားရည်ကျနေပါတယ်။ သူငယ်နာကြောင့်ဖြစ်တာပါလား။ ကျေးပြု၍ ဖြေကြားပေးပါခင်ဗျာ။ လေးစားစွာဖြင့်။

၃။ ဆရာ မင်္ဂလာပါရှင့် သမီးသားလေးက တနှစ် ကိုးလကျော်ပါ။ အခုသားလေးက ပါးစပ်မှာ အပူကန်နာနဲ့လျှာလေးကွဲနေပါတယ် နို့လဲမစို့နိုင် အစားလဲကောင်းကောင်းမစားနိုင်ဘူးဖြစ်နေပါတယ် ဆရာ။ သမီး သားလေးကို ဘယ်လိုပြုစုသင့်ပါသလဲဆရာ။ သမီးကိုနည်းလမ်းလေးညွန်ပြပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။

၎။ ဆရာရှင့် သမီးလေးက နှစ်နှစ် သုံးလပါရှင့်။ လျှာမှာ အကွက်ကွက်တွေက အမြဲလိုလိုဖြစ်နေပါတယ်။ ဆေးလိမ်း ဆေးသောက်လည်း ခဏဘဲ ပြန်ပြန်ဖြစ်တယ်။ အကွက်ကနေပြီး လျှာတပြင်လုံးဖြစ်တယ်။ အခုသမီးလေးက အစားကောင်းကောင်းမစားဘူး။ အားဆေးလည်းစုံနေပါပြီ။ ကလေးအထူးကုပြတော့လည်း သံချခိုင်းတယ်။ ချထားလည်း အစားမစားဘူး။ သမီးက နှစ်နှစ်သုံးလကို ပေါင် ၂၂ ပေါင်ဘဲရှိပါတယ်။ ဝိတ်လည်းမတတ်ဘူး။ ဘာလုပ်ပေးရမှန်းလည်း မသိတော့လို့ ဆရာ့ကို အကူညီတောင်းတာပါရှင့်။ သမီးလေးရောဂါရှိနေမှာစိတ်ပူလို့ပါရှင့်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ ပုံလိုအပ်ရင်ပို့ပါမယ်ရှင့်။

၅။ ဆရာခင်ဗျ ကျွန်တော့်အမ သမီးလေးအသက်က တနှစ်ခွဲပါ လျှာမှာ မှက်ခရုလို အဖြူလေးတွေ ဖြစ်နေတာ သုံးရက်လောက် ရှိပါပြီ။ သုံးရမယ့်ဆေးနည်းညွှန်းပေးပါဆရာ။ ဆေးရုံဆေးခန်းပြဖို့ လိုအပ်ပါသလားဗျ။

၆။ မက်ခရုက  ကလေးအတွက်အန္တရာယ်များရှိပါသလားဆရာ။ ရွာက ကျန်းမာရေးဆရာမတော့ မနက်ဖြန် ပြချေလို့ ပြောထားပါတယ်။ ဖြစ်နိုင်ရင် မက်ခရုအကြောင်းဖြစ်ဖြစ် ကလေးအတွက် အကြံတောင်းခံပါစေဆရာ။

၇။ ဆရာရှင့်မင်္ဂလာပါ။ ကျွန်မသမီးလေးက ၂၁-၁-၂ဝ၁၆ မှာ လေးလပြည့်မှာပါ။ အခုသမီးလေးက သွားရေတွေ အရမ်းကျနေလို့ အဲဒါဖြစ်တတ်တာလား။ ရောဂါတခုခုကြောင့်ဖြစ်တာလားဆိုတာ ရှင်းပြပေးပါဆရာ။

၈။ မင်္ဂလာပါဆရာ။ ကျွန်မသမီးက ၁၁ လ ရှိပါပြီဆရာ။ ကလေးလျှာမှာ အနီစက်တွေဖြစ်ပြီး ပါးစောင်မှာ အဖြူဖုတွေလို ဖြစ်နေပါတယ်ဆရာ။ ကလေးကတော့လန်းပါတယ် မငိုပါဘူး။ အစားတော့ အရင်ကလောက် မစားပါဘူး။ အရမ်း စိုးရိမ်နေလို့ ဘာလုပ်ရမယ်ဆိုတာ လမ်းညွန်ပေးစေခြင်ပါတယ်ဆရာ။

၉။ ကျမ သမီးက ၂ လနဲ့ ၂၃ ရက်ပါ။ သမီးလေးက လျှာဝါးနေပါတယ်။ ၂ ပတ်လောက်ရှိပါပြီ။ အရပ်ထဲက ကျားရိုးခွံ့ပါ သူငယ်ဆေးခွံပါလို့ တိုက်တွန်းနေပါတယ်။ လျှာဝါးတာ ဘာကြောင့်ဖြစ်တာပါလဲ။ သဘာဝကြောင့်လား ရောဂါတမျိုးလား ဆရာ။ ရောဂါဆို ဘယ်လိုကုသပေးရင် ပျောက်ကင်းနိုင်ပါသလဲ သိချင်ပါတယ်ဆရာ။

၁ဝ။ ရိုသေစွာဖြင့် စာရေးလိုက်ပါတယ်ဆရာ ကျွန်မ သမီးလေးက ၄လ ပြည့်ဖို့ ၁၀ရက်လိုပါသေးတယ်ရှင့် အခုတလော လျှာတွေအရမ်းဝါးနေလို့ပါ ဆရာ သွားရည်လည်းကျပြီး လျှာလည်း ခဏခဏ အပြင်ကို ထုတ်နေပါတယ်ရှင့် စိုးရိမ်ရပါသလားရှင့် ကျွန်မအမေက ကလေးကို သူငယ်နာဖြစ်ချင်နေတယ်ဆိုပြီး ဗမာဆေးတချို့ ခွံ့ခိုင်းနေလို့ပါ ဆရာ သမီးကို ဆေးခန်းပြသင့်ပါသလား ဘာဆေးတိုက်သင့်ပါသလဲ ကျေးဇူးပြုပြီး လမ်းည

၁၁။ အမည့့်၊ အသက် ၁ နှစ် ၂ လ၊ လိပ်စာ ရန်ကုန် (ယုဇန)၊ အကြောင်းအရာ ပါးစပ်အတွင်းမှ သွားရည်များ စီးကျနေပါ၍ လည်ပင်းနှင့် ရင်ဘတ်တွင် သွားရည်များစိုနေပါသည်။ နေ့လည်နှင့်ညနေပိုင်းတွင် အဖြစ်များပါသည်။ တခါတလေ သွားရည်များကိုမှုတ်ထုတ်ပါသည်။ ရောဂါဖြစ်နေသည်မှာ ၁ လခန့်ရှိပြီထင်ပါသည်။ ကျေးဇူးတင်ပါသည်ဆရာ။

ကလေးတွေပါးစပ်မှာဖြစ်တာ သူငယ်နာလို့ပြောကြတယ်။ အမှန်က ဖန်းဂတ်စ် ခေါ် မှိုပိုးကြောင့်သာဖြစ်တယ်။ မှိုပိုးတွေက နေရာတကာမှာရှိတာ ကလေးပါးစပ်ထဲကို ဝင်လာတယ်။ မိခင်နို့၊ နို့ဗူး၊ ရေနဲ့ ကစားစရာတွေကနေ ကူးစက်လာတယ်။ သွားရည်ကျမယ်။ လျှာထုတ်မယ်။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမှာ အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရခက်တယ်။ စားချင်စိတ်နည်းမယ်။

Thrush (Oral candidiasis) မှက္ခရုနာကို Moniliasis လို့လည်းခေါ်တယ်။ Candida Albicans ဖန်းဂတ်စ် ခေါ် မှို ဖြစ်တတ်ကြတယ်။ ကလေးငယ်တွေမှာ ပါးစပ်မှာဖြစ်ပြီး အမျိုးသမီးတွေမှာ မွေးဖွားလမ်းမှာဖြစ်တယ်။ ဆောရီး။ အလိုလိုပျောက်တာ များတယ်။ ပြန်ဖြစ်တယ်။

ဖန်းဂတ်စ်ပိုးက စိုထိုင်း + ပူနွေးတာကိုကြိုက်တယ်။ မိခင်နို့ကို စိုထိုင်းနေတာ မကောင်းပါ။ မိခင်နို့ကို ရိုးရိုးရေနဲ့ ရိုးရိုးဆပ်ပြာနဲ့ သန့်ရမယ်။ ကလေးချိုတိုက်ပြီးရင် ရေနဲ့ဆေးပါ။ ခြောက်မှသာ အတွင်းခံကိုဖုံးပါ။ ကလေးပါးစပ်ထဲ ထည့်စရာတွေ မကြာခဏဆေးပါ။ ခြောက်အောင်လုပ်ပါ။ မှိုပိုးတွေက ပူနွေးစိုထိုင်းတာကိုကြိုက်တယ်။ ကလေးလျှာကို အဝတ်စသန့်သန့်နဲ့ ရှင်းထုတ်ပါ။ မိခင်နို့ကိုအမြဲသန့်နေပါစေ။ ကလေးလက်နဲ့ မိခင်လက် မကြာခဏဆေးပါ။ ကလေးအရွယ်ရလာရင် ဆား + ရေနွေးနဲ့ ပါးစပ်ဆေးနည်း သင်ပေးပါ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ် တိုက်ပါ။ ကလေးတချို့မှာ ဗီတာမင်ဘီ-၁၂ နဲ့သံဓါတ်နည်းတာနဲ့တွဲနေတတ်တယ်။

လှာနာနေလို့ ပါရာစီတမောအရည်ကို ကလေးအသက်အရတိုက်နိုင်တယ်။ ကလေးအားဆေးလည်းတိုင်နိုင်တယ်။ စာတပုဒ်ရေးထားတယ်။

ဗက်တီးရီးယားအတွက် ပိုးသေဆေးတွေပေးနေစဉ်မှာလည်း ဖန်းဂတ်စ်ပိုးဝင်တတ်တယ်။ ပိုးသေဆေးကို တကယ်လိုမှသာ ပေးရတယ်။

ဖန်းဂတ်စ် မှိုအမျိုးအစားတွေ အများကြီးရှိတယ်။ ခန္ဓာကိုယ်အပြင်ကနေ ကိုယ်ထဲဝင်လာမယ်။ ပူလောင်စိုစွတ်ရာ နေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြား အရေးအကြောင်းရှိရာတွေမှာ ဖြစ်တတ်တယ်။ အတွင်းခံဝတ်တဲ့နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာဖြစ်ရင် ကြာကြာကုရတယ်။

ကလေး-လူကြီး သန့်ရှင်းရေးကို လိုတာထက် မပိုသင့်ပါ။ တကိုယ်ရေသန့်ရှင်းရေးမှာ စနစ်ကျရမယ်။ အပိုတွေမသုံးသင့်ပါ။ တခြားကူးစက်ရောဂါကို ဖိတ်ခေါ်သလိုဖြစ်တတယ်။ စိုစွတ်တဲ့အချိန်၊ ပူအိုက်ချိန်မှာ ဖန်းဂတ်စ်တွေကို ပိုသတိထားရပါမယ်။ အမျိုးသမီးတွေ အဖြူဆင်းတာလည်း မှိုပိုးကနေဖြစ်တာများတယ်။ ဗက်တီးရီးယားသေတဲ့ သန့်ဆေးရည်တွေသုံးလို့ မှိုပိုးဝင်တယ်။ အဲလိုဆေးက လိုသူတွေမှာသာ သုံးရတယ်။ စာတပုဒ်ရေးထားတယ်။

အိမ်တွင်းဆေးနည်းများ
၁။ အရင်က Gentian Violet ခေါ် မရမ်းရောင်ဆေးရည်လိမ်းရတယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်းစေတယ်။ အခု မလိမ်းဘို့ဖြစ်လာတယ်။

၂။ Sodium Bicarbonate / Baking Soda မုံ့ဖုတ်ဆော်ဒါ
ရေပွက်အောင်အပူပေးပြီး အေးစေပါ။ ဆော်ဒါမှုံ့လက်ဖက်ရည်ဇွန်းတဝက်ထည့်ပါ။ အဲတာကို ဂွမ်းစအသန့်နဲ့ယူပြီး လျှာက်လိမ်းပေးပါ။ ကလေးချိုတိုက်ပြီးတိုင်းလမ်းပေးပါ။

၃။ Tea Tree Oil လက်ဖက်ဆီ
ရေပွက်အောင်အပူပေးပြီး အေးစေပါ။ လက်ဖက်ဆီ ၁-၂ စက်ထည့်ပါ။ အဲတာကို ဂွမ်းစအသန့်နဲ့ယူပြီး လျှာက်လိမ်းပေးပါ။

၎။ Grapefruit seed extract စပျစ်သီအစေ့ဆေး
ရေသန့် ၁ အောင်စထဲမှာ စပျစ်သီအစေ့ဆေးရည် ၈-၁ဝ စက်ထည့်ပါ။ ကလေးလျှာကိုလိမ်းပေးပါ။ တချို့မှာ ၂ဝ စက်အထိ လိုမယ်။

၅။ Aloe Vera ရှားစောင်းလက်ပတ်ဆေး
ဂျဲလ်ကို ကလေးလျှာမှာလိမ်းပေးပါ။ ဂျုစ်အရည်ကိုလည်း ကလေးအသက်အရ တိုက်နိုင်တယ်။

၆။ Turmeric and milk paste မန်ကျည်း + နွားနို့
လတ်ဆတ်တဲ့ မန်ကျည်းမြစ်ကိုအမှုံ့ဖြစ်အောင်လုပ်ပါ။ နွားနို့နဲ့ရောပြီး ခပ်ပြစ်ပြစ်ဖြစ်စေပါ။ ကလေးလျှာကိုလိမ်းပေးပါ။ တနေ့ ၂ ကြိမ်။

၇။ Warm Milk and Castor Oil နွားနို့ + ကြက်ဆူဆီ
ကြက်ဆူဆီ လက်ဖက်ရည်ဇွန်းဝက်နဲ့ နွားနို့ခပ်နွေးနွေး တဖန်ခွက်ရောပါ။ ကလေးလျှာကိုလိမ်းပေးပါ။ ၁-၂-၃ ကြိမ်။

၈။ မိခင်နို့ကိုလိမ်းဘို့ Coconut Oil အုန်းဆီလည်းလိမ်းနိုင်တယ်။ Apple Cider Vinger ပန်းသီးဗနီဂါလည်းသုံးနိုင်တယ်။
အဲလိုကလေးတွေမှာ ဝမ်းပျက်တာဖြစ်လာတတ်တယ်။ အသက်ရှူလမ်းကပိုးဝင်တာတွေလည်း ဖြစ်လာတတ်တယ်။ ကလေးရောဂါစာတွေ အများကြီး ရေးထားတယ်။ စာအုပ်ထုတ်မလို့ မအားသေးဘူးဖြစ်နေတယ်။ မေးခွန်းများတာက အကြောင်းမဟုတ်။ မေးနည်းမကျမေးတော့ အဲတာတွေစာပြန်နေရတာ အချိန်ပိုကုန်ရတယ်။ နေ့တိုင်း နေ့တိုင်း။ သတ်ပုံပြင်ရတာကလည်း အလုပ်ကြီးတခု။ ကျွန်တော်က ဖြစ်ကတတ်ဆန်း ဆေးမကုတတ်ပါ။

Dr. တင့်ဆွေ
၁၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး