Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ

- Hsu Myat Mon ကလေးကို ၆လ မပြည့်မခြင်း ရေတိုက်သင့် မတိုက်သင့်

- Ma Lily Htut တယောက်တမျိုး တနေရာတမျိုးဘဲနော်။ ကျမသမီး ဆေးရုံက ဆင်းတာနဲ့ ရေဘူးအပြာလေးထဲ ရေထည့်ပြီး တိုက်ခိုင်းလိုက်တယ် တရက် သမီးလေးနို့ တိုက်ပြီးတိုင်းလဲ ရေသောက်တဲ့အကျင့် လုပ်ခိုင်းတယ်။ ခု သမီး ၇ နှစ်ထိ သွားတွေကောင်းတုန်း၊ ငယ်သွားတွေ မလဲလို့ မနည်းလှုပ်ပေးနေရတယ်။ မီးစင်သာကြည့်က ညီမရေ။

- Tint Swe အရင်ကလည်း အများကြီးမေးကြပါတယ်။ ကလေးအထူးကုဆရာဝန်မဟုတ်တဲ့ ကျွန်တော်ကဖြေပါမယ်။

သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ကလေးကို မွေးလာပြီး ဘယ်တော့ ရေစတိုက်မလဲ ဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကလေးအထူးကုဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီးဖြစ်ပါတယ်။

အခုတော့ ကလေးမိဘတွေ၊ ဆရာဝန်တွေအကြား အမြင်မတူကြပါ။ ဘယ်ဟာယူမလဲ။ အယူအဆတွေ၊ အတွေးအမြင်တွေ ဆိုတာ ကာလရွေ့လျောတာနဲ့ ပြောင်းတယ်။ ဆေးပညာမှာလဲ ပြောင်းတယ်။ ကျန်းမာရေး အသိရှိသူတွေက ကလေး ၆ လပြည့်မှ ရေတိုက်ရတယ်လို့ ပြောကြတယ်။ ဆရာဝန်တွေက မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်မှာ ကလေးလိုအပ်တဲ့ရေ အလုံအလောက်ရတာမို့ ၆ လအောက်ကလေးကို ရေအပိုတိုက်စရာ မလိုပါတဲ့။ တချို့က ၂ လ မပြည့်ခင် မတိုက်ချင်ပါနဲ့တဲ့။

မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါခံနိုင်စွမ်း ပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။

အမေရိကန် ကလေးဆရာဝန်များအကယ်ဒမီကပြောတာက အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူးတဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာ ဖြစ်တယ်။ (ဒက်ဘီဓိုနိုဗန်) ဆိုတဲ့ လက်မှတ်ရ နို့တိုက်အတိုင်ပင်ခံကပြောတာက ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှမရစေဘူး။ ကယ်လိုရီမပါတာတိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။

ကျွန်တော့်အတွေ့အကြုံအရ အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။

ကလေးအထူးကုတချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခုက ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်တဲ့။ ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် (ဘီလီရူဘင်) တက်စေပြီး အသားဝါစေမယ်။ တချို့ပညာရှင်တွေက ထောက်ပြတယ် ရေကတဆင့်ကူးစက်ရောဂါတွေ ရစေနိုင်တယ်တဲ့။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေးရောင်မယ်။ (ရေအပိုတိုက်လို့) သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပိုလုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလဲ မသောက်ပါ။

မိခင်နို့မှာ ရေပြည့်စုံနေပြီးဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ငြင်းမရပါ။ တကယ်လို့ မိခင်က မအားလပ်၊ ကလေးကဆာ၊ ငိုနေရင် ဘာလုပ်မလဲ။ မိခင်နို့တိုက်တာမို့ နို့ဗူးလဲအဆင်သင့်မရှိတော့ ရေတိုက်တာထက်ကောင်းတာ ဘာရှိပါသလဲ။ အဆာလဲပြေအောင် အချို (ပျားရည်) နည်းနည်းလေးပါရောတိုက်ပြီး ကြီးလာခဲ့တဲ့ကလေး သန်းပေါင်း များစွာရှိတယ် မဟုတ်ပါလား။ အထက်ကထောက်ပြထားတဲ့ ရောဂါတွေ တခုချင်းအကြောင်းကို ဖတ်ကြည့်ပါ။ ရေ (ရေသန့်) တိုက်လို့ ဖြစ်ပါတယ်ဆိုတာ တနေရာမှ မတွေ့ပါ။

နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အွန်လိုင်း အမေး-အဖြေ၊ ဇူလိုင်လ ၂ဝ၁၄ နေ့ကတင်ထားပါတယ်။ ရေတိုက်ရင် ဝမ်းလျှောဝမ်းပျက် ဖြစ်နိုင်တယ်။ အာဟာရချို့တဲ့နိုင်တယ်။ ရေကမသန့်တာ ဖြစ်နေနိုင်တယ်။ အဲလိုဆိုရင် ပိုးဝင်နိုင်တယ်။ နို့စို့တာနည်းနိုင်တယ်။ နို့မစို့တော့တာစောရင် အာဟာရချို့တဲ့နိုင်တယ်။ မိခင်မှာလည်း နို့ထွက်နည်းလာနိုင်တယ်။ မိခင်နို့ထဲမှာ ရေ ၈ဝ% ပါနေတယ်။ အထူးသဖြင့် အစဆုံးနို့ရည်ထဲမှာပါတယ်။ ကလေးတွေ ၆ လအထိရေမလိုပါ။ ရာသီဥတုပူနေလည်း မလိုပါ။ ရေနဲ့ဓါတ်ဆား ခမ်းခြောက်နေတာကလွဲရင် ရေမလိုပါ။ တခြားအစားအစာ မလိုပါ။ အားဆေးမလိုပါ။ ဆေးရည်ထဲမှာပါတဲ့ ရေကလွဲရင် မလိုပါ။ မိခင်ကနေ သူ့ကလေးရေတိုက်ဘို့ လိုတယ်ထင်ရင် ဝမ်းမလျှောစေအောင် ရေသန့်ကိုသာတိုက်ပါ။

ကလေးတွေ ၆ လအထိ နို့လုံလောက်နေရင် ရေအပိုမလိုပါ။ ထူးခြားတဲ့အခြေအနေတွေမှာတော့ လိုပါမယ်။ အသက် ၆ လ ကနေ ၁၂ လအထိကလေး ရေများများမလိုသေးပါ။ တနေ့မှာ ၂ ကနေ ၄ အောင်စလို့ ပြောနိုင်တယ်။ ရာသီဥတုနဲ့ ကိုယ်ပူတာ၊ ဝမ်းလျှောတာရှိရင် ၆-၈ အောင်စအထိတိုက်ပါ။ ၁၂ လအထက်ဆိုရင် ထမင်းကျွေးပြီးတိုင်းနဲ့ ရေတောင်းတိုင်း တိုက်ပါ။ ကလေးဆီးဝါနေရင် ဆီးနည်းနေရင် ရေသောက်နည်းလို့ဖြစ်မယ်။

ကလေးအထူးကုမဟုတ်တဲ့ ကျွန်တော့်အမြင် -
ကလေးတိုင်း ၆ လ အထိရေမလိုတာ မှန်တယ်။ ဒါပေမဲ့ နေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။ ရာသီဥတု ပူပြင်းချိန်မှာ ရေလိုတယ်။ ကလေးဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်နိုင်တယ်။ ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့မှုံ့ကို နို့နဲ့မဖျော်ပါ ရေနဲ့သာ ဖျော်ရတာပါ။

ရေလိုအပ်ချက် -
၎-၈ နှစ် = တနေ့ ၅ ခွက်။
၉-၁၃ နှစ် = ၇-၈ ခွက်။
၁၄-၁၈ နှစ် = ၈-၁၁ ခွက်။

- Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
- နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း http://doctortintswe.blogspot.com/2016/02/why-cant-we-give-water-to-breastfeeding.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး