Seizure First Aid တက်နေသူကို ရှေးဦးသူနာပြုစုခြင်း

၁။ ဆရာ ခင်ဗျား ကျွန်တော့်သမီးငယ်လေး ၁၁ လသည် လွန်ခဲ့တဲ့ တပတ်လောက်က ဝမ်း(၆)ခါ သွားပြီး ကိုယ်ပူချိန် (၁၀၂) လောက်ဖြစ်ပြီး ကလေးက တက်သွားသဖြင့် ဆေးရုံး ၆ရက်လောက်တက်လိုက်ရပါသည်။ ဆေးရုံမှ ပြောပြသည်မှာ ကလေးက အသက် (၆) နှစ်လောက်ထိ ကိုယ်ပူလျှင် တက်နိုင်သည်ဟုပြောပါသည်။ ထိုသို့တက်လျှင် ရှေဦးသူနာပြုစုနည်းဖြင့် ကြိုတင်လုပ်ဆောင်ရန်များကို သိလိုပါသည် ဆရာခင်ဗျား။ လမ်းညွှန်ပေးပါဆရာ။

အရင်ဆုံး ဒီလင့်ကိုဖတ်ပါရန်။

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://doctortintswe.blogspot.com/2016/07/fever-first-aid.html?q=fever+first+aid

၂။ ဆရာ အခုကလေးရဲ့ အသက်က ၄ လနဲ့ ၇ ရက်ပါဆရာ အခုကလေးက တတ်လို့ပါဆရာ။ အဖျားမရှိပဲ တတ်တာပါ။ ကလေးက ပြာနှမ်းခြင်း ခြေလက်ကောက်ကွေးခြင်း မျက်ဖြူလန်ခြင်းတွေ တခုမှမဖြစ်ပါဘူးဆရာ။ အဲ့ဒါ စိုးရိမ်ရပါသလားဆရာ ဖြေကြားပေးပါနော်။

မေးခွန်းကို ၂-၃ ခါဖတ်ရတယ်။ တက်လို့ရေးတာထင်ယူရတယ်။ အတက်ရောဂါ၊ အတတ်ပညာ။

၃။ ဆရာ မင်္ဂလာပါရှင့်။ အသက် ၆ နှစ်ကျော်အရွယ်ကလေးငယ် တက်နေရင် သက်သာအောင် အရေးပေါ် ဘာလုပ်ပေးလို့ ရမလဲရှင့်။ ဘာဆေးဆောင်ထားရမလဲရှင့်။ ဖြေပေးပါနော်ဆရာ။

အတက်ရောဂါဖြစ်စေတဲ့ အကြောင်းခံတွေ များတယ်။ ဖျားနာတာ၊ ဦးနှောက် ထိခိုက်မိတာ။ ဦးနှောက် ဖွံ့ဖြိုးမှု မမှန်တာ၊ (မေးခွန်းထဲက ကလေး အဲဒါဖြစ်တာနေမယ်။) ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါဖြစ်တောထဲမှာ ဒီရောဂါလဲ ပါနေတယ်။ တခြားဟာတွေပါ ရှိနိုင်တယ်။ ကုသတာ ချက်ချင်း လုပ်ရတယ်။ တခါလောက် တက်တာနဲ့တော့ ဒီရောဂါလို့ ပြောမရသေးဘူး။ မကူးစက်ပါ။ ဖျားလို့တက်တာလို တခါတက် တခါ ဦးနှောက်ကို ထိခိုက်မှာ မဟုတ်ပါ။ မတက်သ၍ လုံးဝလူကောင်းပါဘဲ။

တက်နေသူကို ပြုစုသူက စိတ်တည်ငြိမ်ပါ။ ပြာပြာသလဲ မဖြစ်ပါနဲ့။ ဖြစ်နေတဲ့လူကို နေရာမရွေ့ပါနဲ့။ သူလှုပ်ရှားနေသမျှ ရပ်တန့်အောင် လုပ်ဘို့ မကြိုးစားပါနဲ့။ သူပြန်သတိရလာအောင်ဆိုပြီး အော်ပြီး ခေါ်မနေနဲ့။ အတင်းနှိပ်တာ ချိုးတာ မလုပ်ပါနဲ့။ ထိခိုက်မှာ စတာတွေသာ ဖယ်ရှာပေးပါ။ သူ့ကို ဘေးတဖက်လှည့်ပေးပါ။ ပါးစပ်ထဲက ထွက်တာ၊ အန်တာတွေ သူ့လေလမ်းထဲ ဝင်မသွားအောင် ဖြစ်ပါတယ်။ ခေါင်းအုံးစရာတခုခု လုပ်ပေးပါ။ လိမ့်မကျအောင်၊ မီးထဲ ရေထဲမကျအောင် ဂရုစိုက်ပါ။ အသက်ရှူလမ်း (နှာခေါင်း + ပါးစပ်) မှာ ဆို့ပိတ်နေတာ (အန်ဖတ်၊ အစားအစာ၊ အဝတ်၊ အမှိုက် စသည်) မရှိစေအာင် ရှင်းလင်းပါ။

သူ့ပါးစပ်ကို အတင်းဟဘို့ မကြိုးစားပါနဲ့။ ပါးစပ်ထဲ တခုခုထည့်ဘို့ မလုပ်ပါနဲ့။ ဒါက နောက်ဆုံး လက်ခံတဲ့နည်းဖြစ်တယ်။ အရင်က လျှာမကိုက်မိအောင် ပါးစပ်ထဲကို တခုခု ထည့်ပေးတယ်။ ဂျူလီယက်ဆီဇာမှာ ဒီရောဂါရှိလို့ အဲလိုလုပ်တာကို ကလီယိုပက်ထရာ ဇာတ်ကားထဲမှာပါတယ်။

အတက်မှန်သမျှ အများစုဟာ မသေစေပါ။ ဆရာဝန် ပြေးခေါ်စရာတောင် မလိုတတ်ပါ။ ၅ မိနစ်နေလို့မှ သတိမရ-အတက် မရပ်ရင် ခေါ်ပါ။ သူအတက်ရပ်ရင် စိတ်တွေ ရှုတ်ထွေး၊ မကြည်မလင် ဖြစ်နေလိမ့်မယ်။ အသာအိပ်ပါ၊ နားပါစေ။

Epilepsy အတက်ရောဂါ https://doctortintswe.blogspot.com/2016/11/epilepsy-1.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး