Collagen ကိုလာဂျင် နဲ့ မလှချင်


၁။ ဆရာရှင့် သမီးကအခု အသက် ၃၃ နှစ်ရှိပါပီ။ အသားအရေလှချင်လို့ Collagen သောက်တာ ၅ရက်လောက်ရှိပါပီ ကိုယ် အလေးချိန် ၁၅၃ ပေါင်ကို ဝိတ်ချထားပါတယ် အခု ၁၃၅ ပေါင်ပါ အခုသမီး မိတ်ဆွေထဲက ၂ယောက်ရှိပီ Collagen သောက်တာ ဝလာတယ်ပြောလို့ပါရှင့် သူတို့ကိုယ်တိုင်တဲ့ အဲ့ဒါ collagen သောက်ရင်ဝလားသိချင်လို့ပါရှင့်

မေးတဲ့သူ ရာသီ မပြော၊ အိမ်ထောင်ရေး မပြောလို့ လင့်ကိုသာ ပို့လိုက်တယ်။ ပါပီ ၃ ကောင်ပြင်ရေးသင့်။

၂။ မင်္ဂလာပါ ဆရာရှင့် သမီးသူငယ်ချင်းတယောက်က ပုံပါဆေးကိုသောက်နေပါတယ်။ အမျိုးသမီးတွေအတွက် အရွယ်တင်တယ်၊ ဆံပင်နဲ့ အသားအရေလှစေတယ်။ ပုံမှန်သောက်သွားရင် ကိုယ်အလေးချိန်ပါတက်စေတယ်လို့ ပြောပါတယ်ဆရာ။ ဆေးက Gluta ပါလို့ အသားရေ ဖြူစေတယ်လို့လည်းပြောပါတယ်။ သမီးက လွန်ခဲ့တဲ့ ၂ လ ကျော်လောက်ကစပြီး ဆံပင်တွေသိသိသာသာ ကျွတ်လာတာမို့ သူ့ကိုပြောပြတော့ သူက တခြားသော နည်းလမ်းတွေနဲ့အတူ ပုံပါဆေးကိုသောက်ကြည့်ဖို့ညွှန်းလာပါတယ်ဆရာ။ FDA ရပြီးသားလို့တော့ ပြောထားတာ တွေ့ပါတယ်ဆရာ။ ဒါပေမယ့်ဆရာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ ကြားဖူးတာမို့ မသောက်ရဲပါဘူးဆရာ။ ဆရာက အဲ့ဆေးနဲ့ပတ်သက်ပြီး ဗဟုသုတတွေ မျှဝေပေးပါဦးဆရာ။ ဆရာကျန်းမာချမ်းသာပါစေ။

မေးခွန်းထဲကသူငယ်ချင်းနဲ့ မေးတဲ့သူတွေ အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ မေးခွန်းတွေကို နမူနာလောက်သာထည့်ပါမယ်။ အဲလိုဆေးဆို အမေးအမြန်းကထူတယ်။

၃။ မင်္ဂလာပါ ဆရာ၊ ကျွန်မ နာမည့့် ပါဆရာ။ ကျွန်မ အသက် ၂၃ပြည့်ပြီးပါပြီ။ ကျွန်မအမေကတော့ အသက် ၅၄ နှစ် ပြည့်ပါတော့မည်။ အမေက Collagen အကြောင်းဆရာ့ကိုမေးပေးပါဆိုလို့ပါဆရာ။ Collagen ကို သောက်သင့်ပါသလား ဆရာ။ မည်သည့်အရွယ်တွင် စသောက်လို့ရပါလဲရှင့်၊ ကောင်းကျိုးနှင့် ဆိုးကျိုးတွေလဲပြောပြပေးပါဆရာ၊ သောက်မည်ဆိုပါက မည်သည့်တံဆိပ်ကို Recommend ပေးချင်ပါသလဲဆရာ။ လေးစားစွာဖြင့်

၎။ မင်္ဂလာပါဆရာ။ ကျမ အသက် ၄၂ နှစ်ရှိပါပြီ။ မျက်နှာမှာ အရေးအကြောင်းတွေရှိလာလို့ collargin သောက်ပါတယ်။
collargin ကိုသောက်တာနဲ့ လိမ်းတာ ဘယ်ဟာ ပိုထိရောက်ပါသလဲဆရာ။ ဆရာရေးတာ တခါဖတ်ဖူးပါတယ်။ အဲဒါလေး ပြန်တင်ပေးပါဦးဆရာ။

၅။ ဆရာရှင့် Peptide collagen ကို သောက်ရင် ဝက်ခြံအမည်းစက် ပျောက်ပြီး အသားအရေလှတယ်လို့ ပြောကြပါတယ်။ တကယ်လှပါသလားဆရာ။ ဘာအတွက်သောက်ရပါသလဲဆရာ။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်ဆရာ။

၆။ Collagen ဆိုတာ ဘာလဲဟင်။ အခု Collagen က အရမ်းအရမ်းကို ခတ်စားနေလို့လေ။ ဘာတွေကိုကောင်းကျိုး ပြုတာလဲ ဆိုးကျိုးရောရှိလား။ နောက်ပြီး ဘယ်လိုလူတွေ သောက်သင့်တယ်။ ဘယ်လိုလူတွေမသောက်သင့်ဘူး ဆိုတာ ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးပါနော်။

၇။ ဆရာရှင့် အခုနောက် ပိုင်း Thai ကဝင်တဲ့ Collagen 100000 အား ဆိုတဲ့ဖြည့်စွက်စာလို အမှုန့်လေးတွေဟာ သုံးစွဲမယ်ဆိုရင် side effect ရှိပါသလားရှင့်။ သမီး အခုသောက်နေလို့ပါရှင့်။ တချို့တွေပြောကြတာတော့ side effects ရှိတယ် ဆိုလို့ပါ။ သူ့ရဲ့ side effect လေးတွေ သိချင်ပါတယ်ရှင့်။

၈။ သမီးအသက်၂၉ နှစ်ပါ။ အသားအရေအတွက် Collagen ပါတဲ့ဆေး သောက်နေပါတယ်။ ဆေးသောက်ရင် ဗိုက်နဲ့ရင်ဘတ် နဲနဲအောင့်တယ်။ collagen နဲ့ပတ်သတ်ပြီး သိချင်ပါတယ်။ အသက်ဘယ်လောက်ကစ သောက်သင့်ပါသလဲ။

၉။ Botox နဲ့ပတ်သက်ပြီး ဆရာရေးပေးတာဖတ်ရတော့ အရမ်းကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပေးတဲ့ Fillers တွေ Hyaluronic acid, fibril, Goretex ထိုးဆေးအကြောင်းလေးလဲ သိချင်ပါတယ်။ နှာခေါင်းပြင်ရင် သုံးကြလားဆရာ။

ကျွန်တော်က မေးခွန်းတွေဖြေရတာကြာတော့ တချို့မေးခွန်းတွေကို တပ်အပ်သိသလို။ မေးခွန်းကို ဝတ္ထုတို တပုဒ်စာလောက်ရေးသူရဲ့ စိတ်အခြေအနေကိုတန်းသိတယ်။ အမေးများတဲ့ဆေးဆိုရင် ကြော်ငြာဆေးမှန်း တန်းသိတယ်။ အခု နမူနာသာထည့်မယ်။ တချို့ကြော်ငြာကောင်းတာတွေဆို မေးခွန်းတွေ မရေမတွက်မေးကြတယ်။

ကိုလာဂျင်ကို မလှချင်တွေက အများဆုံး စိတ်ဝင်စားကြတယ်။ ကိုလာဂျင်ဆိုတာ ဓါတုပစ္စည်းတခု ဖြစ်တယ်။ လူနဲ့ တိရစ္ဆာန်တွေမှာရှိတယ်။ အသားနဲ့ ကြားတစ်ရှူးတွေထဲမှာ နေတယ်။ အရွတ်တန်၊ အဆစ်နားက အရွတ်၊ အရေပြား၊ အရိုး၊ အရိုးနု၊ သွေးကြော၊ အစာလမ်း၊ ဆံပင်၊ လက်သည်းခြေသည်း၊ ခါရိုးဆစ်ကြား နေရာတွေမှာရှိတယ်။ အရာရာကို ဆွဲစုထားသလိုနေစေတယ်။ ကိုယ်ထဲက ပရိုတင်းရဲ့ ၂၅-၃၅% က ကိုလာဂျင်ဖြစ်တယ်။ အရေပြားထဲက တွယ်ဆက် တစ်ရှူးထဲမှာရှိတာမို့ တင်းနေစေတယ်။ ဆန့်နိုင် ကျုံ့နိုင်စေတယ်။

အသက်ရလာရင် ကိုလာဂျင်ထုတ်လုပ်တာ အားနည်းလာတယ်။ အသားအရေတွေက ပါးလှပြီး ပြော့ဖတ်ဖတ် ဖြစ်လာကြတယ်။ ထိခိုက်တာကို ငယ်စဉ်ကလောက် မခံနိုင်တော့ဘူး။ အရေးအကြောင်းတွေပေါ်လာတယ်။ အရွတ်တွေ အဆစ်တွေ အားနည်းလာတော့တယ်။

ကိုလာဂျင်ကို ဆေးပညာနေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။
1. Bone grafts အရိုးအစားထိုး၊
2. Cardiac applications နှလုံးအစားထိုး၊
3. Cosmetic surgery အလှအပခွဲစိတ်မှု၊
4. Tissue regeneration (တစ်ရှူး) အသစ်ပေါက်စေအောင်၊
5. Wound care management uses အနာ-ဒဏ်ရာ ကျစေအောင်။

ကိုလာဂျင်အားဆေးအဖြစ်လဲ သုံးတာကြတယ်။ ၂ဝဝ၈ ကနေစပြီး Collagen type II ကို ပြောင်းသုံးလာတယ်။ အရည်၊ ဆေးပြား၊ ဆေးတောင့်၊ ဂျဲလ်၊ ပေါင်ဒါ အမျိုးမျိုးရောင်းတယ်။ Collagen type II is 500 mg capsules ကို တနေ့ ၂-၃ ကြိမ်အထိပေးတယ်။ အရေပြား ပိုကောင်းချင်လို့ ဒီဆေးသောက်သူတွေဟာ Vitamin C ဗီတာမင်စီလည်းလိုမယ်။ ဗီတာမင်အီးလည်း နာမည်ကြီးတယ်။

Hydrolyzed Collagen ဆိုတာကိုသုံးတာများတယ်။ စားဆေးကို အဆစ်အားဆေးအဖြစ်သုံးတယ်။ Lip Collagen Injection ထိုးဆေးကို အရေပြား အရေးအကြောင်းပေါ်တာသက်သာအောင် ထိုးပေးတယ်။ Collagen cream လိမ်းဆေးကိုလဲ အရေပြားမှာ လိမ်းရတယ်။ Catrix Collagen ဆိုတာက ပေါ်တာမကြာသေးဘူး။ အနာကျက်တာ မြန်စေအာင်သုံးတယ်။ မတည့်သူတွေ အလာဂျီရနိုင်တယ်။ ဆေးထိုးရင် နာမယ်။

ကိုလာဂျင် ဘသာဝအတိုင်းထုတ်လုပ်ပေးတဲ့အစားအသောက်များ
၁။ ကြက်သွန်ဖြူ၊
၂။ ပဲပုတ်နဲ့ ပဲပုတ်လုပ်အစားအသောက်များ၊
၃။ ခရမ်းချဉ်သီး၊
၎။ အစိမ်းရင့်အသီးအရွက်များ၊
၅။ အိုမီဂါသရီးကြွယ်ဝတဲ့အစာများ၊ ကျူနာငါး၊ ဆောလ်မွန်ငါး နဲ့ မက်ရဲလ်ငါး
၆။ အနီရောင်အသီးများနဲ့ ဟင်းသီးဟင်းရွက်များ။

Hyaluronic acid ဆိုတာ လူ့ကိုယ်ထဲမှာလဲရှိတယ်။ မျက်စိနဲ့ အဆစ်တွေမှာ ပိုများများရှိနေတယ်။ ဓါတ်ခွဲခန်းထဲမှာလဲ ဗက်တီးရီးယားကနေ ထုတ်ယူနိုင်တယ်။ အရိုးအဆစ်ရောဂါတွေမှာသုံးတယ်။ ပါးစပ်ကနေလည်း သောက်နိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။ အရေပြားမှာ ကူရှင်လို၊ ချောဆီလိုသဘော လုပ်ပေးမယ်။ Fibril ဆိုတာ အပ်ချည်လိုဘဲ။ Striated muscle fiber အမျိုးအစား ကြွက်သားမျှဉ်တွေမှာ ရှိတယ်။ ဆံပင် အခြေမှာလဲ ရှိတယ်။ Goretex ဆိုတာ ဓါတ်ခွဲခန်းမှာတည်ဆောက်ထားတဲ့ Polytetrafluoroethylene ဖြစ်တယ်။ လူတွေမှာရှိတဲ့ Fascia အရွတ်ပြားနဲ့တူတယ်။ ဗိုက်၊ ရင်ခေါင်း။ အစာဟောင်းအိမ်။ ဗဂျိုင်းနား၊ ဆီးလမ်း။ အူကျတာတွေကို ခွဲစိတ်တဲ့အခါ သုံးနိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။

FDA ဆိုတာ ခဏခဏ (ခဏခဏ) ရေးပါတယ်။ အလှကန်၊ ဖြည့်စွက်စာ၊ အာဟာရ၊ ဗီတာမင်ဆိုရင် မကန့်ကွက်ပါ။ အဲတာက ထောက်ခံချက်ပေးပြီး သုံးစွဲကြပါလို့ပြေတာ မဟုတ်ပါ။ လူနာတဦးချင်းကိုကြည့်ပြီး စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ကသာ ညွှန်သင့်တာကိုညွှန်ပါတယ်။ ကြော်ငြာဆေးတွေကို အားမပေးပါ။ စိတ်ချရမှုနဲ့ ထိရောက်မှု သုတေသနတွေ မစုံလင်ပါ။

ဇရာဖြစ်စဉ်ကို အန်တုချင်တာ သဘာဝပါ။ ဇရာကို နောက်ကြောင်းတော့ပြန်မရပါ။ ရသမျှတော့ ကြိုးစားပေါ့။ နတ်ရေကန်တော့ ရှာမနေပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၇
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး