Tradition ပုန်းမကြည်နေ့
တပေါင်းလဆန်း (၃) ရက်နေ့ဟာ ပုန်းမကြည်နေ့ဖြစ်ပါတယ်။ ဇနီးရဲ့ဇာတိ ညောင်ကန်ရွာမှာ မုန့်တွေလုပ်ပြီး ဆွမ်းလောင်းကြသတဲ့။ ဒေါ်မြမြအေးလည်း ပုန်းမကြည်နေ့မှာ မုန့်လုပ်ပြီး ဘုရားဆွမ်းတော်တင်မယ်ပြောနေတာ တပါတ်လောက်ကတည်းကပါ။ နေရတဲ့နေရာက နေ့စွဲနောက်ကျလို့ နက်ဖြန်မှာ မုန့်လုပ်မယ်။
အယူအဆ အမျိုးမျိုးရှိတယ်။ ပုန်းမကြည်နေ့ဆိုတာ ပုဗ္ဗကြယ်ထွန်းလင်းတာနဲ့ဆက်စပ်ပြီး ပုဗ္ဗကြယ်နတ် ပူဇော်တာ ဖြစ်တယ်။ ရာသီကောင်းတဲ့ တပေါင်းလမှာ တောင်သူလယ်သမားတွေ ပုန်းမကြည်ရှင်မကို တင်မြှောက်ပသကြတယ်။ စပါးလိပ်ပြာလို့ သုံးတယ်။ စပါးအပင်၊ အပွင့်၊ အသီးတွေ ကြီးထွားပွားများအောင် စောင့်ရှောက်တတ်တယ်လို့ ယုံကြည်ကြတယ်။ ရွှေပန်းချီရဲ့ ဘလော့ခ်မှာ အကျယ်တဝံ့ရေးထားကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
တချို့ကတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကာဠီယက္ခီနီ ဘီလူးမဇာတ်လမ်းကိုပါ ရေးထားတယ်။ ထိုပုန်းမကြည် ဘီလူးမသည် လူသူမရှိသော ဆိတ်ငြိမ်သောအရပ်တွင် ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည်ဟုထင်၏။ ထို့ကြောင့် ပုန်းမကြည်မလို့ ခေါ်တွင်သည်လို့ ဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျွန်တော့ဇာတိ ပုလဲုမြို့နယ်၊ မင်းရွာမှာလည်း ငယ်ငယ်တုံးက ပုန်းမကြည်နေ့မှာ မုန့်ဖြူ မုန့်နီတွေလုပ်ကြတယ်။ ကလေးတွေကိုပါ ပျော်စေအာင် မုန့်ကို အရုပ်ပုံတွေလုပ်ပေးကြတာ မှတ်မိနေသေးတယ်။ နွားရုပ်၊ ထွန်ရုပ်တွေပေါ့။
ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၅
၁၉-၂-၂ဝ၁၈
ဓါတ်ပုံ = Nay La ညောင်ကန်ရွာ

Photo from Lay Myint

Comments
Post a Comment