WHR ခါး-တင် အချိုးအစား

(ကန်တော့ပါ)

စောစော ရေးလိုက်တယ်။ အမျိုးသမီးတွေ ခါးနဲ့ တင်ပါးအတိုင်းအတာ အချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်သူတွေကို လေ့လာတာဖြစ်တယ်။ ယောက်ျားတွေထက် ပိုနေတာ တွေ့ရတယ်တဲ့။

ခါး-တင် အချိုးအစားကို Waist-to-hip ratio (WHR) လို့လည်းခေါ်တယ်။ WHR ကနေ ကျန်းမာရေးကိုညွှန်ပြနေတယ်။ မျိုးပွါးနိုင်စွမ်းအခွင့်အလမ်းကိုလည်း ညွှန်ပြနေတယ်။

ခါး-တင် အချိုးအစားဆိုတာ W ခါးပတ်လည်အတိုင်းအတာနဲ့ H တင်ပတ်လည်အတိုင်းအတာကို (W ÷ H) အချိုးချတာ ဖြစ်တယ်။ ဥပမာ ခါးပတ်လည် 30″ (76 cm) နဲ့ တင်ပတ်လည် 38″ (97 cm) ရှိသူရဲ့ WHR ဟာ 0.79 ဖြစ်တယ်။

တိုင်းတာနည်းမှာ WHO ပရိုတိုကော်လ်ရှိတယ်။ ခါးပတ်လည်တိုင်းတဲ့အခါ စမ်းလို့ရတဲ့ အောက်ဆုံးနံရိုး အနားကနေ တင်ပါးဆုံရိုးကွင်းရဲ့ ရှေ့မှာရှိတဲ့ Iliac crest ခေါ်အစွန်းနေရာထိပ်ကြား အလယ်တည့်တည့်အမှတ်ကနေ ပတ်ပတ်လည် အလျားကို တိုင်းရမယ်။ ပေကြိုးကလည်း ဆန့်မရတဲ့အမျိုးအစားဖြစ်ရမယ်။ တင်ပတ်လည်တိုင်းတာမှာ အကားဆုံးနေရာ အလယ်တည့်တည့်မှာ ပတ်ပတ်လည်အလျားကိုတိုင်းယူရမယ်။ ပေကြိုးက ကြမ်ပြင် မြေပြင်နဲ့ အပြိုင်ရှိနေရမယ်။ လူကလည်း ခြေစုံမတ်မတ်ရပ်နေရမယ်။ လက်တွေက ကိုယ်ဘေးမှာကပ်ထားရမယ်။ ကိုယ်အလေးချိန်က ဘယ်ညာ မျှနေရမယ်။ အဝတ်အစာပါးတာဝတ်ထားပြီးလည်းတိုင်းနိုင်တယ်။ တိုင်းတာနေချိန်မှာ ပုံမှန် သက်တောင့်သက်သာနေပါ။ အသက်ရိုးရိုးမှန်မှန်ရှူပါ။ ၂ ခါပြန်တိုင်းပြီး ပျမ်းမျှယူသင့်တယ်။

Apple-shaped body ပန်းသီးပုံကိုယ်ခန္ဓာနဲ့ Pear-shaped body သစ်တော်သီးပုံလို့ရှိတယ်။ သစ်တော်သီးပုံရှိသူတွေက ကျန်းမာရေးပိုကောင်းမယ်။ Body mass index (BMI) ဆိုတာ ကိုယ်ထုထည်ညွှန်းကိန်းဖြစ်တယ်။ 30.0 ကျော်ရင်လည်း အဝလွန်တယ်လို့ သတ်မှတ်တယ်။

ယောက်ျားတွေမှာ WHR 0.90 ထက်များရင်၊ မိန်းမတွေမှာ 0.85 ထက်များရင် Obesity အဝလွန်တယ်လို့ သတ်မှတ်တယ်။ အမျိုးသမီးတွေ WHR 0.8 နဲ့ အမျိုးသားတွေ WHR 1.0 ကျော်ရင် ဆီးချိုဖြစ်လမ်း များတယ်။

Cortisol ကော်တီဇော်လ်ကို စိတ်ဖိအားဟော်မုန်းလို့ခေါ်တယ်။ အဆီများသူတွေနဲ့ WHR များသူတွေမှာ အဲတာ များနေကြတယ်။ အဲဒီဟော်မုန်းချို့တဲ့သူလည်းရှိတယ်။ ယောက်ျားတွေမှာ WHR 0.9 နဲ့ မိန်းမတွေမှာ WHR 0.7 ရှိရင် မျိုးပွါးနိုင်စွမ်းနည်းကြတယ်။ အမျိုးသမီးတွေမှာ အီစထိုဂျင်နည်းတာတွေ့ရတယ်။ ဆီးချိုပိုဖြစ်တယ်။ မျိုးဥအိမ်ကင်ဆာ ပိုဖြစ်တယ်။

မိခင်ရဲ့ WHR အတိုင်းအတာနဲ့ သူကနေမွေးလာတဲ့ကလေးရဲ့ ဉာဏ်ရည်ခေါ် Cognitive ability ဆက်စပ်နေတာလည်း တွေ့ရတယ်။ မိခင်ရဲ့ WHR အတိုင်းအတာနည်းရင် သူ့ကလေးဉာဏ်ပိုကောင်းတယ်။

Measure of attractiveness ဆွဲဆောင်မှုအတိုင်းအတာလို့လည်းခေါ်တယ်။ Bust–waist ratio (BWR) ခေါ် ရင်-ခါး အချိုးညွှန်းကိန်းထက်ပိုပြီး တဖက်သားကို ဆွဲဆောင်နိုင်စွမ်းပိုတာ တွေ့ရတယ်။ WHR 0.7 ရှိသူအမျိုးသမီးတွေဟာ ဥရောပစံအရ တဖက်သားကို ပိုပြီးဆွဲဆောင်ကြတယ်။ တရုပ်ပြည်မှာ 0.6 နဲ့ အာဖရိကမှာ 0.8 လို့ နည်းနည်းကွာခြားတယ်။ မြန်မာပြည်မှာ သုတေသနလုပ်ထားမထား မသိပါ။

Dr. တင့်ဆွေ
၂၅-၉-၂ဝ၁၇
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး