Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁)

ကျမအသက် ၃ဝ ပါရှင့်။ မြန်မာမှာနေပါတယ်။ ဖတ်ရတာ အောင့်သက်သက်နေတယ်။ ပြည်ပမှာနေသူတတွေက မြန်မာပြန်တုန်းကလို့ပြောတိုင်း အော့့် သူက ဘာသာပြန် လုပ်တာကိုးလို့ ထင်မိတယ်။ မြန်မာဆိုတာ သဒ္ဒါအရ ဘာလဲ။ နာမ်စား၊ နာမဝိသေသနလား။ တိုင်းပြည်လား၊ လူမျိုးလား။

မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ သည်လိုဆိုထားပါတယ်။
မြန်မာ = n. ဗမာ၊
1. The people of Myanmar.
2. (a) Same as ဗမာ n; Bamar n; (b) “no longer current” Burmese; Burman.
မြန်မာနိုင်ငံ / n. Myanmar

အဘိဓာန်ရဲ့ဆိုလိုချက်က မြန်မာဆိုတာ နာမ်ဖြစ်တယ်။ ကျွန်တော့်အမြင်မှာ အားနည်းချက်ရှိနေတယ်လို့ ထင်ပါတယ်။ မြန်မာလူမျိုး၊ မြန်မာနိုင်ငံလို့ ရေးမှ ပြောမှသာ သဘောပေါက်ပါမယ်။ နာမဝိသေသနအသုံး နာမ်သာဖြစ်ပါမယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန် မမှားပါ။ မပြည့်စုံလို့သာထင်ပါတယ်။ အဓိပ္ပါယ်မှန်ဆိုတာကိုယ်၌က ဝိဝါဒကွဲစေလို့ အခုလို သူမှန်-ကိုယ်မမှား အငြင်းပွါးနေရတာဖြစ်ပါတယ်။

အင်္ဂလိပ်ကို အဓိပ္ပါယ်ဖွင့်သလိုဖြစ်သင့်ပါတယ်။
English
(က) Noun နာမ်
1. The language of England အင်္ဂလန်ဘာသာစကား
2. The people of England အင်္ဂလန်လူမျိုး
(ခ) Adjective နာမဝိသေသန
Relating to England, its people, or their language အင်္ဂလန်နှင့်ဆိုင်သော၊ ၎င်းလူမျိုးနှင့်ဆိုင်သော၊ သို့မဟုတ် ဘာသာစကားနှင့်ဆိုင်သော။

အဲတာကြောင့် ဖြစ်သင့်တာက -
Myanmar မြန်မာ
(က) Noun နာမ်
မြန်မာလူမျိုး၊ မြန်မာစကား၊
(ခ) Adjective နာမဝိသေသန
မြန်မာနှင့်ဆိုင်သော၊ ၎င်းလူမျိုးနှင့်ဆိုင်သော၊ သို့မဟုတ် ၎င်းဘာသာစကားနှင့်ဆိုင်သော။

စကားလုံးဥပမာ = မြန်မာနိုင်ငံ၊ မြန်မာပြည်၊ မြန်မာယဉ်ကျေးမှု၊ မြန်မာစာပေ၊ မြန်မာအစားအစာဖြစ်ရပါမယ်။
ဝါကျဥပမာ = ကျွန်တော်သည် မြန်မာလူမျိုးဖြစ်သော်လည်း မြန်မာနိုင်ငံပြင်ပမှာနေထိုင်ရပါသည်။

မြန်မာ-အင်္ဂလိပ်အဘိဓာန် မပြည့်စုံသလို အဓိပ္ပါယ်မှန်အတိုင်း မသုံးကြပါ။ အဓိပ္ပါယ်မှန်ကိုယ်၌က ဝိဝါဒကွဲစေလို့ အခုလို သူမှန်-ကိုယ်မမှား အငြင်းပွါးနေရတာဖြစ်ပါတယ်။ ထွင်လိုက်တဲ့အာဏာပိုင်တွေကိုယ်တိုင်က လူမျိုး၊ နိုင်ငံနဲ့ ဘာသာစကား အားလုံးကို Myanmar လို့သာလုပ်ထားတော့ မိခင်ဘာသာအင်္ဂလိပ်စာသုံးသူတွေအတွက် ဇဝေဇဝါဖြစ်စေတယ်။

ဗြိတိန်အင်္ဂလိပ်စာမှာ နာမ်စာလုံးအဆုံးသတ်ကနေ နာမဝိသသေနလုပ်ဖို့အတွက် စည်းစနစ်ထားတယ်။
• India – Indian
• Malaysia – Malaysian
• Indonesia - Indonesian
• Singapore – Singaporean
• China – Chinese
• Myanmar - ဘာလဲ။

နိုင်ငံအမည်ပေါင်း ၂ဝ၅ ခုထဲမှာ r + ရှေ့က Vowel တလုံးနဲ့အဆုံးသတ်တာ Myanmar ကလွဲရင် East Timor နိုင်ငံသာ ရှိတယ်။ အဲတာကို Timor-Leste လို့ ပြောင်းလိုက်ပြီ။ Timor လို့ခေါ်စဉ်က အဲဒီကလူမျိုးတွေကို အင်္ဂလိပ်လို Timorese လို့ ရေးပါတယ်။ အဲတာကြောင့် အိန္ဒိယထုတ်အင်္ဂလိပ်သတင်းစာတွေက Myanmar – Myanmerese လို့ရေးကြတယ်။ သူတို့ကို မှားတယ်လို့ သွားပြောဘို့ မသင့်ပါ။ အင်္ဂလိပ်စာရေးထုံးနဲ့ ညီတယ်။

မြန်မာ-အင်္ဂလိပ်အဘိဓာန်အရတော့ Myanmar ဆိုတာ လူမျိုးသာဖြစ်နေတယ်။ အဲတာကို အစိုးရပိုင်မီဒီယာတွေ ကိုယ်တိုင်က တိုင်းပြည်လို့ အစိုးရထုတ်ထားတဲ့ အဘိဓာန်မှာဆိုထားတာကို ဆန့်ကျင်ပြီးသုံးနေတာဖြစ်တယ်။ အပြင်ထွက်ပြီး အင်္ဂလိပ်လို မိန့်ခွန်းပြောနေသူတွေလည်း Myanmar ဆိုတာ လူမျိုးလား၊ တိုင်းပြည်လား၊ စကားလား သတိထားပုံမရကြပါ။ ဆောရီး။ ကျွန်တော်တော့ နားကလောတာအမှန်။

I am a Myanmar, I speak Myanmar and I live in Myanmar. လို့ပြောနေကြတယ်။
I am English, I speak English and I live in English country (England). လို့သာရေးရတယ်။ I live in English လို့ မရေးရပါ။

မြန်မာနိုင်ငံမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာ တတ်သိတဲ့ပညာရှင်တွေ ရှိကြပါတယ်။ ကုလားထိုင်နေရာရတိုင်း တချို့က တကယ်တတ်တာ မဟုတ်ကြတာကို သိလာရတယ်။ ကန်တော့ပါ။ ပညာအရောင် ပြန်လည်ထွန်းပြောင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၅
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး