Adopted Words ဘာသာပြန် မြန်မာစာလုံးများ
ဆရာခင်ဗျား သူ့မေးခွန်းက သတ်ပုံကိုမရှင်း လို့ မေးပါရစေ ခင်ဗျ။ ဟိုက်ဒြိုဂျင်၊ ဟိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်တြိုဂျင်၊ နိုက်ထရိုဂျင်၊ နိုက်ဒရိုဂျင်။ ဘယ်သတ်ပုံက အမှန်လဲခင်ဗျ။ ကျေးဇူးပြုပါ။
ဘာသာခြားစာလုံးတွေကို မြန်မာလိုယူတဲ့အခါ စံကိုက်သတ်ပုံရယ်လို့ ပြောဖို့ ခက်တယ်။ အသံထွက်ကိုသာ အနီးစပ်ဆုံး ယူရတယ်။ အစဉ်အဆက်ရေးနေကြတာတွေရှိတယ်။ ကား၊ ရေဒီယို၊ တီဘီ၊ တီဗွီ၊ မော်တော်၊ လီဗာ၊ ဒါရိုက်တာ၊ ဒေါက်တာ၊ တယ်လီဖုန်း၊ ကော်ဖီ၊ ကိတ်၊ ဘီစကစ်၊ ကွန်ပြူတာ၊ စတာတွေ။ ဟင်ဒီစကားကနေ ယူထားတာတွေက ပန်ကာ၊ အာလူး၊ ဂေါ်ဖီ၊ ဂိုဒေါင်၊ မဆလာ၊ စမူဆာ၊ စတာတွေ။
တချို့ရေးနေ ပြောနေကြတာတွေက မဖြစ်သင့်တာတွေပါတယ်။ အာထွာဆောင်း၊ ဆူပါ၊ ဆူပါမားကက်တွေမှာ စလုံးနဲ့ ရေးရင် မှားတယ်။ စသံထွက်လည်း မှားတယ်။ ရောဂါအမည်တွေမှာလည်းရှိတယ်။ သွေးလွန်တုပ်ကွေး ဒင်ဂေးကို ဒင်ဂူးထွက်တာ မမှန်ပါ။ ပန်းနာ အက်စ်သ်မာ နဲ့ အက်စ်မာ။ ကယ်လ်မီးဒီးယား။ ကွန်ဒုံး မမှန်ပါ။ ကွန်ဒွမ်လို့က ပိုသင့်တယ်။
ဆာဗေးဆိုရင် မြန်မာပြည်မှာ လူတိုင်းသိကြတယ်။ အဲဒီအသံထွက်နဲ့ပြောတော့ အမေရိကန်ဆရာမက ကျွန်တော့် ငပိသံကို နားမလည်။
ဂီတာနဲ့ ဂစ်တာမှာ တေးဂီတကနေဆက်ယူပြီး ဂီတာလို့ရေးကြတယ်။ အမှန်က ဂစ်တားက ပိုပြီးနီးစပ်တယ်။ အဲတာတောင် အဆုံးမှာ ရ်သံလေးနည်းနည်းပါသေးတာ။
အင်ပါယာစကားက အင်္ဂလိပ် အသံထွက်ကို ယူထားတာဖြစ်တယ်။ အသံထွက်တဲ့အခါ အင်မ်မှာ ပါးစပ်မပိတ်မိရင် မှားတယ်။ ဂျိုဆေးနဲ့ ဟိုဆေး ဘာကိုအမှန် ယူရပါမလဲမေးတယ်။ အဲတာက စပိန်စကား။ အင်္ဂလိပ်သံထွက်ရင် မှားတယ်။
ဂိန်းဆော့ဖို့ ဖုန်းတွေ ပေးထားကြတယ်ဆရာဆိုတဲ့ ကွန်မင့်တွေ့တယ်။ ဂိမ်းလို့သာရေးသင့်တယ်။ ဂိန်းလို့ နငယ်သံနဲ့ ပြောရင် ရေးရင် ရယူသည်၊ အမြတ်လို့ အဓိပ္ပါယ်ဖြစ်သွားမယ်။ မှားတယ်။
နည်းနည်းရှုတ်ထွေးတဲ့ ဗိုင်နဲလ်ကို ဗီနိုင်းလို့ထွက်တာ၊ မမှန်ပါ။ ဆိုင်းဘုတ်ဆိုတာလည်း အင်္ဂလိပ်စာလုံးပဲ။
အင်္ဂလိပ်စာလုံးတွေအတိုင်း ထွက်ဆိုခေါ်တာတွေ တနေ့တခြားများများလာပါတယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်တော့ ရပါတယ်။ အင်္ဂလိပ်လိုပြောတဲ့ တိုင်းပြည်တွေမှာ နားမလည်ကြလောက်ပါ။ ကျောင်းသားတုန်းက ဂျီသြမေထရီလို့ရေးခဲ့တာ ဂျော်မက်ထရီ (ဂျီအိုမက်ထရီ) ဖြစ်သင့်တယ်။
စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ဆိုက်ဗီးရီးယား၊ ယန်ဆီမြစ်၊ ရှီကာဂိုး၊ ဗဲလဂျီယမ်၊ ကွန်မျူနစ်၊ တီဗီရောဂါ စသည်။ ပြောင်းလာတာတွေက ပိုနီးစပ်တယ်။ အင်္ဂလိပ်လို့ ရေးနေကြပေမဲ့ ယုဒသန်အဘိဓာန်မှာ အင်္ဂလိက်လို့ရေးတယ်။
တူရကီကို တာရ်ကီ၊ ပေါ်တူကီကို ပေါ်တူဂယ်လ် လို့ကပိုသင့်တယ်။ အိုဘားမားကို အိုဗားမားလို့ရေးတာ မှားတယ် ပြောမရ။ ဒေါ်နယ်ထရမ့်ကိုတော့ ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။
အင်္ဂလိပ်စာမှာ တခြားဘာသာစကားတွေကနေယူထားတာတွေရှိတယ်။ လက်တင်ကနေ ၂၉%၊ ပြင်သစ်ကနေ ၂၉%၊ ရှေးဟောင်းဂျာမန်ကနေ ၂၆%၊ ဂရိကနေ ၆% ရှိတယ်လို့ဆိုပါတယ်။
ကျွန်တော်တို့လည်း တခြားဘာသာစကားတွေကနေ မယူမဖြစ်ပါ။ အတိအကျလိုက်လို့လည်း မရပါ။ သွက်သွက်ခါမမှားရင် တော်သေးတယ်။ ဆူပါအမှားမဟုတ်ရင် တော်သေးတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၈

Comments
Post a Comment