Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း

၁။ ဆရာ ရေကန်မှာ ပိုးလောက်လန်းတွေ ပေါက်နေလို့ မပေါက်အောင် ဘာလုပ်ရမလဲ ဆရာ။ လူကိုအန္တရာယ်မဖြစ်တဲ့ ဆေးတွေ ဘာတွေ ပိုးလောက်လန်းမပေါက်အောင် ကန်ထဲထည့်ထားလို့ရတာ ရှိလားဆရာ။

၂။ ဆရာခင်ဗျား ခုလိုမိုးရွာတဲ့အချိန်မှာ ၇ လသားအရွယ်ကလေး ခြင်မကိုက်အောင် ဘာဆေးလိမ်းရမလဲခင်ဗျာ။ ဖြစ်တတ်တဲ့ရောဂါတွေရဲ့လက္ခဏာလေးတွေပါပြောပြပေးပါဦးဆရာ။ ဘယ်လိုလက္ခဏာဖြစ်လာရင် ဘာတွေ လုပ်ရမယ်ဆိုတာပါ။ ကလေးထိန်းနဲ့ထားရလို့ စိတ်မချလို့ပါဆရာ။ ကျေးဇူးအထူးတင်ပါတယ်။

တမြန်နှစ်နွေရာသီတုန်းက ခြင်နှိမ်နင်းရေးနဲ့ ဗီတာမင်ဘီ-ဝမ်းစာတင်တော့ ပွက်လောညံသွားခဲ့တယ်။ မှန်တယ် ပြောသူရော ရစရာမရှိအောင်ရှုံ့ချသူပါ များလွန်းတာ၊ ခြင်ပေါသလိုပဲ။ ခြင်နှိမ်နင်းရေး ရေးတဲ့သူကို ခြင်ပိုက်ကိုက်တယ်။

ကမ္ဘာမှာ ခြင်အမျိုးအစားပေါင်း (၃ဝဝဝ) ရှိတယ်။ လူပေါင်း (၂) သန်းလောက်ဟာ ခြင်ကနေကူးစက်တဲ့ရောဂါတွေကို ခံစားကြရတယ်။ ခြင်ကိုက်ခံရရင် ငှက်ဖျား၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ အဝါရောင် အဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ နိုင်းမြစ်အနောက်ဖက်ကမ်းရောဂါတွေကို ကူးစက်စေနိုင်တယ်။ ခြင်ထီးတွေက လူ့သွေးမစုပ်ပါ။ ခြင်မတွေကတော့ ဥအတွက်သွေးလိုလို့ သွေးစုပ်ရတယ်။

ခြင်လိမ်းဆေးတွေထဲမှာ DEET ပါတယ်။ 40% DEET ခြင်လိမ်းဆေးက ၇ နာရီကြာခံတယ်။ ဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ မှတ်ဉာဏ်မေ့၊ ခေါင်းကိုက်၊ ကြွက်သားအားနည်း၊ အဆစ်နာ၊ လက်တုန်၊ တက်၊ အာရုံကြောအဆိပ်သင့်၊ ဦးနှောက်ထိခိုက်၊ အရေပြားအနေရခက်၊ အင်ပြင်ထွက်၊ ပျို့-အန်၊ သွေးဖိအားကျ၊ နှလုံးခုန်နှေး၊ အသက်ရှူမဝ၊ မျက်ရည်ကျတာတွေ ဖြစ်နိုင်တယ်။ 1-methylpiperzine ဒြပ်ပေါင်းပါတဲ့ ခြင်ဖြန်းဆေးလည်း သုံးရတယ်။ ကြာကြာမခံပဲ အငွေ့ပျံတယ်။ ခြင်ဆေးထဲမှာပါတဲ့ Permethrin ဓါတ်ကနေလည်း ဆိုးကျိုးတွေရစေနိုင်တယ်။ အဆုပ်၊ အသည်းကင်ဆာ ကိုလည်း သံသယရှိတယ်။ ကလေးတွေအမူအယာပြောင်းတာလည်း ဖြစ်စေနိုင်တယ်။ အာရုံကြောမကောင်း ဖြစ်စေနိုင်တယ်။ ပျားကောင်တွေနဲ့ ကြောင်တွေကိုလည်း အဆိပ်သင့်စေနိုင်သေးတယ်။

သဘာဝနည်းတွေလည်းသုံးနိုင်ပါတယ်။ ခြင်မရှိရာမှာသာနေထိုင်ပါ။ နေ့ခင်းမှာသက်သာတယ်။ ရေသေရှိရာမှာသာ ခြင်ပေါတယ်။ ခြင်က ရေရှိမှသာအသက်ရှင်ပြီး မျိုးပွါးနိုင်တယ်။ ရေကျန်နေနိုင်တဲ့ ပန်းအိုး၊ တာယာဟောင်း၊ အိုးခွက်၊ ရေမြောင်း၊ ရေတံလျှောက်၊ ရေလှောင်ကန်၊ အမှိုက်ပုံ၊ ငှက်သိုက်စတာတွေမှာ ရေကျန်မနေစေအောင် ရှင်းလင်းပါ။ အရောင်ဖျော့တဲ့ အဝတ်ဝတ်ပါ။ ခြေလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ခြေအိတ်ဝတ်ပါ။ ပန်ကာဖွင့်ထားပါ။ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါအကြည်ဆီနဲ့ သံလွင်ဆီရောထားတာကလည်း ခြင်ကိုနိုင်တယ်။ လိမ်မော်ယူကလစ် ၃၂% ဟာ ၃ နာရီကြာ ၉၅% မက အကာကွယ်ပေးတယ်။ လင်းနို့နဲ့ ပုစဉ်းရှိရင် ခြင်မနေနိုင်ပါ။ ထပ်တရာပန်းပင်စိုက်ထားပါ။

ခြင်အများစုက ရေသေမှာမျိုးပွါးကြတယ်။ အဲလိုရေတွေမထားရ၊ ရှင်းလင်းရမယ်။ (OWMM) နည်းနဲ့ (RIM) နည်းတွေ ရှိတယ်။ ဇီဝထိန်းချုပ်မှုမှာ ခြင်ကိုနိုင်တဲ့ ပါရာဆိုက်၊ ပိုးမွှားနဲ့ ခြင်းစားတဲ့အကောင်တွေ သုံးရတယ်။ Gambusia affinis ခြင်စားငါး၊ cyprinids နဲ့ killifish ငါးတွေမွေးရတယ်။ တီလားပီယားငါးလည်း ခြင်လောက်လန်းကိုစားတယ်။ ဒါပေမယ့် ငါးတွေ အများအပြားမွေးပြန်ရင် ဂေဟစနစ်ကိုထိခိုက်စေတယ်။ Bacillus thuringiensis ဗက်တီးရီးယား၊ Metarhizium anisopliae နဲ့ Beauveria bassiana အကောင်တွေကိုလည်းသုံးတယ်။ သဘာဝဝန်းကျင်ကိုမထိခိုက်စေတဲ့ (IPM) နည်း သုံးနိုင်တယ်။

ခြင်နှိမ်နင်းရေးအချုပ်
Vitamin B1 ဗီတာမင်ဘီ-ဝမ်းကို ဆန်းစစ်မှုရလဒ်တွေက မတူကြပါ။ ၂ဝဝ၅ ထုတ် အမေရိကန်ခြင်နှိမ်နင်းရေး ဂျာနယ်မှာ ရေးထာတာရှိတယ်။ ဗီတာမင်ဘီ သောက်ထားသူအုပ်စု၊ ဗီတာမင်စီ သောက်ထားသူအုပ်စုနဲ့ ဘာဆေးမှ မသောက်သူအုပ်စု (၃) စုကို လေ့လာတယ်။ မထူးခြားဘူးလို့ ကောက်ချက်ချပါတယ်။ ဘရာဇီးလ်မှာ ဗီတာမင်ဘီကို ဖြန်းဆေးလုပ်ပြီး စမ်းခဲ့တယ်။ မထူးဘူးလို့ကောက်ချက်ချတယ်။ ၁၉၆ဝ ကျော်လာက်က သုတေသနတွေအရ ဗီတာမင်ဘီ-ဝမ်းကို နေ့စဉ်နည်းနည်းသောက်တာ ခြင်ကိုက်မခံရ (သက်သာတယ်) လို့သိရပါတယ်။

လူ့အရေပြားအနံ့ကနေ ခြင်ပြေးအောင်လုပ်တာဖြစ်တယ်။ ဒီဆေးနံ့ကို လူကမရပေမယ့် ခြင်ကအတော်မကြိုက်ပါလို့ပါ။ ဘီ-ဝမ်းဆေးပြားကို တနေ့မှာ 25 ကနေ 50mg အထိ ၂ ပါတ်ကြာသောက်ထားရင် ခြင်မကိုက်စေပါလို့ရေးတာရှိပါတယ်။ (တဆေး) ခေါ် ကစော်ဖေါက်ရာမှာသုံးတဲ့ Yeast ဆေးပြားမှာ ဗီတာမင်ဘီဝမ်းပါတာများလို့ သုံးနိုင်ပါတယ်။ Vitamin B1 100mg နေ့စဉ် သောက်နည်းအဖြစ်လည်းသုံးတယ်။ ခြင်ပေါတဲ့ဒေသမသွားခင် ၂ ပါတ် သောက်သင့်တယ်။

လူတွေ ခြင်ကိုက်ခံနိုင်တာ မတူကြတာက ကိုယ်နံ့မတူလို့ပါ။ ဘီ-ဝမ်း သောက်တာလည်း အနံ့ကို ပြောင်းစေတာသာ ဖြစ်တယ်။ ဘီ-ဝမ်းဖျော်ထားတာကလည်း လေနံ့ပြောင်းစေတာဖြစ်ပါတယ်။ ရေသန့်ကိုဗူးခွံထဲကို ရေ ၁ဝဝ စီစီနဲ့ ဗီတာမင်ဘီဝမ်း ၁ဝ ပြားရောထည့်ပြီး ပျော်ဝင်သွားအောင်လှုပ်ခါပေးပါ။ ဗီတာမင်ဘီဝမ်းအနံ့ဟာ ခြင်တွေမနှစ်သက်လို့ ခြင်လာမကပ်တော့ပါ။ ဆေးရည်ဟာ အနည်းဆုံး ၇ နာရီလောက် ကာကွယ်ပေးနိုင်တယ်။

ကျွန်တော်ရေးတဲ့ ခြင်နှိမ်နင်းရေးစာဟာ ဆေးရောင်းချင်လို့ရေးတာမဟုတ်ပါ။ ရမ်းကုနည်းလည်းမဟုတ်ပါ။ အာမခံချက်နဲ့ ရေးတာလည်း မဟုတ်ကြောင်းပါခင်ဗျား။

1. Common infections during rainy season မိုးရာသီတွင် ဘာဆင်ခြင်ရမလဲ http://doctortintswe.blogspot.com/2017/08/common-infections-during-rainy-season.html
2. Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး http://doctortintswe.blogspot.com/2014/10/dengue-haemorrhagic-fever-dhf.html
3. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
4. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
5. Mosquito fogging ခြင်ဆေးမှုတ်ခြင်း http://doctortintswe.blogspot.com/2016/08/mosquito-fogging.html
6. Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း http://doctortintswe.blogspot.com/2016/05/mosquito-question.html
7. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
8. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2017/01/mosquitoes.html
9. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2016/01/mosquitoes.html

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆
၃၁-၅-၂ဝ၁၇
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး