Mosquito control ခြင်နှိမ်နင်းရေး

မင်္ဂလာပါဆရာ။ ကျမတို့သူငယ်ချင်းအုပ်စုပေါင်းပြီး ရန်ကုန်မှာတိုက်ခန်းစုငှားနေကြပါတယ်။ ခြင်၊ ကြမ်းပိုး အလွန်ပေါပါတယ်။ ခြင်ဆေးဖျန်းဗူးနဲ့ အမြဲဖြန်းပေးနေသောကြောင့် သက်သာရာရပါသောလည်း သူငယ်ချင်း မလေးတယောက်မှာ သွေးသားကွာလို့ပဲလားမသိ ခြင်သံကြားရင် ယားအဖုတွေထွက် နဂိုဖွေးနေတဲ့ အသားအရေလေးကနေ တစ်ကိုယ်လုံး အမာရွတ်များစွာနဲ့ဖြစ်နေလို့ပါ။ နယ်မှာနေစဉ်ကတည်းက သွေးသားကချိုလို့ သူ့မိသားစုတွေ ခြင်ကိုက်မခံရပဲ၊ သူပဲကိုက်ခံရဖူးပါတယ်တဲ့။ အသက် ၂၈၊ အိမ်ထောင်မရှိပါ။ သွေးသားသန့် သွားအောင်နဲ့ အမာရွတ်များမြန်မြန်ပျောက်စေမဲ့ ဆေးညွန်းပေးစေလိုပါတယ်ရှင့်။ ဆရာ ကျန်းမာချမ်းသာပါစေ။

ခြင်နှိမ်နင်းရေးအကြောင်း ဘလော့နဲ့ ဖေ့စ်ဘွတ်မှာရေးတင်ပါတယ်။ တုန့်ပြနမှုတွေကို များမယ်လို့ မျှော်လင့်မထားပါ။ များပါတယ်။ စာထဲမှာ အစပိုင်းမှာရေးလိုက်တဲ့ ဗီတာမင်ဘီဝမ်း (ဘီ ၁) ဆေးပြားနည်းကို ချက်ချင်းအသုံးပြုကြပုံရတယ်။ ကွန်မင့်တွေ တခုပြီးတခုတက်လာတယ်။ အဆင်ပြေကြောင်းကများတယ်။ ဆေးရှာရခက်လာကြောင်း၊ ဆေးဈေးတက်ကြောင်း၊ ဆေးပြတ်ကုန်ကြောင်းလည်းဖတ်ရပါတယ်။ အဲ့ လေးငါးရက်လောက်လည်းနေရော အဆင်မပြေတာတွေ ပြောလာသူရှိလာတယ်။ လက်တွေ့ထိရောက်မှုကို အချက်ကြထောက်ပြတာမဟုတ်ပဲ စာရေးသူကို အပုပ်ချစာတွေဖြစ်နေပါတယ်။ အဲတာနဲ့ ခြင်နှိမ်နင်းရေးစာကို မွမ်းမံပြီးရေးရပြန်ပါတယ်။

ဗီတာမင်ဘီ-ဝမ်းသုံးနည်းကို ထိရောက်တယ်ပြောသူရော အလကားပါပြောသူလည်းတွေ့ရတယ်။ တချို့ကစာထဲပါတဲ့နည်း မဟုတ်တာရေးပြပြီး အပုပ်ချတယ်။ ဘီဝမ်းဆေးပြားနဲ့ ရေသမအောင်ရောထားရမှာကို သနပ်ခါးလိမ်းသလိုလိမ်းသတဲ့။ ခြင်မပြေးပါဘူးတဲ့။ တချို့လည်း ကျောက်ဖရုံသီးသတင်းနဲ့ ပေးစားသေးတယ်။ ဆေးနည်းတိုင်းမှာ ၁ဝဝ% အာမခံချက် မရှိပါ။ ဒီနည်းရဲ့ ထိရောက်မှုကို သေသေချာချာရေးထားခဲ့ပါတယ်။

ရေသန့်ကိုဗူးခွံထဲကို ရေ ၁ဝဝ စီစီနဲ့ ဗီတာမင်ဘီဝမ်း ၁ဝ ပြားရောထည့်ပြီး ပျော်ဝင်သွားအောင်လှုပ်ခါပေးပါ။ ဗီတာမင်ဘီဝမ်းအနံ့ဟာ ခြင်တွေမနှစ်သက်လို့ ခြင်လာမကပ်တော့ပါ။ ဆေးရည်ဟာ အနည်းဆုံး ၇ နာရီလောက် ကာကွယ်ပေးနိုင်တယ်။

(သိုင်ယာမင်း) ခေါ် ဗီတာမင်ဘီဝမ်းကို ခြင်ဆေးအဖြစ်သုံးကြတာကြာပြီ။ အနံ့ကနေခြင်တွေကို မလာစေတာ ဖြစ်တယ်။ ဒါပေမယ့် ဘာ့ကြောင့်ဆိုတာ သိပ္ပံနည်းနဲ့သက်သေမပြနိုင်ပါ။ ဗီတာမင်ဘီ-ဝမ်းသောက်ထားရင် ခြင်ကိုက်မခံရဘူးဆိုတာကို ၁၉၆ဝ တုံးက စမ်းသပ်မှုအရ ထိရောက်မှုမရှိတာတွေ့ရတယ်။ ဘီဝမ်းအနံ့က ချွေးထဲမှာရနေရင် ခြင်ဒဏ်ကိုခံနိုင်တယ်။ ဘီ-၁ (၁ဝဝ) မီလီဂရမ်ကို နေ့တိုင်းသောက်တော့ ခြင်ကိုက်ခံရတာ သက်သာတယ်လို့ တွေ့တယ်။ ငှက်ပျောသီးမစားပဲ နေတာလည်းသက်သာတယ်။ ကြက်သွန်ဖြူဆေးတောင့်လည်း သက်သာစေတယ်။

ကမ္ဘာမှာ ခြင်အမျိုးအစားပေါင်း (၃ဝဝဝ) ရှိတယ်။ ခြင်ကိုက်ခံရရင် ငှက်ဖျား၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ အဝါရောင် အဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ နိုင်းမြစ်အနောက်ဖက်ကမ်းရောဂါတွေကို ကူးစက်စေနိုင်တယ်။ ကမ္ဘာမှာ လူပေါင်း (၂) သန်းလောက်ဟာ ခြင်ကနေကူးစက်တဲ့ရောဂါတွေကို ခံစားကြရတယ်။ ခြင်ထီးတွေက လူ့သွေးမစုပ်ပါ။ ခြင်မတွေက ဥအတွက်သွေးလိုလို့ သွေးစုပ်တယ်။ ခြင်တွေဟာ သူတို့ကြိုက်တဲ့အနံ့ဆိုရင် ဂိုက် ၅ဝ လောက်နေ အနံ့ရနိုင်ကြတယ်။ လူတွေကိုယ်ပေါ်ကအရေပြားမှာ ဗက်တီးရီးယားပေါင်း ၁ ထရီလီယန် ရှိနေတယ်။ သူတို့ကနေ အနံ့ဖြစ်စေတယ်။ လူတယောက်နဲ့တယောက်မှာ ၁ဝ% လောက်သာရှိတာတူကြတယ်။ အဲတာကြောင့် ကိုယ်နံ့မတူကြပါ။ တချို့ကို ခြင်သိပ်အကိုက်ခံရပြီး တချို့က ခြင်ပြီးသလိုရှိနေတယ်။

လူ့အရေပြားပေါ်မှာ ဗက်တီးရီးယားပေါင်း (၁) ထရီလီယန်ရှိနေတယ်။ ကိုယ်နံ့ကိုဖြစ်စေတယ်။ ခြင်တွေကို ဆွဲဆောင်နေတယ်။ ဗက်တီးရီးယား ၁ဝ% က လူအများစုမှာရှိတာတူကြတယ်။ ခြင်ပြီးသူတွေမှာ ခြင်ဒဏ်ခံနိုင်တဲ့ ဗက်တီးရီးယားတွေရှိနေလို့ဖြစ်တယ်။ လူ့လက်မှာရှိတဲ့ ဓါတ်ပေါင်း (၂၇၇) မျိုးကနေ ခြင်တွေကို ဆွဲဆောင်စေတယ်။ လက်တစ်အက်စ်၊ အမိုးနီးယား၊ ကာဘောလစ်အက်စစ်၊ အောက်တီနောဓါတ်တွေက အများဆုံးဖြစ်တယ်။ အဲတာတွေ များလေလေ ခြင်ကြိုက်လေ။

ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုသဘောကျတယ်။ အဲဒီဓါတ်များသူကို ခြင်ပိုကိုက်တယ်။ လူကြီးတွေကို ကလေးတွေထက်ခြင်ပိုကိုက်တာ အဲတာကြောင့်ဖြစ်တယ်။ ခြင်တွေက အပူနဲ့ လှုပ်ရှားမှုကို သဘောကျတယ်။ နွေရာသီ အပြင်မှာ လေ့ကျင့်ခန်းလုပ်ရင် ခြင်အကိုက်ခံရတတ်တယ်။ ခြင်တွေက ချွေးအဟာင်းကို ပိုကြိုက်ကြတယ်။ ချွေးသန့်သန့်မှာ အနံ့မရှိပါ။ ဗက်တီးရီးယားနဲ့ပေါင်းစပ်မှ အနံ့ဖြစ်လာတယ်။ ငှက်ဖျားခြင်ဟာ ၁-၂ ရက်က ထွက်ထားတဲ့ချွေးကို သဘောကျနှစ်သက်ကြတယ်။ အဲဒီရက်အတွင်းမှာ ချွေးကို ဗက်တီးရီးယားတွေရောလို့ အက်စစ်ကနေ အယ်လ်ကာလီပြောင်းလာတယ်။ အမိုးနီးယားထွက်လာပြီး ခြင်တွေကြိုက်လာစေတယ်။ ငှက်ဖျားခြင်က ခြေထောက်ပိုင်းကအနံ့ကိုကြိုက်တယ်။ အနံ့ဆိုးတဲ့ ခြေအိတ်တွေမှာ နားနေတတ်တယ်။

ခြင်အများစုက ရေသေမှာမျိုးပွါးကြတယ်။ အဲလိုရေတွေမထားရ၊ ရှင်းလင်းရမယ်။ (OWMM) နည်းနဲ့ (RIM) နည်းတွေ ရှိတယ်။ ဇီဝထိန်းချုပ်မှုမှာ ခြင်ကိုနိုင်တဲ့ ပါရာဆိုက်၊ ပိုးမွှားနဲ့ ခြင်းစားတဲ့အကောင်တွေ သုံးရတယ်။ Gambusia affinis ခြင်စားငါး၊ cyprinids နဲ့ killifish ငါးတွေမွေးရတယ်။ တီလားပီယားငါးလည်း ခြင်လောက်လန်းကိုစားတယ်။ ဒါပေမယ့် ငါးတွေ အများအပြားမွေးပြန်ရင် ဂေဟစနစ်ကိုထိခိုက်စေတယ်။ Bacillus thuringiensis ဗက်တီးရီးယား၊ Metarhizium anisopliae နဲ့ Beauveria bassiana အကောင်တွေကိုလည်းသုံးတယ်။ သဘာဝဝန်းကျင်ကိုမထိခိုက်စေတဲ့ Integrated pest management (IPM) နည်းကို သုံးနိုင်တယ်။

စမ်းသပ်နေတဲ့နည်းတွေလည်းရှိတယ်။ မျိုးမပွါးနိုင်တဲ့ခြင်အထီးတွေ များများလုပ်ပေးနည်းလည်းပါတယ်။ အေးဒီးစ် အီဂျစ်ပတိုင်းခြင်ကိုနှိမ်ဘို့ တက်ထွာဆိုက်ကလင်းကို မျိုးပွါးခြင်းအဆင့်တခုမှာ သုံးနည်း။ တခြားနည်းတွေကိုလည်း စမ်းသပ်နေပါတယ်။ ခြင်လောက်လန်းကို ထောင်ခြောက်ဆင်နည်း။ ခြင်လောက်လန်းကိုစားတဲ့ Gambussia Affinis, Ebites Reticulatus, Jewel-fish စတဲ့ငါးတွေမွေးနည်း။ ရေပြင်ပေါ်မှာ ပလပ်စတစ်လွှာဖုံးပေးနည်းလည်း ပါတယ်။ ရေမျက်နှာပြင်ပေါ်မှာ ရေနံဆီ၊ ထောင်ခြောက်ဆင်နည်းမှာ BG-Sentinel traps သုံးတယ်။ လောက်လန်းသတ်ဆေး Methoprene ဆေးသုံးတယ်။

ခြင်ကိုက်အခံရအောင် လိမ်းဆေးတွေထဲမှာ DEET ပါတယ်။ 40% DEET ခြင်လိမ်းဆေးက ၇ နာရီကြာခံတယ်။ ဒီဓါတ်ကနေ ဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ မှတ်ဉာဏ်မေ့၊ ခေါင်းကိုက်၊ ကြွက်သားအားနည်း၊ အဆစ်နာ၊ လက်တုန်၊ တက်၊ အာရုံကြောအဆိပ်သင့်၊ ဦးနှောက်ထိခိုက်၊ အရေပြားအနေရခက်၊ အင်ပြင်ထွက်၊ ပျို့-အန်၊ သွေးဖိအားကျ၊ နှလုံးခုန်နှေး၊ အသက်ရှူမဝ၊ မျက်ရည်ကျတာတွေဖြစ်နိုင်တယ်။ 1-methylpiperzine ဒြပ်ပေါင်းပါတဲ့ ခြင်ဖြန်းဆေးလည်း သုံးရတယ်။ ကြာကြာမခံပဲ အငွေ့ပျံတယ်။

ခြင်ဆေးထဲမှာပါတဲ့ Permethrin ဓါတ်ကနေလည်း ဆိုးကျိုးတွေရစေနိုင်တယ်။ အဆုပ်၊ အသည်းကင်ဆာကိုလည်း သံသယရှိတယ်။ ကလေးတွေအမူအယာပြောင်းတာလည်း ဖြစ်စေနိုင်တယ်။ အာရုံကြောကိုမကောင်းဖြစ်စေနိုင်တယ်။ ပျားကောင်တွေနဲ့ ကြောင်တွေကိုလည်း အဆိပ်သင့်စေနိုင်သေးတယ်။ ခြင်ဖြန်းဆေး DDT ကို ၁၉၅၈ ကတည်းက သုံးခဲ့ကြတယ်။ အခုတော့ ၁၄ နိုင်ငံမှာသာသုံးတော့တယ်။ သဘာဝဝန်းကျင် ထိခိုက်စေတယ်။ တချို့ခြင်တွေက ဆေးယဉ်ကြပြီ။ Lethal ovitraps ထောင်ခြောက်သုံးတယ်။ Aedes mosquito ခြင်အရေအတွက်ကို ထိန်းချုပ်နိုင်တယ်။ တခြားနည်းတွေလည်းစမ်းနေတယ်။

သဘာဝနည်းတွေလည်းသုံးနိုင်ပါတယ်။ ခြင်မရှိရာမှာသာနေထိုင်ပါ။ နေ့ခင်းမှာသက်သာတယ်။ ရေသေရှိရာမှာသာ ခြင်ပေါတယ်။ ခြင်က ရေရှိမှသာ အသက်ရှင်ပြီး မျိုးပွါးနိုင်တယ်။ ရေကျန်နေနိုင်တဲ့ ပန်းအိုး၊ တာယာဟောင်း၊ အိုးခွက်၊ ရေမြောင်း၊ ရေတံလျှောက်၊ ရေလှောင်ကန်၊ အမှိုက်ပုံ၊ ငှက်သိုက်စတာတွေမှာ ရေကျန်မနေစေအောင် ရှင်းလင်းပါ။ အရောင်ဖျော့တဲ့ အဝတ်ဝတ်ပါ။ ခြေလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ခြေအိတ်ဝတ်ပါ။ ပန်ကာဖွင့်ထားပါ။ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါအကြည်ဆီနဲ့ သံလွင်ဆီရောထားတာကလည်း ခြင်ကိုနိုင်တယ်။ လိမ္မော်ယူကလစ် ၃၂% ဟာ ၃ နာရီကြာ ၉၅% မက အကာကွယ်ပေးတယ်။ လင်းနို့နဲ့ ပုစဉ်းရှိရင် ခြင်မနေနိုင်ပါ။ ထပ်တရာပန်းပင်စိုက်ထားပါ။

အချုပ်ပြောပါစေ။ ကျွန်တော်ရေးတဲ့ ခြင်နှိမ်နင်းရေးစာဟာ ဆေးရောင်းချင်လို့ရေးတဲ့စာမဟုတ်ပါ။ ရမ်းကုနည်းလည်း မဟုတ်ပါ။ အာမခံချက်နဲ့ရေးတာလည်း မဟုတ်ကြောင်းပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး