Brexit (2) ဘရစ်ဇစ် (၂)

(အီးယူ) ထဲကနေ ဗြိတိန် တကယ်ထွက်ဘို့ရာ အချိန်ကြာပါဦးမယ်။ စကားတွေပြောကြရဦးမယ်။ ဈေးဆစ်ကြရဦးမယ်။ ဗြိတိန်ရဲ့ ပေါ်လစီတွေ အတော်များများကို သက်ရောက်မှုတွေရှိလာတော့မယ်။ စီးပွါးရေး၊ လူဝင်မှုကြီးကြပ်ရေး။ ဆန္ဒခံယူပွဲမှာ အနိုင်ရတာဟာ ဥပဒေစည်းနှောင်မှု မရှိသလောက်လို့ဆိုပါတယ်။ အဲလိုမရှိလို့ ပြောင်းပြန်လှန်ပြီး မထွက်ရေးသာ လုပ်ရင်တော့ နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာဖြစ်ပါမယ်။

(အီးယူ) စာချုပ်ပိုဒ် (၅ဝ) မှာ ထွက်နည်းအဆင့်ဆင့်ရေးထားတယ်။ တရားဝင်အကြောင်းကြားရမယ်။ ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ပြူတင်းပေါက် ကြားကာလ (၂) နှစ်ရှိတယ်။ ကုန်သွယ်ခွန်၊ ရွှေ့ပြောင်းနေထိုင်သူ စတာတွေကို ညှိကြရလိမ့်မယ်။ စိုက်ပျိုးရေးကနေ မော်တော်ကားအထိပါတယ်။ အဆင်ပြေရင် ထွက်သွားတဲ့ဗြိတိန်က ဥရောပဈေးကွက် ဆက်ရနေနိုင်တယ်။ ဥပမာ အဖွဲ့ဝင်မဟုတ်တဲ့ နော်ဝေလို။ အဲတာက အကောင်းဆုံမျှော်မှန်းနိုင်တာပါ။

တိုင်းတပါးသားတွေ ဗြိတိန်ကိုလာနိုင်ဘို့ မရေရာတော့ပါ။ ပိုခက်တာက ဗြိတိန်နိုင်ငံသားပေါင်း ၁့၂ သန်းက တခြားအီးယူ နိုင်ငံတွေမှာ သွားနေကြတယ်။ တခြားအီးယူနိုင်ငံသားပေါင်း ၃ သန်းကဗြိတိန်မှာလာနေကြတယ်။ အရင်ကလို အင်္ဂလိပ် ရေလက်ကြားဖြတ်ရုံနဲ့ ကူးသန်းလို့လွယ်မှာမဟုတ်တော့ပါ။

နောက်သက်ရောက်မှုတခုက လက်ရှိဗြိတိန်အစိုးရ ပြုတ်ကျသွားနိုင်တယ်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဆန္ဒခံယူပွဲကို လုပ်ချင်သူမဟုတ်ပါ။ ပါတီတွင်းဖိအားအရ လုပ်ရပါတယ်။ ဗြိတိန်စီးပွါးရေးကိုထိခိုက်မှာတော့သေချာတယ်။ အခုကိုစနေပြီ။ အချိန်လည်းကြာနိုင်တယ်။

ထွက်ချင်သူတွေဘက်က ထွက်လိုက်ရင် ဗြိတိန်မှာလွတ်လပ်မှုတွေပိုရမယ်။ ကိုယ်နယ်နိမိတ်ကို ကိုယ်ပိုင်မယ်။ ၂ဝဝ၈ စီးပွားပျက်စဉ်က ဆီးရီးယားဒုက္ခသည်တွေဒဏ်ကို (အီးယူ) တခုလုံးခံခဲ့ရတယ်။ ရေရှည်မှာ ဗြိတိန်အတွက်ကောင်းမယ်လို့ ထင်ကြတယ်။

(အီးယူ) ဆိုတာ ၁၉၅၂ ခုနှစ်ကတည်းကစခဲ့တာပါ။ ဥရောပ ကျောက်မီးသွေးနှင့် သံမဏိကွန်မြူနတီနဲ့စခဲ့တယ်။ ခေါင်းဆောင်တွေက ကမ္ဘာစစ်ကြီးထပ်မဖြစ်ချင်ကြတာအတွက် စဉ်းစားခဲ့ကြတယ်။ အဓိက ဂျာမဏီနဲ့ ပြင်သစ်။ ၁၉၆၇ မှာ ဥရောပစီးပွါးရေးကွန်မြူနတီဖြစ်လာတယ်။ ၁၉၉၃ မှာ (မက်စ်ထရစ်) စာချုပ်ဖြစ်လာတယ်။

ကနေ့ကာလမှာတော့ ဘရပ်ဆဲလ်မြို့မှာ အခြေစိုက်ပြီး ဥရောပ နိုင်ငံရေးနဲ့ စီးပွါးရေး ဗျူရိုကရေစီယန္တရားကြီး လည်ပတ်နေပါတယ်။ (ရှန်ဂန်ဗီဇာ) စနစ်လည်းကျင့်သုံးလို့ အဖွဲ့ဝင်နိုင်ငံတခုအတွက်ဗီဇာကို တခြားနိုင်ငံတွေကလည်း အသိအမှတ်ပြုတယ်။ ဒါပေမယ့် (ယူအက်စ်အေ) လို (ယူနိုက်တက် စတိတ်စ် အော့ဖ် ယူရုပ်) အိပ်မက်တော့ မှန်းမရနိုင်ပါ။ လူမျိုးတိုင်းက ကိုယ်တိုင်းပြည်နဲ့လူမျိုးစွဲကြီးကြတယ်။ ဗြိတိန်ဟာ ၁၉၇၃ မှာ (အီးယူ) အဖွဲ့ဝင်ဖြစ်လာတယ်။ ဒါပေမယ့် အခုထိ တခြားအဖွဲ့ဝင်နိုင်ငံတွေလို အပြည့်အစုံ သူ့ (အင်စတီကျူးရှင်း) တွေအပေါ် (အီးယူ) ပုံစံလက်ခံမထားပါ။ ဥပမာ (ရှန်ဂန်ဗီဇာ) စနစ်။

အဆိုးဆုံးမှန်းဆချက်တခုကတော့ ဗြိတိန်ကွဲထွက်သွားမလား။ အင်္ဂလန်၊ ဝေးလ်စ်၊ စကော့တလန်နဲ့ မြောက်ပိုင်း အိုင်ယာလန် (၄) ခုပေါင်းထားတဲ့ (ယူနိုက်တက် ကင်းဒမ်း) ဟာ ကနေ့လိုဆက်ရှိပါဦးမလား စဉ်းစားလာကြပြီ။ ဆန္ဒခံယူပွဲမှာ စကောတလန်သားတွေက (အီးယူ) နဲ့ဆက်တွဲနေချင်တဲ့ဖက်ကမဲပေးခဲ့ကြတယ်။ သူတို့က အင်္ဂလန် ကြီးစိုးနေတာကို မကြိုက်ကြပါ။ ၄၄% က လွတ်လပ်တဲ့နိုင်ငံဖြစ်ချင်နေကြတယ်။ အဲတာက ၂ဝ၁၄ ခုနှစ်က သိထားရတာ ဖြစ်ပါတယ်။ ဒါလည်းပဲ လွန်ခဲ့တဲ့ ၂ နှစ်မှာ အဲလိုအမြင်က ကျဆင်းလာတယ်လို့ ထောက်ပြချက်လည်းရှိပါတယ်။ (အီးယူ) အနေနဲ့လည်း အချမ်းသာဆုံးအဖွဲ့ဝင်တနိုင်ငံ ဆုံးရှုံးလိုက်ရတာဖြစ်ပါမယ်။

ဒီလို ထူးခြားတုန်လှုပ်စရာကောင်းလှတဲ့သတင်းနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံမှာလည်း စဉ်းစားကြမှာသေချာတယ်။ ခွဲထွက်ခွင့်။ စဉ်းစားကြည့်တာ ကောင်းပါတယ်။ ဒါပေမယ့် မတူတာတွေက အတိုင်းထက်အလွန်များတယ်။ တချို့က ပေါင်းတောင်ပေါင်းကြရသေးတာမဟုတ်ဘူးလို့ယူဆကြတယ်။ တချို့က ဟိုနိုင်ငံသည်နိုင်ငံ အားကိုးစိတ်ကနေတွေးတယ်။ တချို့ကတော့ ရွေးကောက်ပွဲမှာ မဲရဘို့သာတွက်တယ်။ တချို့။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ