Pro-Life and Pro-Choice အသက် နဲ့ အဖျက်

ကိုယ်ဝန်ကို တရားဝင်ဖျက်သင့်-မသင့် အသံတွေကြားလာရပြီ။ လွှတ်တော်အထိရောက်ပြီး ဆရာဝန်တွေကနေ အမေလို့ခေါ်ကြတဲ့ ပါမောက္ခတဦးကလည်း သူ့အမြင်ကိုတင်လာပြီ။ အသက်ဆုံးရှုံးမှုနည်းနိုင်တယ်လို့ပြောတာဟာ ဖျက်သာဖျက်လို့ ပြောတာမဟုတ်ပါ။ ကျွန်တော့်အမြင်ကတော့ ချက်ချင်းဆုံးဖြတ်တာ မသင့်သေးလို့ထင်ပါတယ်။

ဒီ (အစ်ရှူး) ကို ပွင့်ပွင့်လင်းလင်း ငြင်းနေကြတာ အမေရိကားမှာတောင် အတောမသတ်နိုင်သေးပါ။ နှစ်ဖက်လုံးမှာ အားသာတာတွေရော အားနည်းတာတွေပါရှိတယ်။ အမေရိကားမှာလည်း (ဒီမိုကရက်) တွေက Pro-choice ကိုယ်ဝန်ဖျက်ရေး အားပေးပြီး၊ ဘာသာရေးကို ပိုလေးစားတဲ့ (ရီပတ်ဘလစ်ကန်) တွေက Pro-life အသက်ရှင် ရပ်တည်ခွင့်ဘက်ကနေတယ်။

ဘာသာရေးက အများကြီးလွှမ်းမိုးတာတွေ့ရတယ်။ (ရိုမင်ကက်သလစ်) အများစုနေတဲ့ (အိုင်ယာလန် ရီပတ်ဘလစ်) မှာ ကိုယ်ဝန်ဖျက်ခြင်းဟာ တရားဝင်မဟုတ်ပါ။ မနှစ်က အိုင်ယာလန်မှာ အိန္ဒိယအမျိုးသမီး သွားဆရာဝန် (ဆာဗီတာ ဟာလက်ပါနာဗာ) ကို ဆေးရုံက ကိုယ်ဝန်ဖျက်မပေးလို့ သေဆုံးသွားတော့ ပွက်လောရိုက်သွားခဲ့တယ်။ ဆရာဝန်တွေက ဥပဒေကိုသာ လိုက်နာကြရတယ်။ အဖြစ်အပျက်တခုလောက်နဲ့တော့ ဥပဒေပြောင်းဘို့တွန်းအားက မလုံလောက်သေးပြန်ပါ။

Pro-Life (ပရို-လိုက်ဖ်) အသက်ရှင်ရေး အလေးပေးသူများ
လူ့အသက်ကို ကာကွယ်ပေးဘို့ အစိုးရကနေ တားမြစ်ပေးရမယ်။ Intent ဘယ်လိုရည်ရွယ်ချက်ရှိနေနေ၊ Viability ရှင်နိုင်သေးတယ်-မရှင်နိုင်တော့ဘူး နဲ့ Quality-of-life နေရလို့လည်း အရည်အသွေးပြည့်-မပြည့် ဆိုတာတွေကို တွက်မနေဘဲ လူ့အသက်ဆိုရင် အကာကွယ်ပေးရမယ်လို့ ဆိုလိုတယ်။ သူတို့က ဒါတွေကို တားချင်ကြတယ်။
• Abortion ကိုယ်ဝန်ဖျက်တာ၊
• Euthanasia and assisted suicide ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ အဲလိုမျိုးကိုအကူအညီပေးတာ၊
• The death penalty တရားခံကို သေဒဏ်ချမှတ်တာ၊
• War, with very few exceptions (ချွင်းချက်နည်းနည်းကလွဲရင်) စစ်ပွဲတွေ။

Pro-Choice (ပရို-ချွိုက်စ်) အဖျက်အားပေးသူများ
သူတို့ဘက်က လျှောက်လဲချက်ကတော့ လူတိုင်းဟာ ကိုယ့်မျိုးပွါးစနစ်ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်။ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ သူများတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထိပါးသ၍ ဒီအခွင့်အရေးရှိရမယ်လို့ ဆိုပါတယ်။ သူတို့က ဒါမျိုးတွေကို လိုချင်ကြတယ်။
• Celibacy and abstinence လက်မထပ်ဘဲ အတူနေခွင့်၊
• Contraception use ကိုယ်ဝန်တားဆေး-တားနည်းတွေ နဲ့ Emergency contraception use အရေးပေါ်တာဆေး-တားနည်းတွေ တရားဝင် ရောင်းချ၊ ဝယ်ယူခွင့်၊
• Abortion, for the first two trimesters of pregnancy (၆ လအထိ) ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်၊
• Childbirth ကိုယ့်ကိုယ်ဝန်က ဘယ်လိုကနေရလာလာ ကလေးမွေးခွင့်ဆိုတာတွေကို လိုခြင်ကြတယ်။

အယူအဆပဋိပက္ခ
လိုလားတာတွေတခုမကပေမဲ့ အဓိကဖြစ်တာက ကိုယ်ဝန်ဖျက်ရေးမှာဖြစ်ပါတယ်။ အသက်သမားတွေဆိုတာက မရှင်နိုင်လောက်ဘူးဆိုပေမဲ့လည်း လူအသက်ဟာ အဖိုးမဖြတ်နိုင်လောက်ဘူး၊ ဒါကြောင့် အကာကွယ်ပေးထိုက်တယ်။ သူတို့က ကိုယ်ဝန်ဖျက်တာမှာ ဥပဒေအရသာလုပ်ရမယ်။ အဖျက်သမားတွေဆိုတာက ကိုယ်ဝန်အဆင့်တွေမှာ ရှင်သန်နိုင်ပြီဆိုတဲ့အဆင့်ကို သက်သေပြလို့မရသေးရင် လူပုဂ္ဂိုလ်လို့ မခေါ်နိုင်သေးဘူး။ အစိုးရဟာ အမျိုးသမီး တဦးချင်းရဲ့ ကိုယ်ဝန်ကို ဖျက်-မဖျက်ဆိုတာပေါ်မှာ စွက်ဖက်ခွင့်မရှိရဘူး။

ဘာသာရေးနဲ့ အသက်ရဲ့ မွန်မြတ်ခြင်း
နိုင်ငံရေးသမားတွေဟာ ဘာသာရေးရဲ့ အရေးပါမှုကို သိရတယ်။ ပြဿနာအရင်းအမြစ်ကို မြင်ရမယ်။ Immortal soul မသေနိုင်တဲ့ဝိဥာဉ်ဟာ ကျား-မ မျိုးစေ့တွေ ပေါင်းစပ်လိုက်တာနဲ့ ဖြစ်ပြီလို့ယုံကြည်သူနဲ့ Personhood လူပုဂ္ဂိုလ်ရယ်လို့ ဖြစ်လာခြင်းဟာ မသေနိုင်တဲ့ဝိဥာဉ်ကနေစတယ်လို့ ယုံကြည်သူအကြား နည်းနည်းသာ ခြားနားပါတယ်။ ရက်သတ္တ ၁ ပါတ် ကိုယ်ဝန်ကိုဖျက်ပြစ်တာ (သတ်ပြစ်တာ) နဲ့ အသက်ရှူဘူးသူကို သတ်ပြစ်တာကွာသလို နေပါမယ်။ အသက်ဘက်မှာ နေသူတွေက ကိုယ်ဝန်ဖျက်ရခြင်းရဲ့ ရည်ရွယ်ချက်မတူနိုင်တာကို သတိထားပါတယ်။ ဒါပေမဲ့ တမင်တကာသတ်သတ်၊ မတတ်သာလို့သတ်သတ် ရလဒ်နဲ့ အကျိုးဆက်ဟာ အတူတူပါဘဲ။

တိုင်းသူပြည်သားများ ဘာသာရေးတမျိုးမက ယုံကြည်တာကို လက်ခံခြင်းနဲ့ ဘာသာရေးမခွဲခြားတဲ့ အစိုးရရဲ့တာဝန်
အမေရိကန်အစိုးရအနေနဲ့ ကျား-မ မျိုးစေ့နှစ်ခု ပေါင်းလိုက်တာနဲ့ မသေနိုင်တဲ့ဝိဥာဉ်ဖြစ်ပြီ ဆိုတဲ့အချက်၊ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဘာသာရေးအရ အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း မပါသေးဘဲ လက်ခံလို့ မဖြစ်နိုင်ပါ။ တချို့ဘာသာရေးအစဉ်အလာကတော့ ကိုယ်ဝန် (ကလေး) လှုတ်လာပြီဆိုတာ အသက်ရှိလာပြီလို့ ယူဆကြတယ်။ တချို့ဘာသာရေးအယူအဆက မွေးလာလာခြင်းလို့ ဆိုတယ်။ တချို့ဘာသာ (ဗုဒ္ခဘာသာ) မှာ မသေနိုင်တဲ့ဝိဥာဉ်ဆိုတာ မရှိဘူး။

သိပ္ပံပညာကကော အဖြေပေးနိုင်သလား
မသေနိုင်တဲ့ဝိဥာဉ်ဆိုတာကို သိပ္ပံပညာက သက်သေမပြနိုင်ပါ။ အလားတူ မြင့်မြတ်သန့်စင်မှုဆိုတာအတွက်လည်း သက်သေမပြနိုင်ပါ။ လွန်လွန်ကြွံကြွံပြောသေးတာက “ရူပဗေဒအရ လူ့အသက်နဲ့ ကျောက်ခဲ ဘယ်ဟာကသာသလဲ ဆိုတာကို သက်သေမပြနိုင်ပါ” တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သိပ္ပံကမပြောနိုင်ဘူးဆိုတဲ့ လူမှုရေး၊ စိတ်လှုတ်ရှားမှု အကြောင်းတရားတွေကိုလည်း အလေးထားကြ၊ တန်ဘိုးထားကြတယ် မဟုတ်ပါလား။

သိပ္ပံကမပြနိုင်တဲ့ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဦးနှောက်ဘက်ကနေ စဉ်းစားနိုင်ပါတယ်။ Development of the Neocortex ဦးနှောက်-အာရုံကြော ဖြစ်ပေါ်၊ ဖွံ့ထွားလာခြင်း ဖြစ်စဉ်မှာ ဆေးပညာရှင်တွေ လက်ခံထားကြတာက ကိုယ်ဝန် (သန္ဓေသား) ဒုတိယသုံးလရဲ့နောက်ပိုင်း၊ ဒါမှမဟုတ် တတိယသုံးလအစောပိုင်းမတိုင်မီမှာ Emotion and Cognition စိတ်လှုတ်ရှားမှုနဲ့ မှတ်သားမှုအသိဥာဏ်တွေက ဖြစ်မလာနိုင်သေးဘူး။

အသက်ဘက်ရပ်တည်နေသူ တချို့တွေက ငြင်းဆိုတာတခုရှိပါသေးတယ်။ အသက်ဖြစ်တည်လာခြင်းဟာ DNA ဖြစ်လာပြီဆိုကတည်းက လူပုဂ္ဂိုလ်ဖြစ်ခြင်းဆိုတာစတယ်။ တဖက်က စဉ်းစားနိုင်တာလည်း ရှိပြန်ပါသေးတယ်။ ကိုယ်ထဲက အူအတက်နဲ့ အာသီးဆိုပါစို့ ထုတ်ပြစ်လိုက်ပေမဲ့ လူကိုသတ်ပြစ်လိုက်တာလို့ နီးနီးစပ်စပ်တောင်မှ ပြောမရပါ။ DNA ဘက်ကနေ ငြင်းဆိုချက်ရဲ့ နောက်အားနည်းချက်ကတော့ Gene therapy မျိုးဗီဇကုသနည်းကြောင့် လူသသစ်တဦး ဖြစ်လာတာ ဟုတ်-မဟုတ် ဘယ်လိုပြောမလဲ ဆိုတဲ့မေးခွန်း ရှိလာတာဖြစ်ပါတယ်။

တရားဥပဒေအရ လူသတ်မှုဆိုတာမှာ သေသူရဲ့ကိုယ်ခန္ဓာရှိရမယ်၊ တကိုယ်လုံးမဟုတ်တောင်မှ လုံလောက်တဲ့ အစိတ်အပိုင်း (တစ်ရှူး) ကို ပြနိုင်ရမယ်။ ဒဿနအမြင် နဲ့ ဘာသာရေး အကြောင်းပြချက်အတွက် လူသတ်မှုဆိုပြီး တရားစွဲလို့မရပါ။

၁၉၈ဝ တုံးက အမေရိကန်သမတ (ရော်နယ်-ရီဂင်) ပြောခဲ့တာရှိပါတယ်။ “အစိုးရက မှားတယ်ဆိုရင် အသက်ဘက်က ကာကွယ်လို့သာ ဖြစ်ပါမယ်။” လက်တွေ့ဘဝမှာ အမှားဆိုတာက သက်သေအထောက်အထား မလုံလောက်ဘဲ တရားစွဲခြင်း ဖြစ်ပြန်ပါတယ်။

ဒီလို အသက်နဲ့ အဖျက်အငြင်းပွါးမှုမှာ ကိုယ်ဝန်ဖျက်ကြသူ အမျိုးသမီးအများစုကြီးဟာ ရွေးချယ်မှုဘက် (ကိုယ်ဝန်ဖျက်တဲ့ဘက်) ကနေပြီးသာ ကိုယ်ဝန်တွေကို ဖျက်နေကြတာ ဖြစ်ပါတယ်။ Guttmacher Institute ကနေ သုတေသနလုပ်တော့ -
• ၆၈% သော အမျိုးသမီးတွေက ကလေးအမေဘဝနဲ့နေရမှာ မတတ်နိုင်လို့ ဖျက်ကြတယ်၊
• ၂၇% သော အမျိုးသမီးတွေက ကိုယ်ဝန်ကို ဖျက်ချချင်တာက အဓိကဖြစ်တယ်။
• ၂ဝ% ကတော့ ကျန်းမာရေးမကောင်းလို့ ဖျက်လိုက်ရတာပါ။
• အဲလိုကိုယ်ဝန်ဖျက်ကြတဲ့ ၃၈% ဟာ ရလာတဲ့ကိုယ်ဝန်ကို သူများ (မိဘ) တွေမသိအောင် တိတ်တဆိတ်၊ ဒါမှမဟုတ် မိဘတွေက ဖျက်စေချင်လို့ လာဖျက်ကြတာဖြစ်ပါတယ်။

Roe v. Wade ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က သမိုင်းတွင်ခဲ့တဲ့ ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ ဗဟိုတရားရုံး ဆုံးဖြတ်ချက်တခုကို အလွယ်ခေါ်တာဖြစ်ပါတယ်။ ဒီအငြင်းပွါးမှုဟာ ဆက်ဖြစ်နေဆဲပါ။ လူနေမှုစနစ်ကလည်း ပွင့်လင်းမှုရှိ၊ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်မှုရှိပြီး၊ ခေတ်မီ တိုးတက်သူတွေ နေကြတဲ့ တိုင်းပြည်ကြီးမှာတောင်မှ ကိုယ်ဝန်ဖျက်ရေးမှာ အကောင်းဆုံး အဖြေရဘို့ရာ အချိန်တွေ ယူရတဲ့သင်္ခန်းကို ထောက်ပြချင်ပါတယ်။

အနာဝတ်အလားအလာ
လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်ကဆိုရင် ကိုယ်ဝန်တားဆေး၊ တားနည်းတွေက အခုလောက် မထိရောက်သေးပါ။ အလွန်ဆုံး စနနစ်တကျ သုံးရင်တောင်မှ ၉ဝ% သာ ကာကွယ်နိုင်တယ်။ ခုခေတ်မှာတော့ ရာနှုန်းပြည့်နီးကနေ ၁ဝဝ% အထိ တားပေးနိုင်တာသာမက အရေးပေါ်တားဆေး-တားနည်းတွေကလည်း လက်တကမ်းမှာရှိနေပြီ။ ဗမာပြည်မှာ ကွမ်းယာဆိုင်မှာတောင်မှ ရဆိုဘဲ။ နောက်ဆိုလည်း ဒိထက်ဒီ ထိရောက်လွယ်ကူတာတွေ လာမှာပါ။

ကိုယ်ဝန်ဖျက်ခြင်း (အဘောရှင်း) မလိုလောက်တဲ့ခေတ်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါ။ အခုမဟုတ်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ