Stilwell Road (or) Greedy Spider စတီးဝဲလ်လမ်းမကြီး (သို့) လောဘကြီးတဲ့ပင့်ကူ

Ye Khaing ဒီစာအုပ်ကိုမြန်မာပြန်နေတာ အခုပဲပြီးသွားပါတယ်။ 

ဆရာရဲခိုင် အလျဉ်းသင့်လို့ ပြန်တင်ပါအုန်းမယ်။

၁၈-၃-၂ဝ၁၅ နေ့မှာ အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကို တရုပ်ကဖေါက်လုပ်မယ်ဆိုတဲ့သတင်းထွက်လာတယ်။ အဲဒါဟာ ဒုတိယကမ္ဘာစစ်တုံးက နာမည်ကြီးခဲ့တဲ့ Stilwell Road စတီးဝဲလ်လမ်းမကြီးရဲ့အစိတ်အပိုင်းတခုကို မွမ်းမံတာ ဖြစ်ပါတယ်။ စတီးဝဲလ်လမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီး Joseph Stilwell (ဂျိုးဇက်ဖ် စတီးဝဲလ်) ကနေ ဦးစီး ဖေါက်လုပ်ခဲ့တာပါ။ အရင်က အိန္ဒိယပြည်၊ အာသန် (အဆမ်) ပြည်နယ်မှာရှိတဲ့ (လီဒို) ကနေစတင်တာမို့ Ledo Road လီဒိုလမ်းမကြီးလို့ ခေါ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်တုံးက တရုပ်ခေါင်းဆောင် Chiang Kai-shek (ချန်ကေရှိတ်) ရဲ့ အကြံပေးချက်အရ သူ့ဆီကို အကူအညီတွေပို့ပေးဖို့ရာ မဟာမိတ်တပ်တွေကနေ ဖေါက်လုပ်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲက မြစ်ကြီးနားနဲ့ ဗန်းမောက်ကိုဖြတ်သွာတဲ့ လမ်းမကြီးဖြစ်တယ်။ မြန်မာပြည်ကို ၁၉၄၂ မှာ ဂျပန်က သိမ်းလိုက်တော့ ရှိနေပြီးဖြစ်တဲ့ The Burma Road ဗာမားလမ်းမကြီးကို သုံးလို့မရတော့ပါ။ ဒုတိယကမ္ဘာစစ်ကြီးအစမှာ တရုပ်ပြည်အတွက် အကူအညီတွေကို အဲဒီ ဗားမားလမ်းမကြီးကနေပို့နေခဲ့တယ်။ ဒီလမ်းဟောင်းက Yunan (ယူနန်) မှာရှိတဲ့ Kunming ကူမင်း (ကွေ့မင်) အထိ ရောက်တယ်။ 

ဗားမားလမ်းမကြီးဟာ ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက လာရှိုးနဲ့ ကွေ့မင်ကိုဆက်ထားတယ်။ ဒုတိယ တရုပ်-ဂျပန် စစ်မှာ တရုပ်ကိုအကူအညီပေးဖို့ ဖေါက်ခဲ့တာပါ။ ၇၁၇ မိုင် (၁၁၅၄ ကီလိုမီတာ) ရှည်တယ်။ ၁၉၃၇-၁၉၃၈ မှာ မြန်မာနဲ့ တရုပ် အလုပ်သမားပေါင်း ၂ သိန်းသုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်လာတော့ တရုပ်ကိုပို့မဲ့ စစ်ရေးအကူတွေကို ရန်ကုန်ဆိပ်ကမ်းပို့ပြီး၊ လာရှိုးကိုပို့တယ်။ အဲဒီကမှ ဗားမားလမ်းမကနေ ယူနန်ပို့နိုင်ခဲ့တယ်။ မြန်မာပြည်ကို ၁၉၄၂ မှာ ဂျပန်ကသိမ်းလိုက်တော့ အိန္ဒိယ အာသန် (အဆမ်) ကနေသာ တရုပ်ပြည်ကို လေကြောင်းကနေသာ ပို့လို့ရတော့တယ်။ Himalaya uplift ဟိမဝန္တာပျံသန်းမှုလို့ ခေါ်တယ်။ 

စစ်ကြီးထဲကို အမေရိကန်ပါလာတာ ဗြိတိသျှဝန်ကြီးချုပ် Winston Churchill (ဝင်စတန် ချာချီ) အတွက် အင်မတန် ကံကောင်းသွားတယ်။ ဗြိတိသျှအမိန့်အောက်မှာ အိန္ဒိယ၊ မြန်မာ၊ တရုပ်နဲ့ အမေရိကန်စစ်သားတွေကို အမေရိကန် ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell (ဗင်နီဂါ ဂျိုး စတီးဝဲလ်) ကဦးစီးတယ်။ အိန္ဒိယထဲက အာသန်ကို ဂျပန်ကသိမ်းမှာကို ပြင်ပြင်းထန်ထန် ခုခံနိုင်လိုက်တယ်။ မြန်မာပြည်မြောက်ပိုင်းကိုပါ ပြန်သိမ်းနိုင်လာတယ်။ အဲတာနဲ့ တရုပ်ကိုအကူအညီပို့ဖို့ Ledo Road လီဒိုလမ်းမကြီးဖေါက်ဖြစ်တာတယ်။ အာသန်က (လီဒို) ကနေစပြီး မြန်မာပြည်က မြစ်ကြီးနားဖြတ်ပြီး၊ ယူနန်က Wandingzhen (ဝန်ဒင်းဇန်) အထိဖြစ်တယ်။ ပထမဆုံးစစ်ကားဟာ တရုပ်နယ်စပ်ကို ၂၈-၁-၁၉၄၅ မှာ မောင်းလာနိုင်တော့တယ်။ 

လီဒိုလမ်းဖေါက်လုပ်ရတဲ့ အခက်အခဲတွေက ရုပ်ရှင်ကားတကား ရိုက်ရလောက်အောင် များခဲ့ပါတယ်။ ၁-၁၂-၁၉၄၂ မှာ မဟာမိတ်တပ်က အရှေ့ဖျားစစ်မျက်နှာ ဗြိတိသျှဗိုလ်ချုပ်ကြီး Sir Archibald Wavell (ဆာ အာချီဘောလ် ဝေဘယ်လ်) ကနေ လီဒိုလမ်းဖေါက်ဖို့ သဘောတူလိုက်တယ်။ ဒေါ်လာ သန်း ၁၅ဝ ကုန်တယ်။ အမေရိကန်စစ်သားပေါင်း ၁၅ဝဝဝ သုံးတယ်။ အမေရိကန် ၁၁ဝဝ သေဆုံးတယ်။ ဒေသခံအလုပ်သမားပေါင်း ၃၅ဝဝဝ ကိုလည်း သုံးရတယ်။ မြန်မာလူမျိုးပေါင်း ဘယ်လောက်သေသွားသလည်း မသိပါ။ ကျွန်တော်တို့က စာရင်းဇယား အားနည်းတယ်။

စစ်ကြီးပြီးဖို့ ၄ လအလို ၁၉၄၅ ဇူလိုင်လမှာ ဟိမဝန္တာပျံသန်းမှုကနေ တန်ပေါင်း ၇၁ဝဝဝ ပို့ပေးနိုင်ခဲ့တာမှာ လီဒိုလမ်းကနေ ပို့တာ ၆ဝဝဝ တန်ရှိတယ်။ စစ်တွင်းက လေကြောင်းနဲ့က စုစုပေါင်း ၆၅ဝဝဝဝ တန်နဲ့ လီဒိုလမ်းက ၁၄၇ဝဝဝ တန် ပို့နိုင်ခဲ့တယ်။ 

စစ်ကြီးပြီးကတည်းက လီဒိုလမ်းကိုအသုံးပြုတာ နည်းပါးလာတယ်။ မြန်မာနိုင်ငံကနေ ပြုပြင်မှုတချို့ လုပ်ထားပါတယ်။ 
လာရှိုး-ကွေ့မင်လမ်းရဲ့ အရန်ဖြစ်တယ်။ တရုပ်ဖက်ကနေ ၂ဝဝ၇ မှာ မြစ်ကြီးနား-ကမ်ဘိုင်တီလမ်းဖေါက်လိုက်တယ်။ ယုဇနကုမ္ပဏီက  မြစ်ကြီးနား-တနိုင်းလမ်း ဖေါက်တယ်။ 

အိန္ဒိယအစိုးရတော့ သူ့ကိုပုန်ကန်နေတဲ့လက်နက်ကိုင်တွေက ဒီလမ်းတွေ အသုံးပြုမှာကိုစိုးရိမ်နေတယ်။ အိန္ဒိယအစိုးရကို တိုက်နေတဲ့ သူပုန်တွေကမြန်မာပြည်မှာ စစ်အစိုးရ လက်ထက်ကတည်း မြန်မာ့မြေပေါ်မှာ နေနိုင်ကြတာဖြစ်တယ်။ အဆမ်ပြည်နယ်က United Liberation Front of Assam (ULFA) အဖွဲ့၊ မဏိပူပြည်နယ်က United National Liberation Front (UNLF) နဲ့ နာဂပြည်နယ်က National Socialist Council of Nagaland NSCN (Khaplang) အဖွဲ့တွေအပြင် စုစုပေါင်းတဒါဇင်လောက်ရှိနေပါတယ်။ တမူး ကဘော်ချိုင်းဝှမ်းကနေ ကချင်ပြည်နယ်၊ တရုပ်-မြန်မာ နယ်စပ်အထိ သွားလာကျက်စားနေကြတာပါ။ တမူးတဝိုက်မှာ မဏိပူ (ကသည်း) သူပုန်တွေက မြန်မာအမျိုးသမီးတွေကို အိမ်ထောင်ပြုထားကြပြီ။ လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ဥပဒေသစ်ထဲမှာ အဲတာမျိုး မစဉ်းစားခဲ့ကြပါ။ အမျိုးဘာသာထဲမှာ အဲတာမပါ။ အမျိုးသမီးအခွင့်အရေးသမားတွေက ရေငုံနေကြတယ်။ 

စတီးဝဲလ်လမ်းမကြီးဟာ စစ်တွင်းဝါဒဖြန့်ချိရေးမှာ အသုံးဝင်ခဲ့သေးပါတယ်။ The Stilwell Road ရုပ်ရှင်တကား ရိုက်ထားတယ်။ Burma Campaign မြန်မာပြည်တိုက်ပွဲနဲ့ Burma Road မြန်မာလမ်းမကြီးတို့ရဲ့အရေးပါမှုကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ နောင်မှာ အမေရိကန်သမတဖြစ်လာမဲ့ Ronald Reagan ရော်နယ်ရီဂင်က ရုပ်ရှင်မှာ နောက်ခံစကားပြောသူဖြစ်ပါတယ်။ 

ကျွန်တော်အမြင်အရ မြန်မာပြည်နယ်စပ်တွေကို ဖြတ်ဖေါက်တဲ့လမ်းတွေဟာ ကုန်သွယ်ရေးအတွက်သာမက စစ်ရေး မဟာဗျူဟာကျတယ်။ ကျွန်တော်ဒေလီမှာနေစဉ်က အမြဲထောက်ပြတဲ့အချက်တခုက အိန္ဒိယဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတာမှာ ၁၉၉၂-၉၃ စစ်တပ်-စစ်တပ်ဆက်ဆံရေးကနေစတယ်။ အခုထိလည်း စစ်ရေးထောင့်ကနေသာ ကြည့်တယ်လို့။ အိန္ဒိယဖက်က ဖေါက်ပေးတဲ့လမ်းတွေရှိပေမဲ့ ကုန်သွယ်ရေးမှာ အိန္ဒိယအတွက် အကျိုးအမြတ်ဟာ တရုပ်ကရနေတာရဲ့ အစွန်းထွက်လောက်သာရှိပါတယ်လို့။ လီဒိုလမ်းကို အိန္ဒိယဖက်က ဖေါက်ချင်နေခဲ့တာကြာပြီ။ ကီလိုမီတာ ၁၆ဝ ရှည်တဲ့၊ ရူးပီးကုဋေ ၉ဝ အကုန်ခံပြီး တမူး-ကလေးလမ်းကို အိန္ဒိယကနေဖေါက်ပေးတာကို ၁၃-၂-၂ဝဝ၁ မှာ ဖွင့်ခဲ့ပါတယ်။ အိန္ဒိယကပေးတဲ့ ဒေါ်လာ ၅ သန်းက ချင်းပြည်နယ်တခုတည်းအတွက်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ချင်းခေါင်းဆောင်တွေကြား အသံထွက်တာကြားလိုက်ရတယ်။ 

အိန္ဒိယ-တရုပ်နယ်စပ် မဟာဗျူဟာလမ်းဖေါက်လုပ်နေတာ ၂ဝ% သာပြီးသေးတယ်လို့ အိန္ဒိယပုဂ္ဂလိကတီဗွီကနေ ၂ဝ၁၅ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ထောက်ပြခဲ့တယ်။ ကီလိုမီတာ ၃ဝဝဝ ရှည်တဲ့ Ladakh (လဒခ်) မှာရှိတဲ့ လမ်းဖေါက်နေတာ နှေးလွန်းလို့ NDTV ကနေ ထုတ်လွှင်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာတော့ မီဒီယာတွေအဖို့မှာ အစိုးရကို ထောက်ပြဖို့ရာ လက်နှေးရုံသာမာ လက်တွန့်လာနေကြတာဟာ အလားအလာမကောင်းတာကို ပြသနေတာဖြစ်တယ်။ 

စတီးဝဲလ်လမ်းမကြီးဟာ စစ်တွင်းက စစ်ရေးအတွက်ဖေါက်လုပ်ခဲ့တာသာဖြစ်တယ်။ အခုတော့ လမ်းမကြီးရဲ့အစိတ်အပိုင်း အိန္ဒိယ-မြန်မာနယ်စပ်လမ်းကို တရုပ်ကနေဖေါက်မယ်တဲ့။ အိန္ဒိယ ကလုံခြုံရေးအမြင်တခုသာ ဇောင်းပေးနေတုံးဖြစ်ပေမယ့် တရုပ်ကလုပ်တာတိုင်းမှာ စီးပွါးရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအမြင်တွေ အားလုံးပါတယ်။ မြန်မာစစ်အစိုးရဟာ စစ်အစိုးရ လက်ထက်ကတည်းက အခုထိကြည့်တာက ကိုယ့်အာဏာတည်မြဲရေးသက်သက်သာဖြစ်တယ်။ ပြောတော့သာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုနေပေမဲ့ တိုင်းပြည်ရဲ့လုံခြုံရေးကို ရောင်းစားရာကျတယ်။ မြန်မာပိုင် ဘင်္ဂလား ပင်လယ်အော်ကနေ မြန်မာပြည်မြေပုံကို ကန့်လန့်ဖြတ်ပြီး တရုပ်ပြည် ယူနန်ထိအောင် ဖြတ်ဖေါက်ထားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းကြီး၊ ဖေါက်နေတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကလည်း ပင့်ကူအိမ်လို ဖြစ်နေပါပြီ။ မြန်မာနိုင်ငံလုံခြုံရေးကို တကယ်ရင်လေးမိပါတယ်။ 

ဇွဲမလျှော့တဲ့ပင့်ကူပုံပြင်ကို ကျွန်တော်တို့လူကြီးသူမတွေက ပြောကြတယ်။ သူများဆီမှာပြောလေ့ရှိတဲ့ပုံပြင်ကတော့ The Greedy Spider လောဘကြီးတဲ့ပင့်ကူတဲ့။ ကျွန်တော်တို့မှာ ညံ့ဖျင်းတဲ့စနစ်တွေက ကြာခဲ့လေတော့ ပင့်ကူအိမ်မှာ ရစ်တွယ်ခံနေရပါပကောလားဗျာ။ 

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၅
၂၂-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ