Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

၁။ မင်္ဂလာပါဆရာ။ ဖဖေက အသက် ၅၆နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကတည်းက နှာခေါင်းက အနံ့မရပါဘူး။ ဆေးခန်းပြတော့ နှာခေါင်းထဲမှာ အသားပို ဖြစ်နေတာလို့ပြောပါတယ်။ တခါတလေနှာပိတ် နှာရည်ယို ခေါင်းမူး ဖြစ်ပါတယ် အနံ့ကတော့ လုံးဝမရပါဘူး။ အသားပိုကိုခွဲသင့်လား ခွဲရင် ဘေးထွက်ဆိုးကျိုးဘာတွေဖြစ်နိုင်မလဲ။ မခွဲဘဲထားရင် အန္တရာယ်ရှိနိုင်လားသိချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။

၂။ ကျွန်တော့်အသက် ၃ဝ ပါဆရာ။ အိမ်ထောင်မရှိပါ။ ကျွန်တော့်နှာခေါင်းအတွင်းမှာ အသားပို (အနီရောင် အသားတုံး)  ဘယ်ဖက်နှာခေါင်းမှာထွက်နေတာ နှာခေါင်းပေါက် ပိတ်လုနီးနီး ဖြစ်နေပါပြီဆရာ။ ကျွန်တော်သတိထားမိတာ (စဖြစ်တဲ့အချိန် အသားစသေးသေးလေး) လွန်ခဲ့တဲ့  ၃ နှစ်လောက်တုန်းကပါဆရာ။ အသားတုံးရှိတဲ့နေရာက နှာနုရဲ့ အဆုံး နှာခေါင်းရိုး အတွင်းဖက်မှာပါဆရာ။ ဒီအတိုင်းနေနေရင်တော့ မနာမကိုက်ပါဘူး။ နှာခေါင်းပေါက်ထဲ ထိုးကြည့် ထိကြည့်ရင်လဲ သိပ်မနာပါဘူးဆရာ။ ထိမှန်းသိရုံကလေးနာပါတယ်။ ဆရာ့ဘလော့ခ်ထဲမှာ အဲ့ဒီအကြောင်း (နှာခေါင်း ကင်ဆာ ဒါမှမဟုတ် ရောဂါတခုခု) အကြောင်းရေးထားတာ မတွေ့မိပါဘူးဆရာ။ ကျွန်တော်ရှာတာလဲ မနှံ့သေးတာပါ။

နှာခေါင်းအတွင်းကို ဖုံးထားတဲ့အလွှာကနေဖြစ်ဖြစ် နှာခေါင်းဘေးက လေခိုအိတ် Sinus ကဖြစ်ဖြစ် အသားပိုထွက်လာကို ခေါ်တယ်။ အသားပို တခုမကလည်းဖြစ်တတ်တယ်။ တခုခုအရင်ဖြစ်ပြီးမှ ရလဒ်အဖြစ် အသားပို ထွက်လာတာပါ။ တခုခုနဲ့ မတည့်ခြင်း (အလာဂျီ)၊ ပန်းနာ၊ နာတာရှည် ထိပ်ကပ်နာ (ဆိုင်းနပ်စ်)၊ ဖန်းဂတ်စ် မှို နဲ့ ကလေးများမှာ မွေးရာပါ မျက်ရည်၊ တံတွေး၊ ချွေး၊ အစာခြေရည် စတဲ့ အရည်ထွက် (ဂလင်း) မှန်သမျှကို ထိခိုက်တဲ့ (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်) ဖြစ်ရာကနေ ဆက်ဖြစ်တာမျိုး ပြောတာပါ။

အသားပိုဆိုတာ ဆေးပညာအလိုအရ အမျိုးအစားခွဲရင် အများကြီးပါ။ ဖတ်ရတာရှုတ်နေမှာမို့ ထည့်မရေးတော့ပါ။ ဘယ်လိုက ဘယ်လို ဖြစ်လာရတာကိုတော့ ဆရာ့ဆရာများ အသေအချာ မသိသေးပါ။ သိဘို့ကောင်းတာက လူ့ကိုယ်မှာ အလုံး-အကြိတ် မှန်သမျှ ကင်ဆာမဟုတ်တာနဲ့ ကင်ဆာ ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနေရာမှာလဲ ဒီအတိုင်းပါဘဲ။ ကင်ဆာ မဟုတ်တာတွေအတွက် ရေးပါရစေ။

အရွယ်အစားသေးနေတုံး ဘာမှမခံစားရသေးပါ။ စစ်ဆေးတာတောင်မှ နောက်နားကဖြစ်နေရင် မတွေ့ဘဲနေတတ်ပါတယ်။ လက္ခဏာစဖြစ်ရင်လဲ (ဆိုင်းနပ်စ်)မှာလို နှာခေါင်းပိတ်၊ နှာစေး၊ နှာချေတာတွေပါဘဲ။ မနာပါ။ နှာခေါင်းပိတ်တာ၊ နှာရည်က နှာခေါင်း နောက်ဖက်မှာ ယိုတာ၊ ခေါင်းက အုံပြီးကိုက်မယ်၊ အသက်ရှူရ ခက်လာမယ်။ အိပ်ရင် ဟောက်မယ်။ စကားသံပါ ပြောင်းလာပါမယ်။ အနံ့ကောင်းကောင်းမရလဲ ဖြစ်နိုင်တယ်။ နှာခေါင်းသွေးယိုတာ နဲပါတယ်။ သိပ် ကြီးလာရင် ပါးစပ်နဲ့ဘဲ အသက်ရှူရပြီး၊ အိပ်ရတာတောင် မလွယ်တော့ဘူး။

ကုသနည်းတွေ -
• Antihistamines (အင်တီ-ဟစ်စ်တမင်း) ဆေး၊ ဆေးနာမည်တွေက အေတူဇက်ရှိပါတယ်။ (Diphenhydramine, Loratadine, Desloratadine, Meclizine, Quetiapine, Fexofenadine, Pheniramine, Cetirizine, Promethazine, Chlorpheniramine, levocetirizine)
• Decongestants ချွဲပျော်ဆေး၊ (Acetaminophen, Chlorpheniramine, and Pseudoephedrine)
နှာခေါင်းထဲပန်းထည့်ရတဲ့ဆေး Cromolyn sodium Nasal Spray (Intal, Intal Inhaler, Gastrocrom)
စတီရွိုက်ဆေး (Fluticasone, Beclomethasone, Budesonide) တွေဖြစ်ပါတယ်။ အတော်ထိရောက်ပါတယ်။
• (ဗက်တီးရီးယား) ဝင်တာကို Antibiotics ပဋိဇီဝဆေးပေးရပါမယ်။ (Amoxicillin , Ciprofloxacin, Norfloxacin, Ofloxacin, Gatifloxacin, Gemifloxacin, Levofloxacin, Moxifloxacin, Trovafloxacin)
• (အလာဂျီ) နဲ့ဆိုင်သူများအတွက် ပါးစပ်ကနေသောက်တာနဲ့ နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို-စတီရွိုက်) ဆေးတွေကို အားကိုးရမှာပါ။ အသားပိုကို တိုက်ရိုက်ဆေးထိုးနည်းကို ခွင့်မပြုပါ။ Aristocort (Triamcinolone) Tablets နဲ့ Aristocort (Triamcinolone diacetate) injection က စိတ်ချရတယ်လို့ ဆိုပါတယ်။
• အများသုံးကြတာကတော့ Prednisone 30-60 mg စားဆေးကို ၄ ရက်ကနေ ၇ ရက် ကြာပေးပြီး၊ တဖြည်းဖြည်း ဆေးကို ၂ ပါတ် ၃ ပါတ်နဲ့အပြီး၊ လျော့လျော့ပေးသွားရပါတယ်။ ကလေးဆိုရင် ကိုယ်အလေးချိန် ၁ ကီလိုကို ၁ မီလီဂရမ် နှုန်းနဲ့ ပေးပါတယ်။ အစရက်တွေမှာ ၂ လုံး ၄ ကြိမ် = ၈ ပြား (၆ နာရီခြား)၊ နောက် ၆ ပြား၊ နောက် ၄ ပြား၊ ၂ ပြား၊ ၁ ပြား၊ တခြမ်း။
• (စတီရွိုက်) ဆေးမျိုးက စားဆေး၊ ရှူဆေး၊ ထိုးဆေး ဘာဖြစ်ဖြစ် တာရှည်မပေးသင့်ပါ။ ဆေးရဲ့ မကောင်းချက်က ဆီးချို၊ သွေးတိုး၊ မျက်စိရေတိမ်၊ အတွင်းတိမ်၊ အရိုးအားနည်း၊ ကလေးဆိုရင် ကြီးထွားတာကို နှေးစေမယ်။
• နှာခေါင်းကြည့်ကိရိယာနဲ့ စစ်ဆေးမယ်။ လိုအပ်ရင် တိတိကျကျသိရအောင် CT scan လုပ်ပါမယ်။ (အလာဂျီ) ကြောင့် ဖြစ်ရသူတွေကို Immunotherapy ခေါ်တဲ့ ဓါတ်ပြီးကုသမှုမျိုးလုပ်ပေးသင့်ပါတယ်။ ဒီနည်းက ရောဂါတခုခုဖြစ်ရင် အဲဒါကို နောင် ဖြစ်မလာအောင် ဒုတ်ပြီး၊ ဓါးပြီးလို ပြီးသွားအောင်လုပ်ပေးနည်းဖြစ်ပါတယ်။
• ဆေးနဲ့မရတော့ရင် ခွဲစိတ်ကုသနည်းလုပ်ရပါတော့မယ်။ တခုတည်းသော အသားပို၊ တခုမကပေမဲ့ သိပ်မကြီးရင်၊ Simple polypectomy နည်းက အကောင်းဆုံးပါ။ ကျန်တာတွေကိုတော့ Endoscopic sinus surgery ဒါမှမဟုတ် Functional endoscopic sinus surgery (FESS) နည်းသုံးရပါမယ်။ သေချာအောင် CT scan ကြည်ရင်းခွဲရပါတယ်။
• Homeopathic (ဟိုမီယိုပက်သစ်) ဆေး Sanguinaria က နာတာရှည်အအေးမိတာကနေ အသားပို ထွက်တာမျိုးအတွက် အစွမ်းထက်ပါတဲ့။ နောက်ဖက်နားကနေထွက်တဲ့ ခပ်ကြီးကြီး အသားပိုကို Teucrium က ကောင်းပါသတဲ့။ ခွဲစိတ်ပြီးနောက် Calcarea Carb ပေးရင် ထပ်ဖြစ်တာနည်းတယ်လို့ ဆိုပါတယ်။
• စိတ်ပျက်ချင်စရာတခုကတော့ အောင်မြင်တဲ့ခွဲစိတ်မှု ဖြစ်အုံးတော့ ပြန်ဖြစ်တတ်လို့ပါ။ (အလာဂျီ) ဖြစ်တာ၊ မတည့်တာတွေ ဆက်ရှိနေ၊ ထပ်ဖြစ်နေလို့ ပြန်ပေါ်လာတာကြောင့် ဘာကိုရှောင်ရမလဲ သိအောင်လုပ်ပြီး ရှောင်နိုင်အောင် ရှောင်ပါလေ။

- Allergic Rhinitis အလာဂျီ နှာခေါင်း http://doctortintswe.blogspot.com/2014/10/allergic-rhinitis_30.html
- Anosmia နှာခေါင်းအနံ့မရခြင်း http://doctortintswe.blogspot.com/2015/04/anosmia.html
- Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း http://doctortintswe.blogspot.com/2016/06/nasal-polyps.html
- Rhinitis နှာခေါင်းရောဂါ http://doctortintswe.blogspot.com/2014/11/rhinitis.html
- Sinusitis (ဆိုင်နူဆိုက်တစ်) http://doctortintswe.blogspot.com/2014/11/sinusitis.html

Dr. တင့်ဆွေ
၂၆-၈-၂ဝဝ၉
၁၇-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ