Wednesday, June 29, 2016

Donation box ပံ့သကူပစ္စည်း

သမိုင်းအချက်အလက်လေးတွေ ရေးတင်တိုင်း အငြင်းပွားစရာတွေ့တာချည်းပဲ။ ကျွန်တော်လိုလူကိုအသာထား အများလေးစာတဲ့ သမိုင်းပညာရှင်ကနေရေးတာကို သမိုင်းဒေါက်တာဘွဲ့ရ တယောက်ကနေ အစိုးရပိုင်သတင်းစာမှာ ငေါ့ရေးတယ်လို့ ကွန်မင့်ရေးပေးတာတွေ့မှာပါ။

သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားဆိုတာ ဘယ်သူတွေကနေ ဘယ်တုန်းကရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲကလဲ။ ဘယ်ရုပ်ရှင်ထဲကလဲ။ နိုင်ငံတိုင်းနဲ့ ခေတ်တိုင်းမှာ ပေါ်လစီသမိုင်းတွေရှိတယ်။ ဆေးပညာတောင်မှ ရှိတယ်။ နာဇီခေတ်မှာ ဂျာမန်မျိုးဗီဇသုတေသနတွေထွက်ခဲ့တယ်။

စစ်အေးခေတ်မှာ လက်ဝဲ-လက်ယာ သူတို့သာတာတွေချည်း ရေးတဲ့စာတွေ၊ စပ်တဲ့ကဗျာတွေ၊ ရိုက်တဲ့ရုပ်ရှင်တွေ ပလူပျံနေအောင်ထွက်ခဲ့တယ်။ ထိုင်း-မြန်မာစစ်ကို သူ့ဖက်ကတမျိုး ကိုယ့်ဖက်ကတမျိုး စာတွေ၊ ကဗျာတွေ၊ ရုပ်ရှင်တွေ ရှိတာမဆန်းပါ။ သူ့အလုပ် သူလုပ်ကြတာ။

ကျွန်တော်က သမိုင်းကိုလိုအပ်တယ်လို့ယူဆပြီး၊ လေ့လာနေပါတယ်။ ဆေးပညာလိုပါပဲ သိလိုသူဖတ်ဖို့ရာ ဘလော့နဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတယ်။ လူမှုရေးကွန်ယက်မှာတင်တာက သာလာယံဇရပ်နံရံမှာရေးရသလိုပဲ။ မကြိုက်တဲ့သူက အောက်ကနေ သူတို့ရေးချင်တာ ရေးခြစ်သွားကြတယ်။

မျက်စိအောက်တင် မျက်ဝါးထင်ထင်မြင်သိထားတာကို ပြန်ပြောလို့လည်း လက်မခံ ကက်ကက်လန်ငြင်းဆန်တာ မကြာခဏကြုံရတယ်။ မြန်မာစာသတ်ပုံကို ပုံနှိပ်စာအုပ်ပါဓါတ်ပုံရိုက်ပြလည်း အလကားပါကွာသမားတွေကမနည်းဘူး။

ကျွန်တော်ရေးတာတွေကို သိသူဖေါ်စား မသိသူကျော်သွားလို့မပြောလိုပါ။ တန်ဆောင်မုန်းလပြည့်ညမှာ စွန့်လှူထားတဲ့ ပံသကူပစ္စည်းလို့သာ အောက်မေ့စေချင်ပါတယ်။ ကိုယ်အသုံးမလိုရင် ကောက်မယူပဲ အသာထားခဲ့ပါ။ နောက်လူရှိတယ်။ တံတွေးတော့ ထွေးမထားခဲ့ပါနဲ့။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ ဘယ်မှာနေနေ အသိပညာကုံလုံကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...