ဒေါ်စုမွေးနေ့ မမေ့
(မနှစ်က DVB Website ကိုပို့ခဲ့တဲ့စာ)
ဇွန်လထဲမှာ မွေးနေ့ကျသူတွေ တန်းစီနေတယ်။ အမျိုးထဲကရော၊ အသိမိတ်ဆွေတွေရာ၊ ဒေါ်စုလည်းထိပ်ကပါတာပေါ့။
နောက်နေ့မှာကျမယ့်သူဆီကို အရင်နေ့တည်းက ဆုတောင်းစကားပါးလို့ရလာလို့ ပြောပြောနေကြတဲ့ အပြောင်းအလဲ ဆိုတာ အရင်ကထက်မြန်လာသကိုးလို့ပြောရတော့မလို။ ကျွန်တော့် အမေဆုံးတုံးက (၄) လနေမှသာ သိခွင့်ရနိုင်ခဲ့တယ်။ စစ်ထောက်လှမ်းရေးက ပြည်ပနေသူမှန်သမျှနဲ့ အဆက်အသွယ်လုပ်ကြသူတိုင်းကို ထောင်ချနေတဲ့ကာလ။ ဒိနောက်မှာ အဖေဆုံးတော့ ညတွင်းချင်းသိနိုင်လာတယ်။ စစ်ထောက်လှမ်းရေးဆရာကြီး အတီးခံရကာနီးတဲ့အချိန်။ ဒီနှစ်ထဲမှာ ညီအရင်းဆီကို သူ့မွေးနေ့အရင်ည (၁၂) နာရီထိုးတာနဲ့ ရေးလိုက်နိုင်တယ်။ “တို့တိုင်းပြည်ရဲ့ အပြောင်းအလဲဆိုတာ မင့်မွေးနေ့မှာ ‘ဟက်ပီးဘာ့သ်ဒေး’ လှမ်းလုပ်နိုင်တာက ထူးခြားတယ်ကွ။ ဒါပေမယ့် ဗမာပြည်ကြီးကတော့ ဟက်ပီး မဖြစ်သေးပါဘူးကွာ” လို့။
ကျွန်တော်တို့တတွေ ပြည်ပမှာနေပြီး ကိုယ့်တိုင်းပြည်အရေးကို ရှိတဲ့အားနဲ့ ကျားကုတ်ကျားခဲ၊ ဇွဲနဘဲနဲ့ အနှစ်၂ဝ ကျော် လုပ်ခဲ့ကြတာကို မှတ်တမ်းတင်ထားတယ်။ လူငယ်-လူကြီး၊ ယောက်ျား-မိန်းမ၊ တိုင်းရင်းသားအကုန်၊ ဘုန်းကြီးရောမို့ အစုံပါတယ်လို့ ပြောချင်တယ်။ ဘုန်းကြီးဆိုတာ အဲသည်တုံးက သံဃာအစစ်။ သင်္ကန်းဝတ်ဆိုတာ စစ်ထောက်လှမ်းရေးက ထွင်ခဲ့တာဖြစ်တယ်။ ဒိနောက်မှာ တမျိုးတမည်နဲ့ တီထွင်ထားပြန်တယ်။
နိုင်ငံရေးမှာ (ကင့်ပိန်း) လုပ်ကြရတယ်။ လုပ်နည်းတွေက ထွေပြားတယ်။ လူအများစိတ်ဝင်စားအောင်၊ မီဒီယာကို ဆွဲဆောင်မှုရစေအောင် လုပ်ကြရတယ်။ တခါလာမည်းပြာပုဆိုးဖြစ်နေရင် သတင်းစာမှာပါမှာမဟုတ်ဘူး။ အိန္ဒိယမှာ မြန်မာ့ဒီမိုကရေစီရေးလုပ်ကြတော့ အဲဒီအတွေ့အကြုံတွေ တလှေကြီးရခဲ့တယ်။ ဒေသခံတွေကပါ ပူးပေါင်းလုပ်ကြလို့လည်း နည်းနာသစ်တွေရတယ်။ ကိုယ့်လူမျိုးတွေကြားမှာလည်း တယောက်တမျိုးဆိုတော့ ဆန်းသစ်တာတွေကိုရစေလို့ ကောင်းတယ်။ (ဂျင်း ရှပ်) ရေးတဲ့ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့စာအုပ်လေးထဲက အကြမ်းမဲ့တိုက်နည်းပေါင်း ၁၉၇ နည်းပါတယ်။ အဲတာတွေထဲက လုပ်နိုင်သမျှ အကုန်လုပ်ကြတယ်။
NLD က အမတ်ပူပူနွေးနွေးနှစ်ယောက်နဲ့ စည်းရုံးရေးမှူးတွေ ၁၉၉ဝ ဒီဇင်္ဘာလ ၂၁ ရက်မှာ အိန္ဒိယကို စပြီးခြေချကြတယ်။ ရွေးကောက်ပွဲပြီးလို့ ၆ လ ကျော်မှာဖြစ်ပါတယ်။ အိန္ဒိယရောက်ပြီး ၆ လအကြာမှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့မွေးနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်က ဇင်မာဘောက်ဆိုတဲ့အရပ်မှာ ကျောင်းသားတွေနဲ့ NLD ဝင်တွေစုပေါင်းပြီး ပထမဆုံး ကျင်းပခဲ့တယ်။ အားလုံးကတက်ကြွနေကြတယ်။ ခရစ်ယန်ခေါင်းဆောင်တွေက ဆုတောင်းပေးကြတယ်။ ကျောင်းသားတွေက သံပြိုင်သီချင်းဆိုရင်း မျက်ရည်ကျကြတယ်။ နာကျည်းချက်နဲ့ မျှော်လင်ချက်ကနေထွက်လာတဲ့ မျက်ရည်။
နောက်နှစ် ၁၉၉၁ ကစပြီး နိုင်ငံရေးအင်အားစုထဲက လူအများစုက ဒေလီကိုပြောင်းရွေ့ကြတယ်။ ရောက်တဲ့နှစ်ကစပြီး၊ ဒေါ်စုမွေးနေ့ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့တိုင်းဟာ ဒီမိုကရေစီရေးလှုပ်ရှားမှု ပြက္ခဒိန်ထဲမှာပါပြီးသား။ တနှစ်တမျိုးမရိုးရအောင် ကျင်းပကြတယ်။ ဒေါ်စုအတွက် မွေးနေ့မင်္ဂလာ ဆုတောင်းတာထက် ဒီနေ့ကိုအကြောင်းပြုပြီး နိုင်ငံရေးလုပ်ကြတာလို့ ဝန်ခံပါတယ်။ စိန်ခေါ်ချင်ပါတယ်။ ဒေါ်စုမွေးနေ့တွေကို ထိုင်းနဲ့ အိန္ဒိယမှာနေခဲ့သူတွေလောက် ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူးလို့။
ဒေလီမြို့ဆင်ခြေဖုံးရပ်ကွက်ထဲက BCRC လို့ခေါ်တဲ့ လူလေးငါးဆယ်သာဆန့်တဲ့ မြန်မာရိပ်သာထဲမှာလုပ်ကြရတဲ့နှစ်ဟာ နိုင်ငံရေးရေချိန် ပုံမှန်သာရှိတယ်လို့ ပြောနိုင်တယ်။ မြို့လယ်ခေါင် (ဂျန်တားမန်တားရ်) နေရာမှာသွားပြီး ဆန္ဒပြတဲ့အခါက ပိုပြီးတက်ကြွတဲ့နှစ်တွေဖြစ်ပါတယ်။ ဒိထက်ပိုကဲရင် မြို့ထဲက အထင်ကရခန်းမတွေကိုငှားပြီး ဒေါ်စုမွေးနေ့ကို ဆင်ယင် ကျင်းပကြတယ်။ ခန်းမဆိုတာတွေကလည်း အတန်းအစားက အစားစား။ (အိန္ဒိယ ဟက်ဘစ်တက် စင်တာ) ဆိုတာမှာ လုပ်နိုင်ဖို့က ချမ်းသာမှဖြစ်တယ်။ ကျွန်တော်တို့မှာ ငွေကြေးမပြည့်စုံကြပါ။ (အိန္ဒိယ အင်တာနေရှင်နယ် စင်တာ) မှာ လုပ်နိုင်ရင် (အင်တယ်လက်ကျူရယ်) ခေါ်တဲ့ ပညာရှင်အသိုင်းအဝိုင်းကိုပါဖိတ်ပြီး လုပ်ရာကျတယ်။ အဲတာလောက်တော့ လက်လှမ်းမီတယ်။ နေရာအစုံမှာ ဒေါ်စုမွေးနေ့တွေ လုပ်ဖူးပါတယ်။
၁၉၉၈ ကတည်းက ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ကို မြန်မာ့အမျိုးသမီးများနေ့အဖြစ် WRWAB ခေါ် အမျိုးသမီးအဖွဲ့က ဦးစီးကျင်းပလာနိုင်ခဲ့တယ်။ ဒိနောက်လည်း ဒေသခံအမျိုးသမီးအဖွဲ့တွေရဲ့အကြံပြုချက်နဲ့ အာရှအမျိုးသမီးများနေ့ရယ်လို့ ကျင်းပနိုင်လာတယ်။ ၂ဝဝ၃ ဒေါ်စုမွေးနေ့ကို ကမ္ဘာလုံးဆိုင်ရာ ကင့်ပိန်းအဖြစ် တခြားနိုင်ငံတွေရောက် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။ ၂ဝဝ၉ ဇွန်လ ၁၉ ရက်မှာတော့ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး ခွင့်ပြုချက်မရှိပဲဆန္ဒပြကြတယ်။ အမျိုးသမီးတွေက ဦးဆောင်ခဲ့တာပါ။
၁၉၉၉ ခုနှစ်မှာ ဒေါ်စုမွေးနေ့ပွဲကို နယူးဒေလီမြို့ထဲက ခန်းမတခုမှာကျင်းပတုံးက ကျွန်တော့်သမီးက တပင်တိုင်အကနဲ့ တင်ဆက်ရတယ်။ ပြည်ပမှာလည်း ပြည်တွင်းလိုပါပဲ။ အသင်းအဖွဲ့တွေကြား အားပြိုင်ကြပါတယ်။ ကွဲကြပါတယ်။ အပိုင်လိုချင်တတ်ကြတယ်။ ၂ဝဝ၄ ခုနှစ်က ဒေါ်စုမွေးနေ့ကို တခြားအစုအဖွဲ့က လက်ဦးမှုယူပြီးကျင်းပတော့ NLD/LA အဖွဲ့က ယမုန်နာမြစ်သွားပြီး ငါးလွှတ်ကြတယ်။
မှတ်မှတ်ရရ ၂ဝဝ၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တုံးက ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ၄၁ ယောက်မြောက် ကလေးကို မနက် ၄ နာရီခွဲမှာ မွေးပေးခဲ့ပါတယ်။ ၁၂-၆-၂ဝ၁၂ နေ့တုံးက ဒေါ်စုမွေးနေ့ပွဲမသွားခင်မှာ ခွဲစိတ်လူနာကို ကုသပေးခဲ့ရတယ်။ နောက်ဆုံးဖြစ်တဲ့ ၁၉-၆-၂ဝ၁၄ နေ့က မွေးနေ့ရက်မှာတော့ ဆေးခန်းက အကူဆရာမတွေနဲ့ ဆေးမှူးကို အောင်လက်မှတ်တွေ ပေးခဲ့ပါတယ်။ ဒီနေ့ဘာနေ့လည်းလို့မေးတော့ အားလုံးထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မတူပီနယ်သူဆရာမလေးက အမှန်ကိုဖြေနိုင်လို့ ဝမ်းသာအားရဖြစ်ရပါတယ်။
၂ဝ၁၃ ကစပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေကို ဒေလီမှာ မကျင်းပနိုင်တော့ပါ။ မြန်မာပြည်မှာ ဖွဲ့စည်းပုံအနံ့ ရကတည်းက ပြည်ပအခြေစိုက်အဖွဲ့အစည်းတွေကို ပေးနေတဲ့အကူအညီတွေလျှော့လာပြီ။ ၂ဝဝ၈ မေလ ၁ဝ ရက်နေ့မှာ ထောက်ခံမဲ ၂၄၇၆၄၁၂၄ နဲ့ ၉၃့၈၂% ရတယ်ဆိုပြီး ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ လုပ်ကတည်းက အကူအညီတွေကို ၁ဝဝ% ဖြတ်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ကို နယူးဒေလီမှာ အခမ်းနားဆုံးနဲ့နောက်ဆုံး ကျင်းပနိုင်ခဲ့တာကတော့ ဒေါ်စု နေအိမ် အကျယ်ချုပ်ကနေ နောက်ဆုံးလွတ်မြောက်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး၊ ဒေါ်စုလည်း လွှတ်တော်ထဲရောက်လာပါပြီ။ မွေးနေ့ကျင်းပခဲ့တာက နေရူးပြတိုက်မှာပါ။ ဒေါ်စု ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်အပြီးမှာ ကျင်းပတဲ့မွေးနေ့ပွဲကိုတော့ တိဘက်အဝေးရောက်လွှတ်တော်ဥက္ကဋ္ဌ လာတက်ပါတယ်။ ဒေါ်စု နောက်ဆုံး လွတ်လာပြီးကျင်းပတဲ့ မွေးနေ့ပွဲကို ဒေလီမှာရှိတဲ့ တရုပ်သံရုံးကလည်း လာတက်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် တရုပ်ပြည်ခရီးစဉ်ကပြန်လာတယ်။
မြန်မာ့ဒီမိုကရေစီရေးမှာ တရုပ်နဲ့ အိန္ဒိယတို့ရဲ့ပေါ်လစီအပြောင်းအလဲတွေက မတူကြပါ။ အမေရိကန်နိုင်ငံကလည်း တမျိုး ဖြစ်ပါတယ်။ ၁၉၈၈ မှာ အိန္ဒိယဟာ ထောက်ခံအားပေးမှုမှာ ထိပ်မှာရှိရာကနေ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ လုပ်ကြံ သတ်ဖြတ်ခြင်းခံရအပြီးမှာ စစ်အစိုးရဖက်ကိုသာ ဖြုန်းစားကြီးလှည့်လိုက်ပါတယ်။ အိန္ဒိယရဲ့ (ဂငယ်ကွေ့) နဲ့ တရုပ်ရဲ့ (ပစောက်ကွေ့) မတူပါ။
၁၉၈၇ ကတည်းက စစ်အုပ်စုနဲ့ ပလူးပလဲလုပ်လာတဲ့တရုပ်ဟာ တဖြေးဖြေးနဲ့ စစ်အစိုးရကို အားမရဖြစ်လာပြီးသကာလ အတိုက်အခံအင်အားစုဆီက စကားသံကို နားထောင်ကြည့်လာပါတယ်။ အချိန်ကြာပါတယ်။ အစဉ်အလာကို ပြောကြရင် အိန္ဒိယဟာ ဒီမိုကရေစီစစ်စစ်နဲ့ ပါတီတွေကများလို့ ဘာလုပ်လုပ်အချိန်ကြာတယ်။ တရုပ်မှာ အာဏာရှင်ဒီမိုကရေစီနဲ့ တပါတီတည်းမို့ ဆုံးဖြတ်တာမှာ မြန်ဆန်တယ်လို့ဆိုကြတယ်။ မြန်မာ့အရေးမှာ အဲဒီအစဉ်အလာကို နှစ်နိုင်ငံလုံးက ပြောင်းပြန်လုပ်ကြတယ်။
ဒီမိုကရေစီအရေးကို ကနဦးကတည်း နားထောင်နေခဲ့တဲ့၊ ထောက်ကူနေခဲ့တဲ့ အမေရိကကတော့ ဒေါ်စုလွတ်ပြီး၊ ဒေါ်စုနဲ့ သမတစကားပြောဆိုပြီး၊ ပြောင်းလဲမှုအတိုင်းအတာတခုထိ ရောက်လာပြီးမှသာ (ယူတန်း) လုပ်ပါတယ်။
ဒေါ်စုရဲ့ဒီနှစ်မွေးနေ့ဟာ နိုင်ငံတကာအနေနဲ့တော့ ပြောစရာကိုမကျန်တော့ပါ။ မြန်မာပြည်မှာ အကွေ့မရှိပါ။ အတက်နဲ့ အဆင်းသာရှိတယ်။ အဆင်းကပိုခက်နေတယ်။ လှေအဆင်း၊ မြင်းအတက်သာ ရှိတာပါ။ လှေကားအဆင်းမှာ ကော်ဇောလည်းခင်းထားပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment