Drawn ချောင်းထဲနစ်ခဲ့တဲ့ မြန်မာစာ

မြန်မာစာအရေးအသား စံထားထိုက်သူတွေထဲမှာ သိပ္ပံမောင်ဝလည်းပါတယ်။ ကျွန်တော်တို့ခေတ်က ဆယ်တန်းမှာ ပြဋ္ဌာန်းတယ်။ သူ့စာတွေကို ခေတ်စမ်းစာလို့ သတ်မှတ်တယ်။ ခေတ်စမ်းဆိုတာ ခေတ်မီတာ၊ ဆန်းသစ်တာ။ ခေတ်တိုင်းမှာ လူတိုင်းက ခေတ်မီချင်ကြပါတယ်။ စကားမပီကလာနဲ့ သတ်ပုံမှားရေးတာကို ခေတ်မီတယ်ထင်နေတာ သွက်သွက်ခါအောင် မှားတယ်။

မြန်မာစာကိုဝါသနာပါလို့ စာကောင်းပေကောင်းတွေကို ဖတ်မှတ်ကြသူတွေရှိပါတယ်။ စာအုပ်တိုက်တွေကလည်း ပြန်ထုတ်ပေးကြတယ်။ အင်တာနက်မှာလည်း တင်ပေးကြတယ်။ ကျေးဇူးတော့တင်ပါတယ်။ အဲဒီနှစ်မျိုးလုံးမှာ အမှားတွေနဲ့ အလွဲတွေပါနေတယ်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၄)၊ စာမျက်နှာ (၅၇) ကနေ (၆၂) အထိ သိပ္ပံမောင်ဝအကြောင်းပါတယ်။ အဲတာကို ရေးသားသူတွေဟာ ဦးဝန်နှင့် ဦးသိန်းဟန်တို့ဖြစ်ကြပါတယ်။ ဦးဝန်ဆိုတာ မင်းသုဝဏ်နဲ့ ဦးဟန်ဆိုတာ ဇော်ဂျီဖြစ်ပါတယ်။

့ သင်္ကြန်တွင်းက ရွှေဘိုမှာ ပူလွန်းအိုက်လွန်းတာနဲ့ ကျောက်မြောင်းမှာသွားနေတယ်။ ကျောက်မြောင်းအကြောင်း ဆောင်းပါးတစာင် (တစ်စောင် မဟုတ်) ရလိုက်လေရဲ့။ ၂၈-၄-၃၈ နေ့က ရွှေကျင်ဂိုဏ်းကြီးကို စတင်တည်ထောင်တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ မွေးဖွါးရာရွှေကျင်ရွာလေးသို့ရောက်သွားတယ်။ ရွှေကျင်အကြောင်း ဆောင်းပါးလေး တစောင် (တစ်စောင် မဟုတ်) ကိုရလိုက်ပါရဲ့။့

့ မောင်မြသွင်တို့ ရေးတုန်းအခါကတော့ တနင်္ဂနွေတပတ် (တစ်ပတ် မဟုတ်) လျှင် နှစ်စောင်ကျရေးခဲ့ပေတယ်။ မောင်ဝတို့ကတော့ တလ (တစ်လ မဟုတ်) မှ နှစ်စောင်ကျရေးခဲ့ပေတယ်။ မောင်မြသွင်တို့နဲ့မကွာလား (၁-၈-၁၉၃၃)
ဆယ်တန်းသားတွေ စာပေအရေးအသားဖျင်းတာကတော့ မပြောပါနဲ့တော့။ ဆရာတွေကိုကမှ နေရာမကျဘဲဟာကလား။ ဆယ်တန်းမှာ သင်ကြားပြသနေကြတဲ့ မြန်မာစာဆရာတွေအထဲက ကျောင်းသုံးစာအုပ်အပြင် အခြားအလွတ်စာအုပ်ကို ဘတ်ဘူးကြတဲ့လူ ဘယ်နှစ်ယောက်ရှိသလည်းလို့ စစ်ဆေးကြည့်ပါအုန်း။ ကျောင်းသုံးစာအုပ်ကိုပင် ဟုတ္တိပတ္တိမဘတ်ပါဘဲ့ ရေးသားထုတ်ဝေထားတဲ့ ဋီကာတွေ၊ အဘွင့်တွေကိုသာ လက်ကိုင်ထားပြီး သင်ကြားပြသနေသည်သာများလေသည်။ အချို့မြန်မာဆရာတို့ကား ကျောင်းသားမျှလောက်မျှ မြန်မာစာမတတ်ကြ။့ (၂၈-၆-၁၉၃၆)
ကျွန်တော်တို့ဆရာတွေ ပြင်နိုင်ကြပါစေ။

မောင်မြသွင်အား ဗုဒ္ဓဘာသာအသင်းအကြောင်းရေးပါဟု တိုက်တွန်းလိုက်ပါသည်။ သို့သော် များစွာရေးချင်ပုံမပေါ်။ သူက စာပေဝေဘန်သူသက်သက်ဖြစ်လေသည်။ Critic ဆိုပါတော့။ မောင်ဝကလည်း Novelist ဝတ္ထုဆရာ။ တင်မောင်မြင့်ကတော့ Essayists လမ်းညွှန်ဆရာ။ သူ့နေရာနှင့်သူ့နေရာကိုး။ (၁-၈-၁၉၃၃)

စာရေးတဲ့အခါ တကယ်လိုအပ်ရင် အင်္ဂလိပ်စာလုံးတည့်တာ သင့်တယ်လို့ထင်ပါတယ်။ စကေားပြောရာမှာတော့ ပရိသတ်ရွေးစေချင်တယ်။ ရေဒီယိုတွေမှာ ဗိုလ်လို လိုတာထက်ပိုပြောနေကြတယ်။ ကျွန်တော်လည်း တချက်တလေ လွတ်သွားမိတယ်။ ဆောရီး။

မောင်မြသွင်၏ဆောင်းပါးတွင် အမှားပြင်လိုက်သည့်အတွက် သာ၍ဝမ်းမြောက်ပါ၏။ ကျွန်ုပ်တို့ကား သူတကာကဲ့သို့ အမှားပြင်ခြင်းကို မကြိုက်သူမဟုတ်။ (၂၇-၆-၁၉၃၃)

အမှားကိုဘော်ပြလိုက်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ မောင်ဝဆိုတဲ့မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလိုရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကာ သာသဗျ။့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲလက်ကိုင်ထားတယ်။ ဒါတောင် တခါတခါ (တစ်ခါတစ်ခါ မဟုတ်ပါ) အမှားတွေဖေါက်ဖေါက်လာတယ်။့ (၁၁-၁ဝ-၁၉၃၇)

ကျွန်တော်လည်း ရေးချင်ဇောကများလို့ မှားတယ်။ ပြင်ပေးသူရှိတော့ ကံကောင်းတယ်။ အနန္တသူရိယအမတ်ရေးတဲ့စာကို သတ်ပုံပြင်ရေးတင်၊ ရိုက်ထုတ်နေကြတာကိုရေးခဲ့ပါတယ်။ အဲလိုရေးတိုင်း သတ်ပုံစာအုပ်သစ်ကိုပဲထောက်ပြတဲ့သူမျိုး၊ ကနေ့ထုတ်ဝေနေတတဲ့စာအုပ်ကိုပဲကိုင်ပြသူမျိုး၊ ဟုတ်ပါ့မလားလို့ မေးသူမျိုးတွေလာတယ်။ မမြင်ဘူး မူးမြစ်ထင် ဆိုသလိုပါပဲ။ မြန်မာစာကို ရေမရှိတဲ့ချောင်းထဲမှာ နှာခေါင်းနှစ်ခံခဲ့ရတာကို သိကြစေချင်ပါတယ်။

မှတ်ချက်။ (ဘတ်) ဆိုတာက မူရင်းစွယ်စုံကျမ်းမှာပါ။ နောက်ပိုင်းမှာ ဖတ်လို့ရေးလာကြတယ်။ ခုခေတ်မှာ ဓါးပြလို့ရေးတယ်။ သိပ္ပံမောင်ဝကနေ ထားပြမှုဆိုတဲ့ဆောင်းပါးရေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ