Pros and Cons အဆိုးနဲ့အကောင်း၊ အကောင်းနဲ့အဆိုး

ဘယ်အရေးမှာဖြစ်ဖြစ် လူတွေကမတူကြတာ ကမ္ဘာ့နိယာမပါ။ ဗမာ့နိယာမလို့ပြောရမှာတခုကို ကနေ့ပဲ သဘောပေါက်လာတယ်။ ဖေ့စ်ဘွတ်ကျေးဇူး။

ကျွန်တော်က (၁) ဆဲရေးတိုင်းထွာသူ၊ (၂) ဘာသာရေးအစွန်းရေးသားသူနဲ့ (၃) မလုပ်ပါရန်နဲ့ မေးနည်းစည်းကမ်းကို ပြောထားပေမယ့် ထပ်ထပ်လုပ်သူမျိုးတွေကို ဘလော့ပါတယ်။

ကနေ့ အသည်းရောင်စီပိုးရှိသူတဦးက စနစ်တကျမေးလာလို့ အဖြေစာပို့မယ်လုပ်မှ သူ့ကို ကျွန်တော်ကဘလော့ထားတာ သိရတယ်။ ဘလော့ထားသူကနေရေးလာရင် Facebook User လို့တွေ့ပါတယ်။ ကျွန်တော်ရေးတဲ့ သူ့ရောဂါစာကို သူ ဖတ်လို့ရမှာ မဟုတ်ပါ။ စိတ်မကောင်းပါ။ အဆင်ပြေသူတွေကနေ ထပ်ဆင့်တင်ပေးစေလိုပါတယ်။

နောက်တခုက နိုင်ငံရေးမှာ လိုင်းချင်းမတူပေမယ့် လူချင်းသိလို့အားနာတာနဲ့ ဘလော့မလုပ်ပဲထားသူတွေရှိပါတယ်။ သူတို့ရေးတာတွေ၊ ကူးယူပြီးပြန်တင်ကြတာတွေကိုပါ နေ့တိုင်းတွေ့နေရတယ်။ NLD လုပ်သမျှအပြစ်ချကြတယ်။ အဲတာမှာ ဆဲတာထက်ဆိုးတာမျိုးတွေ့တတ်တယ်။ ကျွန်တော်လည်း သူတို့ကိုးကွယ်လောက်တဲ့ မဆလ၊ စစ်အစိုးရနဲ့ ပြည်ခိုင်ဖြိုးကို ဝေဘန်ပြီး ရေးသား၊ ပြောဟောခဲ့တာ နှစ်အစိတ်ကျော်ပါပြီ။

ကျွန်တော်ငယ်ငယ်က မုံရွာမှာ အိမ်နီးချင်းတွေ နေ့တိုင်းလိုလို တအိမ်နဲ့တအိမ် ရန်ဖြစ်ကြလေ့ရှိတယ်။ ဆဲနည်းပေါင်းက စုံနေတာပဲ။ ဆေးကျောင်းသွားတက်ရမှ နားသက်သာသွားတယ်။ ဆဲနည်းအစုံကိုသိပေမယ့် ကျွန်တော့်ပါးစပ်ကရော လက်ကပါ မဆဲပါ။ ကျွန်တော်ပြောတဲ့သူတွေက NLD ဆို ဆီလိုအပေါက်ရှာရေးကြတယ်။ ကပ်သီးကပ်သပ်ရေးကြတယ်။ ခနိုးခနဲ့ရေးကြတယ်။ သူတို့က ဆရာဝန်တွေနဲ့ စာနယ်ဇင်းလောကကလူတွေပါ။ ဒီစာတွေ့ပြီး သူတိုကနေ ကျွန်တော့်ကို ဘလော့လုပ်ကောင်းပါရဲ့။

ကနေ့ရလိုက်တဲ့ သင်္ခန်းစာက ဘလော့လုပ်ခြင်းရဲ့ အဆိုးနဲ့အကောင်း။ ဘလော့မလုပ်ခြင်းရဲ့ အကောင်းနဲ့အဆိုး။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး