Happy Birthdays ဒေါ်စုမွေးနေ့များ

လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အရင်ကဘာတွေလုပ်ဖြစ်ခဲ့သလဲကို သိချင်လို့ စုဆောင်းထားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာပါတယ်။ ကျွန်တော် ၂၁-၁၂-၁၉၉ဝ နေ့မှာ အိန္ဒိယနိုင်ငံနယ်စပ်ကို ဖြတ်ကျော်လိုက်ခဲ့ကတည်းက ပြည်ပမှာသာနေရတော့တာ ကနေ့အထိပါ။ အရင်ဆုံး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့ကိုရောက်ပါတယ်။ ရက်ပိုင်းအတွင်း အိုက်ဇောလ်မြို့ကိုရွှေ့ပြီး၊ တနှစ်တိတိနေထိုင်ခဲ့ပါတယ်။ ၂၁-၁၂-၁၉၉၁ ကနေ ၁၈-၉-၂ဝ၁၄ နေ့အထိ နယူးဒေလီမြို့မှာပဲ ဆက်တိုက်နေထိုင်ခဲ့ပါတယ်။

၁၉-၆-၁၉၉၁ နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒေါ်စုမွေးနေ့ကို ကျင်းပခဲ့ပါတယ်။ ပဌမဆုံးလည်းဖြစ်လို့ အဲဒီပွဲကိုမမေ့ပါ။ ကျွန်တော်တို့အရင်ရောက်နှင့်ကြတဲ့ ကျောင်းသားတွေနဲ့အတူ ကျင်းပတာဖြစ်ပြီး ပန်းချီစစ်ငြိမ်းအေးက အခမ်းအနားပန်းချီဆွဲပေးပါတယ်။

၁၉-၆-၁၉၉၇ နေ့ကဓါတ်ပုံ၊ ၁၉-၆-၁၉၉၈ နေ့ကဓါတ်ပုံ၊ ၁၉-၆-၂ဝဝ၅ နေ့ကဓါတ်ပုံ၊ ၁၉-၆-၂ဝဝ၉ နေ့ကဓါတ်ပုံတွေကို ပြန်တွေ့ပါတယ်။ ပြည်ပမှာ ဒေါ်စုမွေးနေ့ မကျင်းပဖြစ်တဲ့နေ့ရယ်လို့တော့ မရှိခဲ့ပါ။ ၁၉-၆-၁၉၉၈ နေ့ကမွေးနေ့ပွဲမှာတော့ ကျွန်တော့်သမီးက တပင်တိုင်အကတင်ဆက်ခဲ့ပါတယ်။

၁၉-၆-၂ဝ၁၁ နေ့က နယူးဒေလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ကိုလည်း မမေ့ပါ။ ဒေါ်စုနေအိမ်အကျယ်ချုပ်က လွတ်လာစမှာလည်းဖြစ်တော့ စည်ကားပါတယ်။ အိန္ဒိယနဲ့ တိဘက်အမတ်တွေ၊ အိန္ဒိယနိုင်ငံရေးသမားတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေလည်း တက်ရောက်ကြပါတယ်။ ဒေါ်စုကလည်း ဗီဒီယိုမက်ဆေ့ခ်ျ ပို့ပေးပါတယ်။

၁၉-၆-၂ဝဝ၈ နေ့ မနက် ၄ နာရီ မိနစ် ၃ဝ မှာတော့ နယူးဒေလီမှာ ကျွန်တော်ဖွင့်ထားတဲ့ ယမုန်နာဆေးခန်းလေးမှာ နံပါတ် (၄၁) ယောက်မြောက်ကလေးကို မွေးပေးခဲ့ရပါတယ်။

၁၉-၆-၂ဝ၁၂ နေ့မှာတော့ ယမုန်နာဆေးခန်းလေးမှာပဲ လူနာတဦးကို ခွဲစိတ်ကုသပေးခဲ့ရပါတယ်။ ညနေပိုင်းကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ကို နောက်ဆုံးကျင်းပခဲ့ပါတယ်။ ဒေသခံ အိန္ဒိယ အမတ်တွေ၊ နိုင်ငံရေးသမားတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေအပြင် သံတမန်တချို့လည်းတက်ပါတယ်။

၁၉-၆-၂ဝ၁၄ နေ့ ကျွန်တော် ယူအက်စ်အေကိုထွက်မလာခင် (၃) လတိတိအလိုနေ့မှာတော့ ယမုန်နာဆေးခန်းလေးမှာ လာရောက်ကူညီကြတဲ့ ဆေးမှူးနဲ့ ဆရာမတွေအားလုံးကို အသိအမှတ်ပြုလွှာကိုယ်စီပေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး