My father ကျွန်တော့်အဖေ

အခုနေရတဲ့တိုင်းပြည်မှာ ဇွန်လတတိယပါတ်ဟာ အဖေနေ့ဖြစ်ပါတယ်။ အဲသည်ခေတ်က စစ်ထောက်လှမ်းရေး ခေတ်ကောင်းချိန်ဖြစ်လို့ အစိုးရဆန့်ကျင်ရေးသတင်းနဲ့ နာရေးသတင်းကို ဆတူသဘောထားလို့ အမေဆုံးတာကို ဆုံးပြီးလေးလနေမှသာ သိခွင့်ရပါတယ်။

အဖေကွယ်လွန်တဲ့သတင်းကိုတော ချက်ချင်းသိခွင့်ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်မပေါ်သေးတော့ မုံရွာကနေ၊ ယူအက်စ်အေ မှာနေတဲ့ အမျိုးဆီကိုသတင်းပို့ရတယ်။ အယ်လ်မှာနေတဲ့ အဲဒီတူတော်မောင်ကနေ ဒေလီမှာနေတဲ့ ကျွန်တော့်ဆီကို ဖုန်းဆက်ပြောရပါတယ်။ သတင်းကနေဖြစ်စေတဲ့ တုန်လှုပ်မှုကို ငါဘာတတ်နိုင်မှာလည်းအသိကနေ ကန့်သတ်မှု လုပ်ပေးပါတယ်။ တာဝန်မကျေခဲ့မှုအသိကတော့ ကနေ့ထက်ထိ။ ကျွန်တော်လိုသားတကောင်မျိုးမွေးထားတဲ့ အဖေတွေက များမြောင်လှတယ်။

ကျွန်တော့်အဖေက ကျွန်တော် နိုင်ငံရေးထဲဝင်လုပ်တာကို သဘောမကျပေမယ့် တားတော့မတားပါ။ အဖေ့ဆီက ကျွန်တော်ရတာ မျိုးဗီဇအပြင်၊ တံမြက်စည်းလှဲကျင်းတာကအစ စည်းကမ်းကလနားနဲ့လုပ်ဖို့၊ ဥစ္စာချို့တဲ့ပေမဲ့ သူများ လေးစားမှုခံယူနိုင်အောင် ကြိုးစားဆိုတဲ့ သွန်သင်ဆုံးမမှု ရခဲ့ပါတယ်။ မချမ်းသာပေမဲ့ ဂုဏ်မငယ်ရအောင် ဘယ်လို ပြုမူ၊ ကျင့်ကြံ၊ နေထိုင်ရမလဲဆိုတာ သူ့ပါးစပ်ကနေသင်တာ မဟုတ်ပေမဲ့ အဖေ့ဆီကနေ နာယူမှတ်သားခဲ့ရပါတယ်။ အဖေကွယ်လွန်တဲ့နေ့စွဲကို အမေဆုံးတဲ့ရက်လိုဘဲ ကျွန်တော် အတိအကျသိရတာ မကြာလှသေးပါ။

မြန်မာပြည်မှာ နေ့သတ်မှတ်ထားတာမရှိသေးပေမယ့် သားတိုင်းနဲ့ သမီးတိုင်းမှာ အဖေနေ့ကိုယ်စီရှိကြမှာပါ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ