The Weapon ကျည်ဆန်ထွက်မှ လက်နက်မဟုတ်ပါ

(ဖေ့စ်ဘွတ်ကနေ အသိပေး၊ ၃ နှစ်တိတိကရေးတာတဲ့။ နည်းနည်းတော့ မွမ်းမံလိုက်ပါတယ်။)

၂၃-၆-၂ဝ၁၃ နေ့က ဖေ့စ်ဘွတ်မှာဖတ်ရပါတယ်။ (စီအိုင်အေ) ဝန်ထမ်းဟောင်း (စနိုဒင်) ရဲ့ ဖွင့်ချချက်ကိုကြည့်ရင် အမေရိကန်အစိုးရဟာ သူ့တိုင်းပြည်ကာကွယ်ဖို့ အစွန်းရောက်တွေကို NSA, CIA, FBI, DHS တို့က ထိထိရောက်ရောက် ကိုင်နေတာ၊ လူမသိသူမသိ ဗျင်းနေတာကြာပြီ။ အမေရိကန်နိုင်ငံထဲ ဗျင်းဖို့ ဥပဒေအရခက်ရင် (ဂွာတာနာမို) တို့၊ တခြား နိုင်ငံတို့က ထောင်တွေမှာထားပြီး ဆော်တယ်။ ဒါပေမဲ့ အများမြင်ကွင်းမှာတော့ လူ့အခွင့်အရေး၊ ဘာသာရေး အခွင့်အရေးတွေကို ပါးပါးနပ်နပ် ကြွေးကြော်နေတာ အားလုံးအသိ ဖြစ်တယ်။ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်တို့လဲ အဲသလို လုပ်နေတာဘဲ။ ဦးနှောက်ရှိတဲ့အစိုးရတိုင်း၊ တိုင်းပြည်အကျိုးကို တကယ်လိုလားတဲ့ အစိုးရတိုင်း ဒီလိုပဲလုပ်ကြတယ်။

တခြားဘက်ကြည့်ရင် မတရားဘူးမြင်တာ မှန်တယ်။ ကိုယ့်တိုင်းပြည်အကျိုးကို နည်းအမျိုးမျိုးနဲ့လုပ်တာဟာ တာဝန်အရလို့ ပြောနိုင်တယ်။ အစိုးရဆိုတာ မဲရဘို့တခုထဲမကြည့်ရဘူး။ တိုင်းပြည်အကျိုးဆိုရင် လက်ညှိုးထိုးတာကို မမှုရဘူး။ တိုင်းပြည်အကျိုးနဲ့ ကိုယ့်အုပ်စိုးသူအကျိုး လုံးဝခြားနားတယ်။

ဟိုခေတ်တုံးက ကိုလိုနီစနစ်နဲ့ ဗြောင်ကျကျလုပ်တယ်။ ဒိနောက် ခေတ်သစ်ကိုလိုနီ ဖြစ်လာပြန်တယ်။ အဲတာလည်း အောက်သွားပြန်ပြီ။ လူမသိသူမသိ လုပ်နိုင်အောင် ကြိုးစားလာကြရပြန်တယ်။ အဲတာလဲ မကြာခင် ပေါ်လာတယ်။ ပေါ်တာတွေက ဒီမိုကရေစီနဲ့ နည်းပညာရှေ့ရောက်မှ ပေါ်လွယ်တယ်။ ဒါလည်းအကုန်မပေါ်ဘူး။ နိုင်ငံရေးစနစ်ကြောင့် လက်သည်မပေါ်တဲ့ နိုင်ငံတွေကိုတော့ သူတော်ကောင်းမထင်သင့်ပါ။

မတူတိုင်းတော့ ရန်သူမဟုတ်ပါထဲမှာ မမြင်ရတဲ့လက်ဆိုပြီး ရေးထားတယ်။ ဒီမနက် ရေဒီယို ဆွေးနွေးခန်းတခုမှာလည်း ဒီသဘောမျိုးကို ကြားရတယ်။ ဒါပေမဲ့ ဆွေးနွေးသူတွေက ထောက်ပြချက်နဲ့ ကျွန်တော် ပြောချင်တာ မတူပါ။ စစ်အစိုးရ လက်ထက်မှာ နာမည်ဆိုးနဲ့ တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှမ်းရေးကနေ လူတွေကို အာရုံပြောင်းစေအောင်၊ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာ အဓိကရုဏ်း စတာတွေ ဖန်တီးခဲ့တယ်လို့ အထောက်အထားတွေနဲ့ တင်ပြပါတယ်။ လူအများလည်း လက်ခံမှာပါ။ အခုဖြစ်နေတာတွေနောက်မှာလည် အဲလိုပဲလို့ ကောက်ချက်ဆွဲရင် ကျိုးကြောင်း ဆီလျှော်ပါတယ်။ မြန်မာပြည်မှာ ပြဿနာတွေ ဒီလောက်များနေချိန်မှာ အခုလိုဘာသာရေးပဋိပက္ခကို လုပ်ပါ့မလားလို့ နှစ်ခါပြန် ဆန်းစစ်မိပါတယ်။ ကျွန်တော်သာ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်ရင် နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်း မသောက်ပါ။

နောက်သတင်းတပုဒ်လဲ ဖတ်ရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် အမေရိကန်ကူညီမည်တဲ့။

ဦးနေဝင်းခေတ်တုံးကပေါ့။ ခေတ်ကစစ်အေးခေတ်၊ ဗီယက်နမ်စစ်ဖြစ်နေစဉ်ကပေါ့။ အမေရိန်ကန်ကနေ ရန်ကုန်နဲ့မန္တလေး လမ်းမကြီးဖေါက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအခါ ဆိုဗီယက်ယူနီယံကနေ အဲဒီလမ်းမကြီးအလယ်မှာ သစ်ပင်တွေ စိုက်ပေးမယ်လို့ စေတနာကောင်းခဲ့တယ်။ အကြံသမားချည်းပါ။ အမေရိကန်ဘ ဘီ-တူး ဗုံးကျဲလေယာဉ်တွေ ဆင်းနိုင်လောက်အောင်ကျယ်တဲ့ လမ်းမကြီးလုပ်ချင်တာ။ ဆိုဗီယက်က လေယာဉ်ဆင်းမရအောင် ဒီအကြံကိုဖျက်ချင်တာ။ အဲဒီခေတ်က သဘာဝပတ်ဝန်းကျင်ဆိုတာတွေ ခေတ်မစားသေးပါ။

(သီ အားကလီး အမေရိကန်) ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ တီဗွီဆီးရီးစ်လည်းရှိတယ်။ စာအုပ်ပဲ ဖတ်ဘူးပါတယ်။ ဗီယက်နမ်မှာ အမေရိကန်ကနေ ဆန်တွေဝေပါတယ်။ ဆိုဗီယက်က ဆန်အိတ်တွေမှာ သူတို့တံဆိပ် ကပ်လိုက်တယ်။ အဲဒီခေတ်က ဝါဒဖြန်ချိရေးမှာ အပြိုင်အဆိုင်လုပ်ကြတယ်။ ရန်ကုန်ရှိတဲ့သံရုံးတွေကစာအုပ်တွေကို လူငယ်တွေက မှာဖတ်ကြတယ်။ ကျွန်တော်ငယ်ငယ်က သံရုံးအစုံကနေမှာတယ်။ ယူအက်စ်၊ ယူကေနဲ့ (ဂျီဒီအာ) ခေါ် အနောက်ဂျာမဏီက စာအုပ်တွေဟာ ကြွေစာရွက်တွေ၊ အရောင်စုံတွေနဲ့ချည်း။ ကွန်မြူနစ်နိုင်ငံတွေဖြစ်ကြတဲ့ ဆိုဗီယက်နဲ့ ချက်ကိုဆလိုဗက်၊ တရုပ်ကနေလည်း မှာတာပဲ။ ကျွန်တော်ငယ်ငယ်က ဘက်မလိုက်အစစ်။ အဲဒီကာလမှာ မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကတော့ လက်ဝဲဘက်ကို အတော်ယိမ်းနေပြီ။ လက်ဝဲစာမဖတ်သူ ခေတ်မမီဘူး။ အရင်းရှင်နဲ့ ပေးစားခံရတယ်။ (ဖဆပလ) ရော၊ ဦးနေဝင်းပါ မြန်မာပြည်ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေးတွေ အားသွန်ခွန်စိုက်လုပ်တယ်။ လူငယ်တွေက ဟိုဘက်၊ သည်ဘက် ရောက်သွားကြတယ်။ အနီတွေကများပါတယ်။ ပန်းနုရောင်မရင့်တရင့်တို့၊ ပန်းရင့်ရောင်မနုတနုတို့ကလည်း ရှိတာဘဲ။ အနီလေးနည်းနည်းမှမသုံးရင် တုံးတဲ့သူလို့ သမုတ်ခံရတယ်။

ပြီးခဲ့တာတွေကတော့ နိုင်ငံရေးစနစ်၊ အယူဝါဒ (အိုင်ဒီယိုလောဂျီ) တွေသာဖြစ်တယ်။ မပြီးသေးဘဲ ပိုပိုဆိုးဝါး ပြင်းထန်လာနေတာကတော့ ဘာသာရေးဝါဒဖြစ်ပါတယ်။ ထိုးစစ်နည်းတွေ တမျိုးဆန်းလာလို့ ခံစစ်နည်းတွေလဲ ဆန်းလာကြရတယ်။ ရိုးလွန်းပြီး အ, တာမဖြစ်ကြဘို့ရာ အသိတရား၊ သတိတရား၊ နှလုံးသားလက်နက်၊ နည်းပညာ လက်နက်တွေနဲ့ ကာကွယ်ကြစို့လား။ ဘယ်ဘာသာမဆို တရားစစ်ကိုသာ ရှာကြပါခင်ဗျား။

ဘယ်လက်နက်ကိုဖြစ်ြဖစ် အသုံးပြုသူရဲ့ ဦးနှောက်နဲ့ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်မှာ နှလုံးသားမပါရင်တော့ စက်ရုပ်ပဲ။ သံရုံးမှန်သမျှကနေ ဝေတဲ့စာအုပ်တွေထဲမှာ အဲတာမပါပါ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၃
၂၃-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး