Monday, June 27, 2016

GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁)

မင်္ဂလာပါဆရာ။ ကျွန်တော်အမေက အသက် ( ၅၉ ) နှစ်ပါ။ ဒေါပုံမြို့နယ် ရန်ကုန်မြို့မှာနေပါတယ်။  အမေက နေ့တိုင်း ရင်ပြည့် ရင်ကယ်ဖြစ်ပြီး ရင်ခေါင်တောင့်ပါတယ်။ လေက အပေါ်ကိုဆန်တက်ပါတယ်။ တဂေ့ဂေ့နဲ့ပါ။ အောက်ကို လေမလည်ဘူး။ အစာစားပြီးတော့လည်း ရင်ခေါင် တောင့်ပြီး နေမရထိုင်မရဖြစ်ပါတယ်။ အစားစာပြီတော့ အန်တော့ မအန်ပါဘူး။ မိုးအေးတဲ့ချိန်မှာ ရင်ခေါင်နှင့်ကျောတွေ အောင့်တတ်ပါတယ်။ ညဘက်တွေမှာ အိပ်မရအောင်ဖြစ်ပါတယ်။ ဆေးခန်းပြတော့လည်း ခဏပဲသက်သာပါတယ်။ အမေငယ်ငယ်တုန်းကတော့ အစားအိမ်အောင့်တတ်ပါတယ်။
ကျွှန်တော်ဘယ် လုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။ ရိုသေလေးစားစွာဖြင့်။

Gastroesophageal reflux disease (GERD) ဆိုတာ အစာအိမ်-အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ ဖြစ်ပါတယ်။ လူအတော်များများမှာ ဖြစ်ကြတယ်။ အစာအိမ်နဲ့ အစာမြိုပြွန်ဆက်တဲ့ နေရာမှာရှိတဲ့ အထိန်းက အလိုအလျှောက် ပွင့်တဲ့အခါ ဖြစ်တယ်။ သူပွင့်လို့ အစာအိမ်ထဲက အစာနဲ့ ရေ-အရည်တွေဟာ အထက်က အစာမြိုပြွန်ဆီကို တက်လာတယ်။ တက်တော့ ပြောသလိုတွေဖြစ်ရော။

Acid reflux or Acid regurgitation လို့လဲ ခေါ်တယ်။ အစာအိမ်ထဲက အစာခြေအရည်ဆိုတာက (အက်စစ်) ဖြစ်လို့ပါ။ အဲလိုဖြစ်လာရင် ပါးစပ်မှာ အဲဒီအရသာကို သိလာစေတယ်။ ဒါကို အစာမြိုပြွန်က မခံနိုင်ဘူး။ လောင်သလို ဖြစ်စေတယ်။ ပူလောင်သလို ခံစားရတာကို Heartburn လို့ခေါ်တယ်။ တလတခါက အကြောင်းမဟုတ်ပေမဲ့ တပါတ်မှာ နှစ်ခါထက်ပိုဖြစ်တာ ရောဂါ။ အရွယ်သိပ်မရွေးဘူး။ ငယ်သူတွေဖြစ်ရင် ရင်ပူတာသိပ်မခံစားရတတ်ဘူး။ ပန်းနာလိုလို ချောင်းဆိုးတယ်၊ အမြိုရခက်တာမျိုးလဲ ခံစားရမယ်။

ဘာလို့ဖြစ်လဲ သိပ်မသိသေးဘူး။ တချို့မှာ Hiatal hernia အစာအိမ်ထိပ်ပိုင်းက အစာမြိုပြွန်ဝင်တဲ့နေရာ ကျဉ်းကျဉ်းလေး ဘေးကနေ အထက်ဘက် ကျွံတက်လာတဲ့ရောဂါနဲ့ တွဲနေတတ်တယ်။ ဖြစ်လာတိုင်း ဆေးကုစရာထူးမလိုပါ။ ကျွံတာက သွေးမလျှောက်သလို ပိတ်တာဆိုရင်တော့ ခွဲစိတ်ကုသရမယ်။

ရောဂါသေချာအောင်
• Barium swallow radiograph X rays ဆေးမျိုပြီး ဓါတ်မှန်ရိုက်ရင် Hiatal hernia ရှိတာ၊ အနာရှိတာသိမယ်။
• Upper endoscopy ကရိယာထည့်ကြည်တာက ပိုသေချာတယ်။ တခါထဲ Biopsy အသားစ ဖြတ်ယူ စစ်ဆေးတာလဲ လုပ်နိုင်တယ်။
• pH monitoring examination စစ်ဆေးနည်း၊

ကုသနည်း
၁။ နေတာ-စားတာ ပြောင်းရပါမယ်။ ဝနေရင် လျှော့ပါ၊ ဆေးလိပ်သောက်ရင် လျှော့ပါ-ဖြတ်ပါ။ အချဉ်၊ ချော့ကလက်၊ ကော်ဖီ၊ အရက်၊ အဆီများတဲ့အစာ၊ ချင်း၊ ကြက်သွန်၊ အစပ်၊ ခရမ်းချဉ်၊ စတာတွေနဲ့လဲ ပိုဖြစ်တာတွေ့ရတယ်။ ချောင်းဆိုးတာ၊ အန်တာ၊ အလေးအပင်မတာမျိုးတွေကနေ အစာအိမ်ကျွံတာ ဖြစ်လာစေနိုင်တယ်။ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်တာတွေကနေလဲ စေ့ဆော်နိုင်တယ်။

တချို့အစားအသောက်တွေကနေလဲ ဖြစ်စေနိုင်တာသတိထားရှောင်ကျဉ်ပါ။ အနေအထိုင်ကြောင့်လဲ ဆိုးစေတတ်တယ်။ တချို့မှာ မတ်မတ်ရပ်နေရင် သက်သာတယ်။ ချောကလက်၊ အဆီများတဲ့ အစားအစာ၊ စပ်တာ၊ ကြော်တာ၊ ကော်ဖီ တွေကနေ ပိုဆိုးတတ်တယ်။ အချဉ်ရည်၊ ခရမ်းချဉ်သီးတွေကနေလဲ ဖြစ်တတ်တယ်။ တခါစားရင် နည်းနည်းခြင်း စားသင့်တယ်။ ညစာစားပြီး ၂-၃ နာရီနေမှအိပ်-လှဲသင့်တယ်။ အိပ်ယာ-ကုတင်ကို ခေါင်းရင်းက မြှင့်ပေးထားတာ သက်သာတယ်။ ခေါင်းအုံးမြှင့်ရတာ မဟုတ်ပါ။

၂။ ဆေးတွေက သက်ရောက်စေတာတွေ မတူကြလို့ ဆေးတွေကို တွဲပေးရတယ်။
• Antacids = Alka-Seltzer, Maalox, Mylanta, Rolaids, and Riopan ဆေးတွေ အသေအခြာပေးမယ်။ Magnesium, Calcium, Aluminum တွေနဲ့ လုပ်ထားတာတွေ ဖြစ်တယ်။ Magnesium salt တွေက ဝမ်းလျှော စေတယ်။ Aluminum salt တွေက ဝမ်းချုပ်စေတယ်။ Calcium carbonate antacids ဆေးကို ဒီနေရာမှာ သာမက (ကယ်လ်စီယမ်) လိုတာ ဖြည့်ဘို့ အနေနဲ့လဲ ပေးနိုင်တယ်။ Antacids ဆေးတွေကို တာရှည်သုံးပြန်ရင်လဲ ဘေးထွက်-ဆိုးကျိုးသတိထားရမယ်။ ဝမ်းလျှောတာ၊ (ကယ်လ်စီယမ်) ဓါတ် နည်းတာတွေဖြစ်စေနိုင်တယ်။  (မက်ဂနီဆီယမ်) များလာမယ်။ အဲဒါဆိုရင် ကျောက်ကပ်ကို ထိခိုက်နိုင်တယ်။ ဒါကြောင့် (အင်းတစစ်) ဆေးကို ၂ ပါတ်သောက်ပြီး နားထားသင့်တယ်။

• Foaming agents (Gaviscon) ဆေးကတော့ (ကာဗာ) အကာကွယ်လို သဘောလုပ်ပေးတယ်။
• H2 blockers အုပ်စုဝင်ဆေးတွေကို နာတာရှည်သမားတွေ ပေးတယ်။ Cimetidine (Tagamet HB), Famotidine (Pepcid AC), nizatidine (Axid AR), and Ranitidine (Zantac 75) ဆေးတွေက အက်စစ်ဓါတ် ထွက်တာ နည်းစေအာင် လုပ်ပေးတယ်။
• Proton pump inhibitors ဆေးအမျိုးအစားလဲ သုံးတယ်။ Omeprazole (Prilosec, Zegerid), Lansoprazole (Prevacid), Pantoprazole (Protonix), Rabeprazole (Aciphex), Esomeprazole (Nexium) ဆေးတွေကတော့ လက္ခဏာတွေ သက်သာစေတယ်။ အနာလဲ ကျက်စေတယ်။ Omeprazole 20 အစာမစားခင်၊ တနေ့ ၁ ကြိမ်။
• Prokinetics ဆေးတွေကတော့ အစာအိမ်ထဲက အစာတွေကို မြန်မြန် အောက်ဆင်းစေတယ်။ Bethanechol (Urecholine) နဲ့ Metoclopramide (Reglan) တွေဖြစ်တယ်။ ဒါပေမဲ့ ဆေးတွေက အားယုတ်သလို ခံစားရမယ်၊ အိပ်ချင်မယ်၊ စိတ်ကျတတ်တယ်၊ စိုးရိမ်စိတ် ဝင်တတ်တယ်။

၃။ ခွဲစိတ်ကုသနည်းတွေ ရှိတယ်။
လူနည်းနည်းလောက်သာခွဲစိတ်ကုသဘို့လိုတယ်။ Fundoplication ခွဲစိတ်နည်း ဆိုတာ အစာအိမ်အထက်နေရာကို အားကောင်းအောင်၊ လုံအောင် လုပ်ပေးနည်း ဖြစ်တယ်။ Hiatal hernia ရှိရင်လဲ ပြင်ပေးမယ်။ Nissen fundoplication နည်းကို Laparoscope ကရိယာနဲ့ ခွဲတယ်။ Endoscopic techniques နည်းတွေလဲ ရှိသေးတယ်။

နာတာရှည်ဖြစ်နေ၊ ဆေးလဲ သေချာမကုရင် နောက်ဆက်တွဲတွေ ဖြစ်လာမယ်။ Esophagitis အစာမြိုပြွန်ရောင်တာ၊ သွေးယိုတာနဲ့ အနာဖြစ်တာတွေဖြစ်တယ်။ အမာရွတ်ဖြစ်ပြီး ကျဉ်းတာတွေ ဖြစ်လာနိုင်တယ်။ အနေအစားဆင်ခြင်ရင် အသက်မတိုပါ။

Dr. တင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...