Hepatitis C Treatment အသည်းရာင် (စီ) ဘယ်လိုကုသလဲ

ဆရာတင့်ဆွေခင်ဗျာ၊ ကျေဇူးပြု၍ တိုင်ပင်ပါရစေ။ ကျွန်တော့့် ၄၇နှစ်ပါ။ မန္တလေးကပါ။ သွေးတိုး ဆီးချိုမရှိ။ လွန်ခဲ့ ၁နှစ်က အန်လို့ဆေးရုံတတ်ပြီးအရက်ဖြတ်ပါတယ်။ စီပိုးတွေ့တယ် သိရပါတယ်။ ဓာတ်မှန်ရိုက်တော့ အသည်းနဲနဲစပြီးခြောက်နေသည်ဟု ပြောပါသည်။ အသည်းအားဆေး သောက်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ အစားအသောက် မပျက်ပါ။ တခါတခါ  ခြေလက် ကိုက်ခဲပါတယ်။ စိတ်တွေက အရင်လို လန်းလန်းဆန်းဆန်းမရှိ။ အရက်ပြန်သောက်ရင် လူက ပုံကြသွားပါတယ်။ ကျွန်တော် စီပိုး ကုချင်တယ်ဆရာ။ ဘာတွေ စလုပ်သင့်ပါသလဲ ခင်ဗျာ။ ဆေးအသစ်တွေက ဈေးမကြီးတောဘူး ကြားမိပါတယ်။ တတ်နိုင်ရင် ကုချင်ပါတယ်။ အကူအညီ အကြံလေးပေးပါဆရာ။

မေးတဲ့သူက သေချာရေးမေးလို့ စာပြန်မယ်လုပ်မှ Facebook User လို့တွေ့တယ်။ တိုက်ရိုက်စာပြန်လို့မရနိုင်ပါ။ အဲလိုပေါ်နေရင် အရင်က ကျွန်တော် ဘလော့ထားသူသာဖြစ်တယ်။ ဘာအတွက်လည်း မှတ်မထားပါ။ အဲတာနဲ့ တိုင်းမ်လိုင်းမှာသာတင်ပါရစေ။ ဆောရီး။

အသည်းရာင် (စီ) ရောဂါ နည်းနည်းလေးသာရှိနေသူတွေ ဆေးမလိုသေးပါ။ အသင့်အတင့်ဆိုးလာသူတွေက အသည်းခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့ ရမဲ့အကျိုးချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ အသည်းခြောက်နေပြီဆိုရင် အသည်းအစားထိုးတာပဲလုပ်နိုင်တယ်။ HIV ပါရှိနေသူဆိုရင်တော့ စောစောကတည်းက ကုရင်ကောင်းတယ်။

Pegylated interferon (PEG interferon) နဲ့ Ribavirin (RBV) ဆေး ၂ မျိုးကိုသုံးတယ်။ PEG Interferon က ၂ မျိုးရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူတမျိုးထဲမရဘူး၊ PEG interferon နဲ့တွဲပေးရတယ်။ စားဆေးဖြစ်တယ်။  

HIV-positive ဆိုရင် ဘယ် Genotypes ဖြစ်ဖြစ် တနှစ်ကြာပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး၊ 1 နဲ့ 4 တွေကို တနှစ်မက ပေးတာလဲရှိတယ်။ ဆေးကုသရခြင်းရဲ့ရည်ရွယ်ချက်က ပိုးတွေကိုရှင်းချင်လို့ဖြစ်တယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးထဲမယ်ပိုးမရှိတော့ရင် Sustained virological response (SVR) ခေါ်တယ်။ ပိုးကင်းသွားပြီ။ အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့ အသည်းအလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်ဘို့အခွင့်အလမ်း အတော်ကြီးနည်းတယ်။ ပိုးနည်းနည်းလေးသာကျန်တော့တာလဲ ကောင်းတယ်။ တချို့မှာ ဆေးကုလို့ ထင်သလောက် မကောင်းတာလဲရှိတယ်။
HIV ရှိနေသူတွေကို ဘယ်လို CD4 count is 200 cells/mm3 ထက်နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင် ပေးတာလဲလုပ်တယ်။

စီပိုးရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်းစားတာ၊ ရေ-အရည် ပိုသောက်ပါ။ နာတာရှည် ဖြစ်လာသူတွေကတော့ အသည်းကိုအမြဲစောင့်ကြည့်နေရမယ်။ ကုသရမယ်။  ကံကောင်းသူ ၁၅-၂၅% ဟာ ဆေးကုစရာမလိုဘဲ ပိုးကရှင်းသွားတာတွေ့ရတယ်။ နာတာရှည်လဲ ဖြစ်မလာဘူး။ နာတာရှည်ဖြစ်နေသူအထူးကုဆရာဝန်နဲ့ အမြဲဆက်စပ်နေရမယ်။ အရက်လုံးဝဖြတ်ရမယ်။ တခြားရောဂါဖြစ်ရင် ထိုးမဲ့ သောက်မဲ့ဆေးတွေ ရွေးရမယ်။ Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ C အတွက် ကာကွယ်ဆေးမပေါ်သေးပါ။ ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနကတားမထားပါ။ HIV နဲ့ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာပိုဖြစ်တာတွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ (စီ) ပိုးပါရှိနေကြတာတွေ့ရတယ်။ (စီ) ဗိုင်းရပ်စ် ဟာသာမန် အပူချိန်မျိုးမှာကိုယ်ခန္ဓာအပြင်မယ် ၁၆ နာရီကနေ ၄ ရက်အထိရှင်နေနိုင်တယ်။ ပိုးရှိနေသူကနေထွက်လာတဲ့ သွေးကိုရေ ၁ဝ ဆထဲမှာ Bleach (ကလိုရင်း) ချွတ်ဆေးမှုံ့ ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံဆိုရင် တခုလုံးပါတာမျိုးစားပါ။

Sovaldi အသည်းရောင် (စီ) အတွက်ဆေး
၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၆ နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ Gilead ဆေးကုမ္ပဏီကနေ ၂ မျက်နှာပြည့်ကြော်ညာသလို ရေးထားတာပါတယ်။ နာတာရှည် အသည်းရောင် (စီ) 'ဂျီနို' အမျိုးအစာ (၁) ရှိတဲ့သူတွေကို Sovaldi ဆေးကနေပျောက်စေမယ်လို့ဆိုပါတယ်။ 'ဂျီနို' အမျိုးအစာ (၁) က အများဆုံးဖြစ်စေတယ်။

သတိပေးချက်ကိုလဲ ရှင်းရှင်းလင်းလင်းရေးထားပါသေးတယ်။ ကိုယ်ဝန်ဆောင်ကိုပေးရင် ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာနိုင်တယ်။ ဒီဆေးတွေကို ကိုယ်ဝန်နဲ့ အနည်းဆုံး ၆ လ ကွာသင့်တယ်။ Rifampin ဆေးနဲ့ St. John’s wort တိုင်းရင်းဆေးတွေနဲ့မသင့်ပါ။ ဘေးထွက်ဆိုးကျိုးတွေကတော့ မောပန်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့ချင်မယ်၊ အိပ်ရေးပျက်မယ်၊ သွေးနီဥနည်းမယ်။ (စီ) ပိုးကြောင့်မဟုတ်တဲ့ အသည်းရောင်ရှိနေသူ၊ အသည်းအစားထိုးလဲထားသူ၊ ကျောက်ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ရှိနေသူ၊ HIV ရှိနေသူ၊ ကိုယ်ဝန်ရှိနေသူနဲ့ ကလေးနို့တိုက်နေသူတွေကို မပေးသင့်ပါ။

Sovaldi ဆေးကို တမျိုးထဲ မသောက်ရပါ။ Sovaldi + Ribavirin ဒါမှမဟုတ် Peginterferon alfa + Ribavirin ပူးတွဲပေးရတယ်။ အသက် ၁၈ နှစ်အထက်ကိုသာပေးတယ်။ စိတ်ချရတယ်။ ထိရောက်တယ်။ အရင်ကဆေးမကုဘူးသေးတဲ့ အသည်းရောင် (စီ) ဂျီနို အမျိုးအစာ (၁) ရှိတဲ့ လူနာပေါင်း ၃၂၇ ယောက်ကို ကုသပေးတာမှာ ၈၉% ပျောက်ကင်းသွားတယ်။ Sovaldi စာဆေးကို တနေ့မှာ ၁ ကြိမ်၊ ၁၂ ပါတ်ကြာ၊ Ribavirin စားဆေးနဲ့တွဲပြီး Peginterferon alfa ဆေးကို တပါတ် ၁ ခါထိုးပေးခဲ့တယ်။ ဆေးပါတ်လည်ပြီးနောက် ၃ လမှာစစ်ရင် သွေးထဲမှာ (စီ) ပိုးတွေမတွေ့တော့ပါ။

အမေရိကားမှာ ဆေး ၁ ပြားကို ဒေါ်လာ ၁ဝဝဝ ပေးရတယ်။ ဒါကြောင့် Gilead ဆေးကုမ္ပဏီကနေ အိန္ဒိယမှာ ဒေါ်လာ ၉ဝဝ နဲ့ ရအောင် ထုတ်စရာရှိတယ်။ အဲလိုသာဖြစ်လာရင် ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံက လူတွေအတွက် အများကြီးအကျိုးရှိပါမယ်။

ပြီးခဲ့တဲ့အပတ်လောက်က သတင်းကောင်းတခုဖတ်ရပါတယ်။ စီပိုးကုသရန် ၁၂ သိန်းဝန်းကျင်သာကုန်ကျမည့် သုံးလ သောက်ဆေး ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ရောက်မည်ဟု ၁၅-၆-၂ဝ၁၆ ရက်နေ့၌ အသည်းရောဂါဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်ကပြောသည်။ အရင်က ဘီပိုး၊ စီပိုး ကုတယ်ဆိုရင် ကုသစရိတ်က သိန်း ၁၅ဝ-၂ဝဝ လောက်ရှိတယ်။ 

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး