Medicines for kids ကလေးသုံးဆေးများ

Fever အဖျား
ဆဲလ်စီးယပ်စ် ခေါ် စင်တီဂရိတ် မှ ဖါရင်ဖိုက်အပူချိန်ပြောင်းနည်း
37 C = 98.6 F
38 C = 100.4 F
39 C = 102.2 F
40 C = 104 F
41 C = 105.8 F

ကိုယ်အပူချိန်
• 37 C = 98.6 F ပုံမှန် ကိုယ်အပူချိန်၊
• 98.8 F မှ 101F သာမန်အဖျား၊
• 101 F မှ 103 F အလတ်စား အဖျား၊
• 104 F နှင့်အထက် အပြင်းဖျား။

အဖျားသည် ရောဂါမဟုတ်၊ လက္ခဏာသာဖြစ်သည်။ ဖျားရခြင်းအကြောင်း ရောဂါရှိမည်။ ဥပမာ ငှက်ဖျား။ ရာသီဥတု ပူလွန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နေပူထဲ အကြာကြီးနေခြင်း၊ (အလာဂျီ) ခေါ် တခုခုနှင့်မတည့်ခြင်းကြောင့်လည်းဖျားမည်။

အဖျားလက္ခဏာများ
မျက်နှာနီမြန်းလာမည်။ အစားပျက်မည်။ ပျို့-အန်ချင်မည်။ ခေါင်း-ကိုယ်-လက် ကိုက်ခဲမည်။ ဝမ်းပျက်နိုင်သည်။ စိတ်ဂရောင်ခြောက်ခြား ဖြစ်နိုင်သည်။ တက်နိုင်သည်။

အဖျားရှိသူရှေးဦးသူနာပြုနည်း
အပူချိန်တိုင်းပါ။ အဝတ်အစားအပိုတွေ ဖယ်ပြစ်ပါ။ အေးတဲ့နေရာထားပါ။ လေးအေးစက်ရှိရင်ဖွင့်ထားပါ။ ရေအေး-ရေခဲ တင်ပေးပါ။ ရေ-အရည် များများတိုက်ပါ။ အဖျားကျဆေး Acetaminophen/Paracetamol တိုက်ပါ။ Aspirin မတိုက်ရ။ ချမ်းမနေပါက စောင်မခြုံရ။

Paracetamol (120 mg/5 mL) (ပါရာစီတမော) ဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာနဲ့ နာတာအတွက် 2⋅5 mL တကြိမ်၊ (သို့) ၄-၆ နာရီခြားပြီး နောက်တကြိမ်။ တနေ့မှာ ၂ ခါထက်ပိုမပေးရ၊ တခါနဲ့တခါ ၄ နာရီထက် မနီးရ။ ဆရာဝန်မညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊ ကိုယ်ပူတာ၊ နာတာတွေအတွက် -
• ၃-၆ လအရွယ် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊

(ပါရာစီတမော) ဟာ နာတာနဲ့ ဖျားတာအတွက် ထိရောက်တဲ့ဆေးဖြစ်တယ်။ ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာအတွက်ပါ ပေးနိုင်တယ်။ ဘယ်နှစ်ရက်တိုက်ပါလို့ မရှိပါ။ လိုအပ်ချိန်မှာတိုက်၊ မလိုတာနဲ့ ရပ်လိုက်လို့ရတယ်။ ဆေးများရင် အသည်းကိုထိခိုက်တယ်။

Azithromycin (အဇစ်သရိုမိုင်စင်) ပိုးသေဆေး
နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ ခရီးသွားဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးသင့်တယ်။ (အဇစ်သရိုမိုင်စင်) ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။
10 kg အလေးချိန် = တနေ့ 2.5 ml
12 kg အလေးချိန် = တနေ့ 3 ml
14 kg အလေးချိန် = တနေ့ 3.5 ml
16 kg အလေးချိန် = တနေ့ 4 ml
17 – 25 kg အလေးချိန် = တနေ့ 5 ml
26 – 35 kg အလေးချိန် = တနေ့ 7.5 ml
36 – 45 kg အလေးချိန် = တနေ့ 10 ml
45 kg အလေးချိန်အထက် = တနေ့ 12.5 ml

Amoxicillin အမောက်ဆာစလင်
ဗက်တီးရီးယားတွေအတွက်ဆေးဖြစ်တယ်။ အသုံးများတယ်။ နားပြည်ယိုခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း၊ လည်ချောင်းရောင်ခြင်း၊ ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ အရေပြားနာ၊ ဂနိုရီးယား၊ သည်းခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ သွားပိုးဝင်၍ပြည်တည်ခြင်း၊ အစာလမ်းအစမှာ လေနာဖြစ်ခြင်းတွေအတွက် ပေးနိုင်တယ်။

ဆေးမှုံ့ကို ရေနဲ့ဖျော်ပြီးနောက် ၁ဝ ရက်အတွင်းသာသုံးပါ။ အစာနဲ့နီးနီးဝေးဝေး ပေးနိုင်တယ်။ ရောဂါလက္ခဏာတွေ ပျောက်သွားပေမယ့် ဆေးပတ်လည်အောင်ပေးရမယ်။ ဆေးပြီးခြင်း ဆေးကို ပိုးကခံနိုင်ရည်ဖြစ်သွားတာကနေ ကာကွယ်ဘို့ဖြစ်တယ်။ အမောက်ဆာစလင် ဘေးထွက်ဆိုးကျိုးများ = ဝမ်းပျက်၊ အရေပြားအနီပြင်ထွက်၊ ဆေးမတည့်ဖြစ်ခြင်း။

Septrin (ဆက်ပ်ထွင်န်) ဆေး
Sulfamethoxazole and trimethoprim ဆေးဖြစ်တယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ ဆေး (၂) မျိုးတွဲထားတယ်။ အသုံးများတယ်။ Co-trimoxazole, Septra, Septram, Septrin, Bactrim DS, Bactrim, Bactrimel, Bactrom, Bibactin, Biseptol, Cotrim, Graprima Forte Kaplet, Infectrin, Primotren, Polytrim, Trisul, Respri, Sanprima, Sulfatrim, Trisul, Vactrim နာမည်အမျိုးမျိုးရှိတယ်။

နားပိုးဝင်ခြင်း၊ ဆီးလမ်းပိုးဝင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ခရီးသွားဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသက်ရှူလမ်း ပိုးဝင်ခြင်း၊ နူမိုးနီးယားအမျိုးမျိုး၊ အာခေါင်ရောင်ခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ဆိုင်းနပ်စ်ရောဂါ စတဲ့ရောဂါအမျိုးမျိုးအတွက်သုံးတယ်။

• Otitis Media နာအလယ်ပိုင်းရောင်ခြင်း
၂ လအထက်ကလေး 4 mg/kg (trimethoprim) ကို ၁၂ နာရီတခါ ၁ဝ ရက်။

• Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း
၂ လအထက်ကလေး 4 mg/kg (trimethoprim) ၁၂ နာရီတခါ ၅- ၁ဝ-၁၄ ရက်။

• Shigellosis ဝမ်းကိုက်ခြင်း
၂ လအထက်ကလေး 4 mg/kg (trimethoprim) ၁၂ နာရီတခါ ၅ ရက်။

• Pneumocystis Pneumonia နူမိုးနီးယားကုသရန်
၂ လအထက်ကလေး 15 to 20 mg/kg/day (trimethoprim) ၃-၄ ခါခွဲတိုက်ပါ၊ ၁၄-၂၁ ရက်။

• Pneumocystis Pneumonia Prophylaxis နူမိုးနီးယားကာကွယ်ရန်
၂ လအထက်ကလေး 75 mg/m2 (trimethoprim) တနေ့ ၂ ကြိမ်ခွဲတိုက်ပါ၊ ၃ ရက်ဆက်တိုက်၊ တပါတ်မှာ ၃ ရက်ကြာ။

ဘေးထွက်ဆိုးကျိုးတွေက ပျို့-အန်ချင်၊ အစားပျက်၊ အနည်ငယ်ယားယံတာသာဖြစ်မယ်။ ဆေးသောက်ရင် ရေများများ သောက်ရမယ်။ ဆေးသောက်ပြီးမှ ဝမ်းလျှောရင်၊ ဝမ်းထဲသွေးပါရင်၊ ဆေးဆက်မသောက်သင့်ပါ။ ဆေးနဲ့မတည့်သူ ရှိတယ်။ တချို့ ဆိုးဆိုးဝါးဝါးဖြစ်တယ်။ (ဆာလ်ဖါ) ဆေးဖြစ်လို့ မတည့်သူတွေ တသက်လုံး ရှောင်ထားရမယ်။ အသည်း (သို့) ကျောက်ကပ်မကောင်းသူတွေ၊ ဖေါလစ်အက်စစ် နည်းရောဂါရှိသူတွေ၊ သွေးမှုံနည်းသူတွေ မသုံးသင့်ပါ။ G6PD ရှိသူ၊ လည်ပင်းကြီးရောဂါရှိသူနဲ့ HIV-AIDS ရှိသူတွေကသတိထားရမယ်။ ကိုယ်ဝန်ဆောင်မှာ မပေးရပါ။ ကလေးနို့တိုက်ချိန်မှာလည်း ရှောင်သင့်တယ်။ ကလေးအသက် ၂ လအောက်မပေးသင့်ပါ။

Diarrhea ဝမ်းပျက်ခြင်း
ကလေးငယ်လေးတွေမှာ ဝမ်းသွားတာ အများအားဖြင့်ဆေးမလိုပါ။ ပိုးသေဆေးမလိုပါ။ ကလေးပါးစပ်ထဲကို ဗိုင်းရပ်စ်ဝင်ရာကနေ အများဆုံးဖြစ်တယ်။ (အလာဂျီ) ရလို့လဲဖြစ်မယ်။ တခါတလေ (ဗက်တီးရီးယား) ကြောင့်ဖြစ်မယ်။ အစာဆိပ်သင့်တာဆိုရင် ဗိုက်အတင်းနာမယ်။ ဝမ်းထဲသွေးပါနိုင်တယ်။ ကိုယ်ပူမယ်၊ အန်မယ်ဆိုရင် (ရိုတာဗိုင်းရပ်စ်) ကြောင့်ဖြစ်နိုင်တယ်။ ဝမ်းအနံ့ကလဲ ထူးခြားသေးတယ်။ ရေဓါတ်-ဆားဓါတ်နည်းတာ အဖြစ်မြန်တယ်။ ကလေးငယ်လေ ဆိုးလေ။ E. coli နဲ့ Salmonella (ဗက်တီးရီးယား) တွေကနေ ဖြစ်လို့ ဆေးကုတာနောက်ကျရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ ပဋ္ဋိဇီဝဆေးတိုက်ရင် ဝမ်းပျက်တတ်တယ်။ နို့ထဲမှာပါတဲ့ (လက်တို့စ်) နဲ့ မတည့်တာဖြစ်တတ်တယ်။

Loperamide (Imodium 2 mg) ဝမ်းပိတ်ဆေး
- ကလေး ၂-၅ နှစ် = 1 mg တနေ့ ၃ ကြိမ်၊
- ကလေး ၆-၈ နှစ် = 2 mg တနေ့ ၂ ကြိမ်၊
- ကလေး ၈-၁၂ နှစ် = 2 mg တနေ့ ၃ ကြိမ်၊
- ကလေး ၂ နှစ်အောက် = မတိုက်သင့်။

Loperamide ကို Imodium, Imodium A-D, Anti-Diarrheal, Imotil, Diamode, Kao-Paverin, Kaopectate 1-D, Diarrhea စတဲ့နာမည်တွေနဲ့ရောင်းတယ်။ အများဆုံးသုံးပြီး ဈေးလဲအတော်ချိုတဲ့ Lomotil ဆေးဟာ ဝမ်းသွားတဲ့ အကြိမ် အရေအတွက်ကို လျှော့မှာမဟုတ်ပေမဲ့ သွားတဲ့အားကို နည်းစေတယ်။ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ခြေ-လက်ထုံ၊ စိတ်ဓါတ်ကျ၊ စိတ်တမျိုးဖြစ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဂနာမငြိမ်ဖြစ်၊ အိပ်ချင်။ ဆေးများရင် ဝမ်းချုပ်မယ်။ ပျို့-အန်၊ အစာမစားချင်ဖြစ်မယ်။

ရေဓါတ်၊ ဆားဓါတ်နည်းလွန်းရင် RL drips ဆေးသွင်းကုသရမယ်။ တကိုယ်ရေ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တခါဖြစ်သူ ထပ်ဖြစ်တတ်တယ်။ သူများကိုလဲ ကူးစေမယ်။ ကလေးပြုစုသူတွေက လက်ကို မကြာခဏဆေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး