U.S. airstrike on ISIS cash depot sends money into air ငွေတိုက်ကို ဗုံးကြဲခြင်း
ISIS ခေါ် အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့ကို အမေရိကန်ဦးဆောင်ပြီး နှိမ်နင်းနေတာကြာပါပြီ။ အတော်တော့မလွယ်ပါ။ နည်းဗျူဟာအမျိုးမျိုးနဲ့ တိုက်ခိုက်ခြေမှုန်းနေရပါတယ်။ ဗီယက်နမ်၊ အာဖကန်နဲ့ အီရတ်စတဲ့ နမူနာတွေရှိထားလို့ ဒီစစ်ပွဲမှာ အမေရိကန်စစ်သားတွေကို မြေပြင်မှာမသုံးပဲ၊ ဒရုန်းလေယာဉ်တွေ သုံးပါတယ်။
ယူအက်စ်ကနေ ISIS တွေရဲ့ဘဏ္ဍာရေးကိုချိနဲ့စေအောင် ဆန်ရှင်နည်း၊ အမည်မည်းစာရင်းသွင်းနည်းစတာတွေ လုပ်ထားပြီးပါပြီ။ အခုတခါ အမေရိကန်စစ်လေယာဉ်တွေက နေရာ (၉) ခုကိုဗုံးကျဲလိုက်ပါတယ်။ စစ်စခန်းတွေ၊ ISIS ခေါင်းဆောင်တွေရဲ့ကားတန်းတွေမဟုတ်ပါ။ ပိုက်ဆံတွေသိုလှောင်ထားတဲ့နေရာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့က အီရတ်နိုင်ငံ မူဆိုးလ်မှာ ကျဲခဲ့ပါတယ်။
တနှစ်မှာ ISIS ဟာ ဒေါ်လာ ၁-၂ ဘီလီယန်ရအောင်ရှာခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ သည်တချည်တည်းနဲ့ ဒေါ်လာ သန်း ၁ဝဝ ကျော်ကိုဖျက်ဆီးနိုင်တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေကြားမှာ သံတမန်နည်းလမ်း၊ စစ်ရေးစွမ်းအင်၊ ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေတာတွေကိုသုံးခဲ့ပါတယ်။
ISIS ကို ISIL လို့လည်းခေါ်ပါတယ်။ သူတို့ရဲ့ငွေဝင်လမ်းတွေကလည်းများပါတယ်။ ဓါတ်ဆီနဲ့ဓါတ်ငွေ့မှောင်ခိုရောင်းရငွေ၊ ပြန်ပေးဆွဲလို့ရတဲ့ငွေ၊ အခွန်ကောက်ရငွေ၊ စေတနာရှင်တွေထည့်ဝင်ငွေ၊ ဘဏ်တွေကိုဓါးပြတိုက်တာတွေလည်းပါတယ်။ မူးယစ်ဆေးဝါးလည်းပါတယ်။ ရှေးဟောင်းပစ္စည်းတွေ ခိုးရောင်းတာလည်းပါတယ်။
9/11 လို့ခေါ်တဲ့ ၂ဝဝ၁ ခုနှစ် စက်တင်္ဘာ (၁၁) ရက်နေ့က al Qaeda အဖွဲ့ကနေ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး တာဝါကြီးနှစ်ခုကို လေယာဉ်ပျံတွေနဲ့ တိုက်ခိုက်အပြီးမှာ သူတို့ရဲ့ဝင်ငွေရလမ်းကွန်ရက်တွေကို တိုက်ဖျက်နိုင်ခဲ့လို့ အင်အားကျဆင်းသွားစေခဲ့တဲ့နမူနာလည်း ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် al Qaeda နဲ့ တခြားအကြမ်းဖက်အဖွဲ့တွေမှာ ပင်လယ်ကွေ့ဒေသက ငွေရလမ်းကွန်ယက်ကကြီးမားလှပါတယ်။ အမေရိကန်နဲ့ မဟာမိတ်လည်းဖြစ်တဲ့ ဆော်ဒီ အာရေးဗီးယားလည်း အဲလိုနိုင်ငံတွေထဲမှာ 9/11 ကတည်းကပါနေတယ်။
၁၉၉၉ ကတည်းကစပေါ်လာတဲ့ဒီအဖွဲ့ဟာ ၂ဝ၁၅ အကုန်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံနယ်မြေ အတော်များများကို လွှမ်မိုးထားနိုင်လာပါတယ်။ လစ်ဗျား၊ နိုက်ဂျီးရီးယား၊ အာဖကန်တွေမှာလည်း စစ်ဆင်နွှဲနိုင်တယ်။ ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်အထိ လက်လှမ်းမီပါတယ်။ ၂ဝ၁၄ ကတည်းက တကမ္ဘာလုံးကို (ကာလီဖိုတ်) လုပ်မယ်လို့ ကြေညာထားတယ်။
ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ-၆ဝ တုန်းကတော့ ဝါဒရေးရာနဲ့ အမျိုးသားရေးကြွေးကြော်ပြီး လက်နက်နဲ့တိုက်ခဲ့ကြတယ်။ အစိုးရတွေက ဖြတ်လေးဖြတ်နည်းသုံးကြတာများတယ်။ စစ်ရေးအသာစီးနဲ့ အပြတ်ရှင်းနိုင်တာတွေလည်းရှိခဲ့တယ်။ ISIS ကတော့ ဘာသာရေးကိုခေါင်းစဉ်တပ်ထားလို့ စည်းရုံးရတာပိုလွယ်ကူတယ်။ ဝင်ငွေရင်းမြစ်ရတဲ့နေရာတွေကို ခြေကုပ်ယူထားနည်းကိုသုံးကြတယ်။ အဲတာကြောင့် အမေရိကန်ကနေ သူတို့ငွေတိုက်ကို တိုက်ခိုက်တာဖြစ်ပါတယ်။
တကမ္ဘာလုံးမှာ လောင်စာဆီဈေးတွေ ကျနေအောင်လုပ်ထားလို့ ISIS နဲ့ ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ရုရှားတို့ဟာ တဝက်ဈေးနဲ့သာ ရောင်းနေကြရပါတယ်။ နိုင်ငံတိုင်းမှာ ဝင်ငွေရလမ်းရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေသာ သက်တမ်း ရှည်ကြတယ်။ သဘာဝရင်းမြစ်တွေမရှိတဲ့နေရာဆိုရင် တခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေကနေ လက်သပ်မွေးထားတဲ့ တပ်မျိုးလည်းရှိတယ်။ အမျိုးသားရေး၊ ဘာသာရေး၊ ဝါဒရေးစတဲ့ သည်းခြေကြိုက်ဆောင်ပုဒ် ကိုင်စွဲထားတတ်ကြတယ်။ တော်တော်လူတွေ မျက်စိလည်စေတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၆-၂ဝ၁၆
http://www.cnn.com/videos/politics/2016/01/15/cash-flutters-after-airstrike-on-isis-cash-depot.cnn

Comments
Post a Comment