Common infections during rainy season မိုးရာသီတွင် ဘာဆင်ခြင်ရမလဲ

ရာသီဥတုပြောင်းတာနဲ့ လေရဲ့ အပူချိန်နဲ့ စိုထိုင်းမှုလဲ မတူတော့တာ ဖြစ်လာတယ်။ မိုးရာသီ ဝန်းကျင်သစ်မှာ မြူးတူး၊ ပေါက်ပွါးကြမဲ့ ပိုးတွေကလဲ တမျိုးတမျိုး ဖြစ်လာတယ်။ ကူးစက်ရောဂါတွေဟာ အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းတွေကနေ ဝင်လာနိုင်တယ်။ အများဆုံးက အအေးမိတာ၊ တုပ်ကွေး နဲ့ အသက်ရှူလမ်း အပေါ်ပိုင်း ကူးစက်ရောဂါတွေ ဖြစ်တယ်။ အသက်ရှူလမ်းကနေဝင်လာနိုင်တာတွေက အမှုံအမွှားလေးတွေအနေနဲ့ ဝင်တာရယ် ရောဂါရှိနေသူနဲ့ တိုက်ရိုက် ထိတွေ့ရာကနေ ဝင်တာရယ်လို့ ရှိတယ်။ 

အအေးမိတာနဲ့ အသက်ရှူလမ်း အပေါ်ပိုင်း ကူးစက်ရောဂါတွေဟာ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ မဆိုးကြဘဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ မဆိုးဘူးဆိုပေမဲ့ နူမိုးနီးယားဖြစ်ရင်တော့ ဆိုးတယ်။ တုပ်ကွေးကတော့ ဆိုးတတ်တယ်။ ရောဂါလက္ခဏာတွေက အအေးမိတာနဲ့ တူသလောက်ဘဲ။ (ဗိုင်းရပ်စ်) ကနေဖြစ်စေတာလဲ တူတယ်။ အမျိုးအစား (အေ) နဲ့ (ဘီ) ဆိုပြီးရှိတယ်။ Influenza A (H1N1) virus ဆိုတာက အသစ်ပေါ်လာတာ ဖြစ်တယ်။ 

မိုးရာသီမှာ တခြား ကူးစက်ရောဂါတွေလဲ သတိထားကြရပါအုံးမယ်။
• ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ ငှက်ဖျားလဲပါတယ်။ 
• DHF သွေးလွန်တုပ်ကွေးကိုတော့ လူအတော်များများ သတိထားမိကြမှာပါ။ သွေးလွန်တုပ်ကွေး (ဗိုင်းရပ်စ်) ပိုးဟာ ရေသေမှာပေါက်ပွါးတတ်တဲ့ Aedes mosquito အမျိုးအစား ခြင်မကိုက်ရာကနေ ကူးစက်တယ်။ သူ့အလိုလို ပျောက်နိုင်ပေမဲ့ တချို့ သေဆုံးတဲ့အထိ ဆိုးတယ်။ 
• Chikungunya ချစ်ကင်းဂွန်ညာ ကို နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်ကြတယ်။ ခေတ်မီအောင် ဆင်ဖြူတော်တုပ်ကွေးလို့ နာမည်ပေးသင့်တယ်။ 
• အစာလမ်းကြောင်းတွေကနေ ဝင်လာနိုင်တာတွေကြောင့် ဝမ်းပျက်မယ်၊ အန်မယ်။ ဗိုင်းရပ်စ် ကနေ ဖြစ်တာများတယ်။ ဓါတ်ဆာရေနဲ့ ရတယ်။ ပိုးသေဆေး မလိုဘူး။ 
• ဖြစ်စေတဲ့ပိုးက ဗက်တီးရီးယား ဆိုရင် ပိုဆိုးတယ်။ ဥပမာ တိုက်ဖွိုက်ဖြစ်စေတဲ့ Salmonella နဲ့ ဝမ်းကိုက်စေတဲ့ Shigella ပိုးတွေ ဖြစ်တယ်။ ကိုယ်ပူမယ်။ ပိုးသေဆေး၊ ပဋိဇီဝဆေးလိုတယ်။ ဆိုးဝါးရင် ဆေးရုံတင်ကုသရတယ်။ ဓါတ်ဆားရေ နဲ့ မနိုင်ရင် Drip သွေးပြန်ကြောထဲ ဆေးသွင်းရတယ်။ သွင်းရတဲ့ဆေးကလည်း ဓါတ်ဆားရေပါဘဲ။ 
• အဆိုးဆုံး ကူးစက်ရောဂါတခုကတော့ Vibrio cholerae bacteria ကြောင့်ဖြစ်တဲ့ ကာလဝမ်းရောဂါ ဖြစ်တယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်သလို လူတွေ အများကြီးကို မြန်မြန်ကြီး ကူးစက်စေနိုင်တယ်။ ဆေးရုံတွေမှာ ကုတင်မလောက်၊ ဆေးမလောက် ဖြစ်စေတယ်။ 
• Leptospirosis ဆိုတာ တိရစ္ဆာန် အညစ်အကြေးတွေကနေတဆင့် ကူးစက်တယ်။ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်မြှေးတွေကို ထိခိုက်မယ်။ 
• နောက်တမျိုးကတော့ အဖြစ်များလှတဲ့ အသည်းရောင် (အေ) ဗိုင်းရပ်စ် အမျိုးအစားဖြစ်တယ်။ ဖြစ်လာရင် အစားအသောက်ပျက်၊ အန်ချင်၊ မအီမသာဖြစ်၊ ဗိုက်နာ၊ ကိုယ်ပူမယ်။ မျက်စိ-ဆီး-အသားတွေ ဝါလာမယ်။ 
• ဖန်းဂတ်စ် မှိုပိုးကနေ ဖြစ်စေတဲ့ ဝဲ-ယားနာလဲ ရာသီဥတု စွပ်စိုချိန်မှာ ထူပြောနိုင်တယ်။ စိုထိုင်းထိုင်းဖြစ်တာကို ဒီအကောင်ငယ်လေးတွေကကြိုက်တယ်။
• ကလေး-လူကြီး၊ ဟိုကယား၊ ဒီကယားဖြစ်ကြမယ်။ ယားလို့ ကုပ်မိမယ်။ ကုပ်ရာကနေ ဗက်တီးရီးယားဝင်မယ်။ အနာဖြစ်မယ်။ ပြည်တည်မယ်၊ ဒီရာသီပြောင်းခါစ၊ ဆေးရုံ-ဆေးခန်းတွေမှာ အနာခွဲပေးရတာတွေ သိပ်များတယ်။ 

ဘယ်လိုကာကွယ်မလဲ 
1. ထီး၊ မိုးကာအင်္ကျီ သွားလေရာ ယူဆောင်ပါ။
2. လူစုလူဝေး လူထူထပ်တဲ့နေရာတွေ တတ်နိုင်သလောက် ရှောင်ရှားပါ။
3. ချောင်းဆိုး၊ နှာခြေရာမှာ ဖုံးအုပ်ပြီးလုပ်ပါ။ လက်ကိုင်ပုဝါ၊ တစ်ရှူးသုံးပါ။ ချောင်းဆိုး၊ နှာချေနေသူ၊ နေမကောင်း ဖြစ်နေသူတွေနဲ့ ထိကပ်တာ ရှောင်ရှားပါ။ 
4. ရေကို သန့်တာသောက်ပါ။ ရေနွေးကျိုသောက်ပါ။ ရေသန့်ဗူးကရေ သောက်ပါ။ 
5. ခြင် မပေါက်အောင်၊ ရေသေမထားပါနဲ့၊ ကား-ဆိုင်ကယ်-စက်ဘီး တာယာဟောင်းတွေမှာ ရေရှိမနေပါစေနဲ့။ အိမ်အနီးအနားမှာ ရေအောင်းနေတာ မရှိစေနဲ့။ တချို့ခြင်တွေက ရေသန့်ကိုကြိုက်တယ်။ တချို့ခြင်တွေက ရေပုပ်မှာသာ ပေါက်ဖွါးတယ်။ ခြင်အကိုက် မခံရအောင် လက်ရှည်၊ ခြေရှည်ဝတ်ဆင်ပါ။ ခြင်ထောင်နဲ့သာ အိပ်ပါ။ ခြင်ကာကွယ်ရေး လိမ်းဆေး ရီပဲလင့် လိမ်းနေပါ။ 
6. တကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ပါ။ လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ရေကြီး-ရေလျှံတဲ့နေရာမှာ ရေဆင်းမချိုးနဲ့။ ရေမကူးနဲ့။ ရေချိုးပြီး ခြောက်သွေ့အောင်လုပ်ပါ။ 
7. မှိုဘေးရန်ကနေ ကာကွယ်အောင် ဆံပင်ရေစိုတာကို ခြောက်သွေ့ပါ။ အဝတ်အစားတွေ ခြောက်တာနဲ့ လဲဝတ်ပါ။ ကိုယ်ကိုလည်း ခြောက်သွေ့စေပါ။ ခေါင်း မကြာခဏလျှော်ပေးပါ။ စိုနေတုန်းမှာ ခေါင်းမဖီးပါနဲ့။
8. စားသောက်ဆိုင် သန့်တာရွေးပါ။ လမ်းဘေးဈေးသည်ဆီက အစာတွေကို ရှောင်ပါ။ အစားအသောက်တွေကို အင်းဆက်ကောင်တွေ မလာစေအောင် ဖုံးထားပါ။
9. ဗီတာမင် (အေ) ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးပါ။ မုန်လာဥဝါ၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ။ ဗီတာမင် (စီ) ကြွယ်ဝတဲ့ အသီးအနှံတွေစားပေးပါ။ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေ၊ သံပရာသီး၊ ရှောက်သီး။ စွပ်ပြုတ် အမျိုးမျိုးသောက်ပါ။ 
10. တုပ်ကွေး နဲ့ အသည်းရောင် (အေ) ကာကွယ်ဆေးတွေ ထိုးထားပါ။

မိုးရာသီမှာ ချော်လဲတာ အဖြစ်များလို့ သတိပေးတာ ကျန်းမာရေးသတိပေးချက် ဖြစ်ပါတယ်။ လမ်းတွေပျက်ပြီး တောင်ပြိုတာတွေလည်း ရှိတတ်လို့ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း၊ ခရီးသွားသူများ သတိထားပါ။ မိုးလေးဖွဲဖွဲရွာတော့ သတိရစရာတွေ ရှိကြမယ်။ စိတ်ကူးတွေ ကောင်းကောင်းယဉ်နိုင်ဘို့ရာ ကျန်းမာရေး ကောင်းမှ ဖြစ်ပါမယ်။ 

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး