ဘိုစာ ဗမာစာ

စားစရာ မဟုတ်ပါ။ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံး။

ကျွန်တော်တင်တဲ့စာတွေ အမှားမပါတာ ရှားတယ်။ စာရိုက်တာပြင်ပေးနေသူတွေထဲကတယောက်က ဘာရက်ကိုဘားမား ရေးတာကို ကို နဲ့ အို မှားသလေားဆိုပြီး ထောက်ပြတယ်။ ဘာရက်ကိုဘားမား မှန်တယ်။ လင်ကွန်းလို့ ရေးကြတာ ကြာပြီ။ အမှန်က လင်န်ကန်း တဲ့။ ဒါတောင် အတိအကျ မဟုတ်သေး။ ကျွန်တော်လည်း ၅ တန်းကတည်းကလွဲနေတာ။ ဒေါ်နယ်ထရမ့်ကို ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။ အိုဘားမားကို အိုဗားမားလို့ရေးတာကို မှားတယ် ပြောမရ။

တယောက်က အေပြီလား ဧပြီလားလို့ ကွန်မင့်မှာ မေးတယ်။ အသံထွက်လို့ ဖြေလိုက်တယ်။ အင်္ဂလိပ်လိုကနေ ယူတာတွေကို အသံထွက် နီးစပ်တာ ယူရတယ်။ ဧပြီလို့ အစဉ်တစိုက်ရေးလာတာ။ အေပရယ်လ်လို့ ရေးရင် ဝိုင်းရယ်ကြမှာ။ အသံထွက်တော့ အေဗြီ။

၁၂ လအမည်တွေ တချို့က မမှန်။ လူအမည်တွေ တချို့က လွဲ။ နိုင်ငံအမည်တွေ တချို့က မှား။ မတတ်နိုင်ပါ။

နောက်တယောက်လည်း မေးတယ်။ ဒီဇင်ဘာက စာလုံးဆင့်ရေးရတာလားဗျတဲ့။

အဆင့်ပါလည်းရ၊ မပါလည်းရ။ အစဉ်အဆက် ဒီဇင်္ဘာလို့သာ ရေးလာခဲ့ကြတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ အသံထွက်မှန်ရင် မှားတယ်လို့တော့ ပြောမရ။ ဒါပေမဲ့ အစဉ်အလာကို လေးစားတာ ကောင်းမလား မသိပါ။

 ဇန္နဝါရီ၊ ဇန်နဝါရီ။ ဧပြီ၊ အေပြီ။ သြဂုတ်၊ သြဂတ်စ်။ စက်တင်္ဘာ၊ စက်တင်ဘာ။ နိုဝင်္ဘာ၊ နိုဝင်ဘာ။ ဒီဇင်္ဘာ၊ ဒီဇင်ဘာ။

ကိုရိုနာဗိုင်းရပ်စ်ကို (ကို) နဲ့ရေးကြတယ်။ တကယ်တော့ (ကို) သံ နည်းနည်းသာ ထွက်ရတယ်။ (က) သံ နဲ့ (ကို) သံ ရောထွက်ရတယ်။

တယောက်က ဘန်ကောက်မြို့က အမှန်လား ဗန်ကောက်မြို့က အမှန်လား ဘယ်အရာက အမှန်ပါလည်းဆရာတဲ့။

Bangkok ကို အသံထွက်အရ ရေးတာဖြစ်လို့ အသံထွက်နီးစပ်တာ မှန်တယ်။ နိုင်ငံခြားက တခြားအမည်တွေလည်း အဲလိုပဲ။ အစဉ်အဆက်ရေးသားလာတွေကိုတော့ ဆက်သုံးသင့်တယ်။ မူကွဲတွေအမျိုးမျိုးရှိတယ်။

နောက်တဦးက နာမည်တွေ မွေးစား စာလုံးတွေက အနီးစပ်ဆုံးအသံထွက်ဖြစ်ရင် အဆင်ပြေတယ်ဆို ဟုတ်လားဆရာ။

အစဉ်အလာအသုံးများတာတချို့ကိုတော့ မပြင်သင့်ပါ။ ပြင်သင့်တာတွေက ပိုများတယ်။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။

စွယ်စုံကျမ်းထဲပါ စာလုံးတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ဆိုက်ဗီးရီးယား၊ ယန်ဆီမြစ်၊ ရှီကာဂိုး၊ ဗဲလဂျီယမ်၊ ကွန်မျူနစ်၊ တီဗီရောဂါ စသည်။ ပြောင်းလာတာတွေက ပိုနီးစပ်တယ်။ ကွန်မျူနစ်နဲ့ ကွန်မြူနစ်၊ ကွန်ပြူတာနဲ့ ကွန်ပျူတာ အသံထွက်တူတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ပိုး Dengue ကို ဒန်ဂူးလို့ ထွက်ရင် ရေးရင် မမှန်။ ဒန်ဂေး။ အာထွာစောင်း မှားတယ်။ အာထွာဆောင်း မှန်တယ်။ စူပါ မှားတယ်။ ဆူပါ။

တူရကီကို တာရ်ကီ၊ ပေါ်တူကီကို ပေါ်တူဂယ်လ်ကပိုသင့်တယ်။ အမေရိကန်၊ အမေရိက၊ အမေရိကား၊ အင်္ဂလန်၊ အင်္ဂလိပ်၊ ဗြိတိန်၊ ဗြီတိသျှ၊ ဘရစ်တိန်၊ ဘရစ်တစ်ရှ်၊ စတာတွေမှာ နာမ်နဲ့ နာမဝိသေသန မမှားသင့်။ ဖရင့်စ် ကို ပြင်သစ်လို့ အစဉ်အဆက်ရေးလာတာကို ပြင်ဖို့ ခက်မယ်။

အင်္ဂလိပ်လို့ ရေးနေကြပေမဲ့ ယုဒသန်အဘိဓာန်မှာ အင်္ဂလိက်လို့ရေးတယ်။

ဂျွန်လလို့ရေးပြန်ရင် လူနာမည်နဲ့ တူသွားမယ်။ မြန်မာဘာသာစကားမဟုတ်တာကို ရယူထားတဲ့စာလုံးတွေကို အနီးစပ်ဆုံး ရေးထားတာကို သတ်ပုံမှားတယ်လို့ မပြောသင့်ပါ။ အစဉ်အလာရေးခဲ့ကြတာကိုလည်း လေးစားသင့်တယ်။

နှုတ်ကျိုးနေတဲ့ မြန်မာစာလုံးတွေကို ပြင်လို့ မရသလောက် ခက်ခဲသွားပြီ။ မမှန်တာတွေ အတော်များတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ