Uneven Playing Field ဘောလုံးပွဲ

ဗြိတိသျှ ပရီမီယာလိဂ် ဘောလုံးတရာသီ ကနေ့ပြီးဆုံးသွားပြီ။ ပြင်သစ်က မနေ့က။ ပွဲကြမ်းတယ်။ ကျွန်တော်လည်း ပွဲစဉ်တချို့ကို ကြည့်ရတယ်။

မြန်မာလူမျိုးတွေက ဘောလုံးကို အတော်ကို ဝါသနာကြီးကြတာ။ ဘောလုံးကစားတော်တာတော့ မဟုတ်။ အားပေးတာမှာ သူများတွေထက် မညံ့ကြပါ။ ကြာတော့ ရင့်ကျက်လာကြတယ်။ ရင့်ကျက်မှုရှိတာ ဘယ်အရာမဆို ကောင်းတယ်။

တမိသားစုထဲမှာလည်း တူကြတာ မဟုတ်။ တရွာတည်းသားတွေ သူ့အသင်း ကိုယ့်အသင်းအားပေးတာ မတူကြလို့ စကားနိုင်လုကြတာ ပျော်စရာ။

ကနေ့ကစားတဲ့ပွဲတခုမှာ ပင်နယ်လ်တီရတဲ့အသင်းကို အတော်လေးပြောဆိုကြတာတွေကို မြန်မာလိုရေးတဲ့ ဆိုရှယ်မီဒီယာမှာ ဖတ်ရတယ်။ အင်္ဂလိပ်လိုရေးတာတွေနဲ့ မတူတာသတိထားမိတယ်။ သိချင်တော့ စုံလင်အောင် ဖတ်ရတယ်။ အမြင်မတူတာ နော်မယ်လ်ပါ။

မြန်မာဘောလုံသင်း ကျွန်းဆွယ်အဆင့်မှာ ခြေစွမ်းကောင်းတဲ့ခေတ်ကို မီခဲ့တယ်။ ကျွန်တော်နေတဲ့ စစ်ကိုင်းတိုင်းက တိုင်းနဲ့ ပြည်နယ်ပွဲတွေမှာ နှစ်တိုင်းလိုလို စောစောစီးစီး အောင်ဖျာလိပ်တာလည်း မီတယ်။ မြန်မာ့ဘောလုံး ညံ့လာချိန်မှာ ကျွန်တော်က ပြည်ပရောက်နေပြီ။ သည်အတိုင်းဆို မြန်မာ့ဘောလုံးနဲ့ နိုင်ငံရေး ဆက်စပ်နေသလိုလို။

ဘောလုံးပွဲအားပေးတာ သဘာရင့်လာတဲ့ ရင့်ကျက်မှုမျိုးလို နိုင်ငံရေးမှာပါ ရင့်ကျက်မှုရှိစေချင်တယ်။ နိုင်ငံရေး ပြိုင်ပွဲကြီးမှာတော့ မညီညာတဲ့ကွင်းမှာ တဖက်စောင်းနင်း ကစားနေရချိန်ဖြစ်တယ်။ ဂိုးကြောအများကြီးပေးထားပြီး ပြိုင်နေရတဲ့ဘဝ။ ဘောလုံးဝါသနာအိုးတွေကသာ ပြောတတ်တယ်။ ဂိုးကြောပေးဝေါဟာရ။ ကျွန်တော်က အဲလောက်ထိ မသိ။

နိုင်လည်းနိုင်မယ်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ တည်မြဲဖဆပလ နဲ့ မဆလ တဖြစ်လဲ တစည ခေတ်တော့ မဟုတ်တော့ပါ။ အခုက ဂိုးပြတ်နိုင်မှသာ ဒိုင်းရမယ်။ ဒိုင်းဆိုတာ နှစ်မျိုး။ အောင်ပွဲအထိန်းအမှတ်က တမျိုးနဲ့ စီးချင်းထိုးတဲ့အခါ ရန်သူရဲ့ ထိုးနှက်ခုတ်ဖြတ်တာတွေကို ခံစရာ ဒိုင်းကတမျိုး။ ရင့်ကျက်မှုရှိပြီ၊ ဒိုင်းကောင်းကောင်းလိုတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး