Health ကျမ္မာရေး

မင်္ဂလာပါဆရာခင်ဗျာ။ အထွေထွေရောဂါကုဆရာဝန်တွေက ကင်ဆာရောဂါတို့ အခြားသော အထူးကုများကုပေးသော ရောဂါများကို ကုခွင့်ရှိပါသလားခင်ဗျာ။ အထွေထွေ အထူးကုဆိုတာ ဘယ်လိုမျိုးတွေကိုအထူးကုပေးတာပါလဲခင်ဗျ။

မြန်မာပြည်မှာ ဆမ ရှိတဲ့ဆရာဝန်တိုင်း ဘယ်ရောဂါမဆို ကုသခွင့်ရှိတယ်လို့သာ ပြောရမယ်။ ဘယ်ရောဂါမကုနဲ့လို့ မရှိ။

ဟုတ်ကဲ့ခင်ဗျ။ ကင်ဆာရောဂါကို ကင်ဆာအထူးမဟုတ်တဲ့ဆရာဝန်က ကုရင် ထိရောက်ပါ့မလားခင်ဗျာ။ ကင်ဆာဌာနက ဆရာဝန်ကလည်းအခြားရောဂါကိုကုရင် ထိရောက်ပါ့မလားခင်ဗျ။ ဆေးပညာနဲ့အလှမ်းဝေးလို့ပါခင်ဗျ။ အမှားပါရင် ခွင့်လွတ်ပါခင်ဗျ။ အထွေထွေအထူးကုဆိုတာကရော ဘာရောဂါကို အထူးကုပေးတာပါလဲခင်ဗျ။

မြန်မာပြည်မှာ လက်ရှိအခြေအနေကို ပြည်တွင်းနေသူတွေက ပိုသိကြပါမယ်။ ကိုယ်ကြိုက်တဲ့ဆေးရုံ ဆေးခန်း ဓါတ်ခွဲခန်း ဆေးဆိုင်တွေကို သွားလို့ရကြတယ်။ တခြားနိုင်ငံသွားပြီး စစ်ကြ ကုကြတာတွေကလည်း အလွန်များတယ်။

မကုပါနဲ့ မသွားပါနဲ့ မဝယ်ပါနဲ့ ပြောမရ မပြောသင့်။ ရွေးချယ်ခွင့်ရှိတာ ကောင်းပါတယ်။

ကျွန်တော်တော်တို့တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်က ပုဂ္ဂလိကဖြစ်လာတာ မကြာသေးပါ။ သူများနိုင်ငံတွေလို ကျန်းမာရေး အာမခံစနစ်မရှိသေး။ လူမှုဖူလုံရေးနဲ့ အခေါ်နီးစပ်တဲ့ ဆိုရှယ်ဝဲလ်ဖဲယား စနစ်လည်း မရှိပါ။ တိုင်းပြည်က အဲလောက်လည်း မချမ်းသာသေးပါ။

ဥပဒေတွေကလည်း မပြည့်စုံသေးပါ။ ဆရာဝန်မဟုတ်သူတွေ ဆေးကုနေတာလည်း အရင်ကထက် လျှော့တယ်လို့ မထင်ပါ။ မကုကြနဲ့ မသွားကြနဲ့လည်း ပြောမဖြစ်။

မြန်မာပြည်မှာ ပရောဖက်ရှင်နယ်စစ်စစ် ဆရာဝန်တွေ အများကြီးရှိပါတယ်။

လူနာတွေက အသိပညာနဲ့ ဗဟုသုတလိုကြတယ်။ သတင်းအချက်အလက်တွေ ရှာရတာလွယ်တယ်။ အမှန်တွေထက် အလွဲတွေက ပိုလွယ်နေသေးတယ်။

အရင်စကားလုံးကိုပဲ ထပ်သုံးပါမယ်။ ခက်ခဲကြမ်းတမ်းသောကျန်းမာရေးမှသည် လွယ်ကူကြမ်းတမ်းသော ကျန်းမာရေး အဆင့်ကို ရောက်လာပါပြီ။

ခေါင်းစဉ်ပါ ကျမ္မာရေးသတ်ပုံလိုပါပဲ။ ကျန်းမာရေးလို့ရေးလာတာ ထူးတယ်။ ကြမ်းမာလို့ရေးသူတွေလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး