ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်

(ဦးဝင်းတင်၊ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လထုတ်၊ စံပယ်ဖြူအမျိုးသမီးမဂ္ဂဇင်း၊ အမှတ် ၃၁)

‘ရော့ ကိုဝင်းတင် ဒါလေး သတင်းစာထဲ ထည့်ပေးစမ်း’

ဆရာကြီး ရွှေဥဒေါင်းက ကျွန်တော့်အား စာရွက်ကလေးတရွက်လှမ်းပေးသည်။ ခါတိုင်းလိုပင် ထိုနေ့ညနေက ဆရာကြီးတို့ နေထိုင်ရာ မန္တလေး (၈၃) လမ်း နေအိမ်သို့ ကျွန်တော် တဖြုတ်တနား ရောက်သွားသည်။ လကုန်ပိုင်း စနေနေ့တနေ့ ဖြစ် သည်။ ၁၉၇၁ ဇူလိုင်လ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ရာသီ။ သို့သော် မိုးမရွာ၊ နေမသာ။ ကောင်းကင်တပြင်လုံး မည်းမှောင်ကာသာ ပြိုတော့မယောင် ဖြစ်နေသည်။

လကုန်ပိုင်း မြို့လည်ဖို့ ရက်ချိန်းရအောင် ထိုနေ့က ကျွန်တော် ရောက်သွားခြင်း ဖြစ်သည်။ ခါတိုင်းလို ဆရာကြီး စိတ်လိုလက်ရ မရှိလှ။ ‘မိုးမရွာရင် သွားတာပေါ့’ ဟု မတင်မကျပြောသည်။ ပြီးတော့ သတင်းစာထဲထည့်ဖို့ ဆိုသည့် စာရွက်ကို လှမ်းပေးသည်။

လျှောက်လွှာစာရွက်ကြီးပေါ်တွင် ရေးထားသော်လည်း စာ လေးငါးခြောက်ကြောင်းသာ ပါသည်။ အပေါ်တွင် ခေါင်းစည်း တပ်ထားသည်။ အောက်တွင် လက်မှတ်ထိုးထားသည်။ လက်ရေးမသီ။ ရှင်းခန့်ပီညီသည်။ ဖျက်ရာ ပြင်ရာ နည်းနည်းတော့ပါသည်။

ဖတ်ကြည့်လိုက်တော့ ခေါင်းစဉ်က ‘ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်’။ ကျွန်တော် ဆက်ဖတ်သည်။

‘ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုယ်လည်း လူများများက သိအောင် လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမ ဗုဒ္ဓ၏ ဩဝါဒအတိုင်း မိမိကိုယ်မိမိ သိအောင် ကြိုးစားလျက်ရှိပြီ ဖြစ်၍ လူတွေကိုလည်း မသိလို။ မိမိအား လူများက သိခြင်းကိုလည်း မလိုလား။ မိမိကိုယ်မိမိ သဘာဝကျကျ သိဖို့ကိုသာ အရေးကြီးတော့သတည်း။ ရွှေဥဒေါင်း’ ဒါပဲ ဖြစ်သည်။

ဆရာကြီး အသက် ၈၂ နှစ် ရှိနေပြီ။ ဘာစာမှ မရေးတော့တာ ကြာပြီ။ ၁၉၇၀ မန္တလေးသို့ ပြန်ပြောင်းလာစဉ်က ‘တသက်တာမှတ်တမ်း’ ပဉ္စမတွဲ ဆက်ရေးဦးမည်ဟု ရထားပေါ်တွင် ကျွန်တော့်ကို ပြောခဲ့သေးသည်။ အတော်နေသားကျလာချိန်တွင် ထိုစကားကို ပြန်ကောက်ပြီး ဆရာကြီးထံမှ ဆောင်းပါးတောင်းသည်။ မရ။

‘တော်ပြီ ကိုဝင်းတင်ရေ့၊ ခေါင်းကော၊ လက်ကော မဟန်တော့ဘူး’

ကျွန်တော်က အမှန်းကမ်းလမ်းမသိ။ ထပ်တောင်းပြန်သည်။ မရပြန်။ ယခု ရမည့်ရတော့ လက်တဝါးစာလေး။

‘ဆရာကြီးဟာက ဆောင်းပါးလား၊ ကြေညာချက်လား’

ဆရာကြီးက ဆေးတံကိုသာ ဖွာနေသည်။

‘ဘယ်လိုထည့်ချင်တာလဲ ဆရာကြီး’

ကျွန်တော် ဝိစိကိစ္ဆာတွေများနေချိန်တွင် ဆရာကြီးကတော့ ခပ်မဆိတ်ပင်။ ကျွန်တော် ဆက်ပြီး အတွန့်မတက်ဝံ့တော့။ စာမူကို ယူပြီး ပြန်လာခဲ့သည်။ နောက်တနေ့ သတင်းစာ (ဟံသာဝတီ၊ ၂၅-၇-၇၁) တွင် ၁၄ ပွိုင့် စာလုံးမည်းဖြင့် စာသားစီ၊ နှစ်လိုင်းစာလုံးဖြင့် ခေါင်းတပ်၊ ခဲပန်းဘောင်ခတ်ပြီး ပုံနှိပ်ဖော်ပြလိုက်တော့သည်။

‘မိမိကိုယ်မိမိ သဘာဝကျကျသိဖို့’ ဆရာကြီး အာရုံပြုခဲ့သည်မှာ ကြာပါပြီ။

‘ကိုယ့်ကိုယ်ကိုယ်သိ၊ ကိုယ့်အတ္တကိုယ်သိ’ ဆိုသော အဆုံးအမများသည် ရှေးပဝေသဏီကတည်းကပင် ကမ္ဘာ့ဘာသာရေး အယူအဆများတွင် ရေပန်းစားခဲ့သည့် စကားရပ် ဖြစ်သည်။ လူသည် ကိုယ့်ကိုကိုယ် မသိသရွေ့ လောကီရေးအားဖြင့်လည်းကောင်း၊ လောကုတ္တရာရေးအားဖြင့်လည်းကောင်း မလွတ်မြောက်နိုင်။

မိမိကိုယ်ကိုယ်သိဖို့လိုသည်မှာ မိမိကိုယ်ကို မသိခြင်းကြောင့် ဖြစ်သည်။ လူသည် မိမိကိုယ်ကို မသိခြင်းသုံးပါးဖြင့် မသိသောအဖြစ်၌ ရောက်နေတတ်သည်။ အမှန်ကို အမှန်အတိုင်း မသိခြင်း၊ အမှားကိုသိခြင်း၊ အသိဉာဏ်လုံးဝ မဖြစ်ခြင်း ဟူသော မသိသော အဖြစ်တို့ပေတည်း။ (ဝိပဋိပတ္တိ၊ မိစ္ဆာပဋိပတ္တိ၊ အပဋိပတ္တိ)

‘ကိုယ့်အတ္တကိုယ်သိ’ အဆုံးအမသည် ဥပနိသျှဒ်ခေတ်တွင်တည်ထွန်းခဲ့သည်။ ‘လောကကို ဖန်ဆင်းသော ဗြဟ္မာသည် ဣနြေ္ဒတို့ကို ပြင်ပသို့ မျက်နှာမူအောင် ပြုလုပ်ထား၏။ ထို့ကြောင့် သတ္တဝါသည် ပြင်ပတို့ကို မြင်တတ်သည်။ အတွင်းတို့ကို မမြင်တတ်။ တစုံတယောက်သော ပညာရှိသည် အမတတရားကို အလိုရှိပါက မျက်စိကို ပြောင်းပြန်လှည့်လျက် အတွင်းပိုင်း၌ ရှိသော အတ္တကို ကြည့်ရာ၏’ ဟူသော မဟာဝါကျအဆုံးအမမျိုး သည် ဥပနိသျှဒ်ခေတ် ဘာသာရေး စာပေတို့တွင် ထင်ရှားခဲ့သည်။

ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး ဆယ်နှစ်အကြာတွင် ဖွားမြင်သော ဂရိပညာရှိကြီး ဆော့ခရာတိ၏ ဆိုမိန့်ချက်ဟူ၍ မှတ်ယူလေ့ရှိသော ‘ကိုယ့်ကိုယ်ကိုယ်သိ’ အဆုံးအမသည် ခရစ်မတိုင်မီ ခြောက်ရာစု (ဗုဒ္ဓနှင့် ခေတ်ပြိုင်) ခန့်က ပါနပ်ဆပ်စ် တောင်ခြေ၌ ဆောက်လုပ်ခဲ့သည့် ဂရိဗျာဒိတ်နတ်ဘုရားဒယ်လ်ဖီ၏ ကျောင်းတော်နံရံတွင် ရေးထိုးထားခဲ့သည့် စာတမ်းဖြစ်သည်။

ထိုအဆုံးအမတို့သည် လူသားအား ကိုယ့်အတ္တကိုယ်သိရေးအတွက် ဆုံးမခဲ့သည်။ ဗုဒ္ဓကလည်း ကိုယ့်ကိုယ်ကိုယ်သိ ဓမ္မတရားကို ဟောကြားခဲ့သည်။ ဗုဒ္ဓ၏ အဆုံးအမကား ကိုယ့်အတ္တကိုယ် သိရေးမဟုတ်။ ကိုယ့်အနတ္တကိုယ်သိရေး ဖြစ်သည်။

ဗုဒ္ဓဓမ္မအရ လူသည် ခန္ဓာငါးပါး အစုအဝေးဖြစ်သည်။ (ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာနက္ခန္ဓာ ဟူသော ရုပ်အစု၊ ခံစားမှုအစု၊ မှတ်သားမှုအစု၊ စေတနာ အစရှိသော သင်္ခါရအစု၊ သိမှုအစု)။ ထိုခန္ဓာငါးပါး အစုအဝေးသည် အကြောင်း တရားတို့ ဆုံဆည်း၍ ယာယီမျှသာ ဖွဲ့စည်းမိနေခြင်း ဖြစ်သည်။ အနိစ္စသဘောမျှသာ ဖြစ်သည်။ ထိုခန္ဓာငါးပါးအပေါ် ပုဂ္ဂိုလ်သတ္တဝါအနေ၊ အကောင်းအဆိုး အနေ၊ ထင်မြင် စွဲလမ်းခြင်းသည် အတ္တအမြင် ဖြစ်သည်။ ရုပ်နာမ်တို့သည် ဖြစ်ပြီးပျက်သော အနတ္တသဘောသာ ရှိသည်။

ဆရာကြီး ရွှေဥဒေါင်းသည် သူ့စကားအတိုင်းဆိုရလျှင် ‘ဖြည့်ဆည်းကြိုးစားရကောင်းမှန်းသိသော လူတယောက်’ ဖြစ်သည်။ ဗုဒ္ဓဓမ္မ နှင့် အညီ မိမိကိုယ်မိမိသိဖို့ ဖြည့်ဆည်းနေခဲ့သည်မှာ ကြာလေပြီ။

ဆရာကြီးသည် ပြင်ပလောကသို့သာ မျက်နှာမူတတ်သော ဣနြေ္ဒတို့ကို မျက်စိပြောင်းပြန်လှည့်လျက် အတွင်းလောကကို ရှုကြည့်သည်။ ထိုအခါ မိမိကိုယ်ကို သိခြင်းဟူသော အမတတရားကို သိမြင်လာသည်။ ရုပ်နာမ်တို့၏ ဖြစ်တုံပျက်တုံ သဘောကို သိမြင်လာသည်။ ခန္ဓာငါးပါးအစုအဖွဲ့၏ မမြဲသော သဘောကို သိမြင်လာသည်။ ‘ငါဆိုတာ တကယ် မဟုတ်သော်လည်း ဟုတ်တယ်လို့ အထင်မှားစရာ အကြောင်းကြီး’ ကို နဖူးတွေ့ဒူးတွေ့ သိမြင်လာသည်။ ဆရာကြီးသည် ဗုဒ္ဓ၏အဆုံးအမနှင့်အညီ ကိုယ့်ကိုယ်ကိုယ် သိရေးအလုပ်တာဝန်ကို သေလွန်ချိန်အထိ ဖြည့်ဆည်းသွားသည်။

စင်စစ် ‘ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်’သည် ရွှေဥဒေါင်း၏ လောကသံယောဇဉ် ဖြတ်တောက်ချက် ဖြစ်လေသည်။

‘ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်’သည် ဆရာကြီးရွှေဥဒေါင်း နောက်ဆုံးရေးခဲ့သည့်စာ ဖြစ်သည်။ နောက်ဆုံး ပုံနှိပ်ခဲ့သည့် စာလည်းဖြစ်သည်။ ဆရာကြီးစာများအနက် အတိုဆုံးစာတပုဒ်လည်း ဖြစ်သည်။ ဆရာကြီး၏ စာနယ်ဇင်း ပုံနှိပ်စာများအနက် လူသိအနည်းဆုံး စာတပုဒ်လည်း ဖြစ်သည်။

လူများများ မသိသော်ငြားလည်း အရေးမကြီး။ ဆရာကြီးကိုယ်တိုင်က လူများများသိစေရေးကို အလေးထားတော့ သည် မဟုတ်။ ထိုစာတိုကလေးကို သတင်းစာ၌ ထည့်သွင်းဖော်ပြစေခဲ့သည်မှာ ‘ကိုယ့်ကိုယ်ကိုယ်သိ’ ဓမ္မအမြင်ကို ထပ်ဆင့် အမှတ်သညာပြုရန်သာ ဖြစ်သည်။ သူ့အား လူများများသိဖို့ မသိဖို့ ဆိုသည်မှာ အကြောင်းကိစ္စ မဟုတ်တော့။ အသစ်တွေးချင်သူ တွေးနိုင်အောင်၊ အသစ်မြင်ချင်သူ မြင်နိုင်အောင်၊ တစုံတရာသော အတွေးသစ်၊ အမြင်သစ်ကို လက်ဆင့်ကမ်းခဲ့ခြင်းသာ ဖြစ်သည်။ အမွေပေးခဲ့ခြင်းသာ ဖြစ်သည်။ ‘ကျွတ်’ သင့် ‘ကျွတ်ထိုက်သူတို့ ‘ကျွတ်’ စေဖို့ တရားဓမ္မအတွေးအမြင် အမွေပေးနှင်းခဲ့ခြင်းသာ ဖြစ်သည်။   ။ (ဝင်းတင်)

ရွှေဥဒေါင်း၏ ဖြောင့်ဆိုချက်
ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုယ်လည်း လူများများက သိအောင် လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမဗုဒ္ဓ၏ ဩဝါဒအတိုင်း မိမိကိုယ်မိမိ သိအောင် ကြိုးစားလျက်ရှိပြီ ဖြစ်၍ လူတွေကိုလည်း မသိလို။ မိမိအား လူများက သိခြင်းကိုလည်း မလိုလား။ မိမိကိုယ်မိမိ သဘာဝကျကျ သိဖို့ကိုသာ အရေးကြီးတော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ