စိတ်နဲ့လောက ဒေါပွဖူး၏ ကနေ့အထိ

၁။ ဒီနေ့လာပါသည် ကနေ့လာပါသည် ယနေ့လာပါသည် အကုန်လုံး အမှန်လားဆရာ သည်ပါလို့ နေ့လာပါသည်ကမှန်မှာပေါ့ဆရာ

၂။ ယနေ့လို့ ရေးရမည်လား။ ကနေ့လို့ ရေးရမည်လား ဆရာခင်ဗျ။

၃။ ကနေ့ညနေ ဆိုတဲ့ အသုံး မကြားရသလောက် မတွေ့ရတော့ပါ ဆရာ

၎။ ကနေ့ နဲ့ ယနေ့၊ ဒီနေ့၊ သည်နေ့၊ မကွဲပြား၍ အမှန်ကို ရှင်းပြပေးပါဆရာ။

၅။ ကနေ့ ဆိုတဲ့အသုံးအနှုန်းကို အကိုးအကားလေးနှင့် ရှင်းပြပေးပါလားဆရာ။

၆။ ယနေ့ကမ္ဘာ နဲ့ ကနေ့ကမ္ဘာ ဘယ်ရေးအသားက ပိုမှန်ပါသလဲဗျတဲ့။

စာလိုရေးရင် ယနေ့က မှန်။ ကနေ့ဆိုတာ စကားပြောအသုံး။ ယခုလို့စာလိုအမှန်ရေးရပြီး အခုလို့စကားပြောကြတယ်။ စကားပြောစာရေးနည်းက ပိုပြီးတွင်ကျယ်လာတယ်။

သတ်ပုံစာအုပ်တွေမှာ ကနေ့လို မပါ။ စကားအရာမှာသာသုံးတယ်။ စကားပြောစာရေးနည်းမှာ သုံးတယ်။ ယနေ့၊ သည်နေ့၊ သည်ကနေ့လို့လည်း ရေးကြ ပြောဆိုကြပါတယ်။ ဘီဘီစီမြန်မာပိုင်းအပါအဝင် မီဒီယာတချို့မှာလည်း ကနေ့လို့ ရေးကြတယ်။ အွန်လိုင်းအဘိဓါန်တခုမှာတော့ ထည့်ထားတာတွေ့တယ်။ ကနေ့ကို အတိအကျဆိုရင် ဂနေ့သံထွက်တယ်။

ယခင် = ယခင့် = အတိတ်ကာလ
ယခင့်ယခင်ခေတ်
ယခု
ယခုကာလ
ယခုချက်ခြင်း
ယခုလ
ယခုအခါ
ယခုအချိန်
ယခုနှစ်
ယမန်အခါ
ယမန်နေ့ (မနေ့)
ယမန်နေ့ည
ယခေါင် = အတိတ်ကာလ
ယနေ့

ဒေါ်အမာရေးတဲ့ လွမ်းသူ့စာထဲက လှချင်တဲ့ သမီးကလေးများသို့ထဲမှာ သည်လိုပါတယ်။ အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး စိတ်ကူးရသလောက်ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။

မြသန်းတင့်၊ စစ်နှင့်ငြိမ်းချမ်းရေး - ဂျူလိုင် ၂၈။ အိပ်ရာမှာ ကြည်လင်စွာနိုးလာသည်။ ယနေ့ ဆရာဝန်ထံ သွားပြသည်။ တပတ်လောက် ကုရမည်ဟု ပြောသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ကား ဆရာဝန်သည် အချီးအနှီးသာဖြစ်သည်။

နားနဲ့ ခြေသံ
ရန်ဖြစ်ဖူး၏
ကနေ့အထိ။

စိတ်နဲ့လောက
ဒေါပွဖူး၏
ကနေ့အထိ။ (မောင်သွေးသစ်)

ယနေ့၊ သည်နေ့၊ ဟိုနေ့၊ ဒီနေ့၊ ဒီရက်၊ ဒီကနေ့လို့လည်း သုံးကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး