ဘုရားစင်အဆက်
ဘုရားစင်စာအောက်မှာ အမျိုးမျိုးရေးကြတယ်။ တချို့က ဘာသာရေး အကာအကွယ်နဲ့ ရေးကြတယ်။ ဘုရားစင်လို့ ရေးတဲ့သူ ဘာသာဝင် မစစ်ဘူးပြောတာလည်း ပါတယ်။ ဘာသာဝင်အမှတ် ဘယ်လောက်လဲလို့ မမေးလိုက်မိ။ မဆလ ခေတ်မှာ တင်းပြည့်ပါတီဝင်က အရံထက်သာတယ်။
မြတ်စွာဘုရားမရှိတဲ့နောက်မှာ (စေတိယ) စေတီတွေကို ကိုးကွယ်ကြရတယ်။ ဓာတုစေတီ (ဘုရားရှင်၏ ဓာတ်တော်)၊ ဓမ္မစေတီ (ဓမ္မခန္ဓာ ခေါ် တရားတော်)၊ ပရိဘောဂစေတီ (ဘုရားရှင်၏ အသုံးအဆောင်များ) နဲ့ ဥဒိဿစေတီ (ဘုရားရှင် ကိုယ်စား ရုပ်တုတော်၊ ဆင်းတုတော်များ) ဖြစ်တယ်။ စေတီလေးမျိုးထဲမှာ ဘုရားစင်၊ ဘုရားကျောင်းဆောင်တွေ မပါ။
ဆရာတော်ဘွဲ့အမည်တွေကို မေးကြည့်ခိုင်းတာလည်းပါတယ်။ ဘုရားစင်ပေါ်က ဘုရားပန်း မညိုးပါစေနဲ့ သောက်တော် ရေချမ်းလည်း မနွေးပါစေနဲ့။ အဲတာက အထင်ကရ ဆရာတော်တပါးက ဟောကြားထားတာ။ ပယ်ချခံရဦးမှာပဲ။
သာသနာရေးဝန်ကြီးဌာနက ဘုရားစင်လို့ရေးတာကိုလည်း ပယ်ချတဲ့သူ တွေ့သေးတယ်။ ဘယ်လိုပြောပြော ဘယ်လိုဟောဟော မရတဲ့သူမျိုးဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းရှိတယ်လို့ စာထဲမှာ ဖတ်ရတယ်။
ကျွန်ုပ်တို့သည် စာလုံးများကိုသာ အစိမ်းလိုက် ဝါးစားနေကြပါသည်။
ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၂၀

Comments
Post a Comment