Noah and the Flood ရေကြီးခြင်း

ပြည်တွင်းက မြစ်ကြီးတွေ ရေကြီးနေသတဲ့။ ဆောရီး။ မနှစ်က ချင်းတွင်းမြစ်လည်း ရေကြီးခဲ့တယ်။

ရေကြီးတာနဲ့ ကဗျာစာ ဆက်စပ်ရေးပါရစေ။ ရှေးကလူတွေဟာ ကဗျာတွေကို နှုတ်တိုက်ရွတ်ဆိုပြီး၊ လက်ဆင့်ကမ်း ခဲ့ကြတယ်။ ရေးစရာမှတ်စရာ ပေါ်လာတော့ ရေးထိုးမှတ်သားနိုင်လာကြတယ်။ သမိုင်းဆိုတာလည်း နှုတ်ပြောတွေနဲ့ စခဲ့တာ။

လူ့သမိုင်းမှာ အစောဆုံးလို့ယူဆထားတဲ့ကဗျာဟာ နှစ်ပေါင်း ၄၀၀၀ ကြာပြီတဲ့။ မက်ဆိုပိုတေးမီးယားခေတ်က ရွံ့ပြားပေါ်မှာ ရေးထားတဲ့ကဗျာ။ Epic of Gilgamesh လို့ခေါ်တယ်။ Noah and the Flood ခေါ် ဟီဘရူးကျမ်းစာထဲက ဖြစ်တယ်။ စိတ်ကူးစိတ်သန်းနဲ့ ရေးထားတာတွေ။

အီပစ်ကဗျာရှည်ကြီးတွေကတော့ အခုထိ စွဲလမ်းစရာကောင်းကြတယ်။ ဟိုရှေးရှေးတုန်းက အင်မတန်ဆန်း၊ အလွန်တရာ စွမ်းသူတွေအကြောင်းတွေကို စီကာပတ်ကုံး ရေးသီထားတာတွေ ဖြစ်ပါတယ်။ Epic of Gilgamesh (c. 2500–1300 BCE) က အစောဆုံးဖြစ်တယ်။

အရှည်ဆုံးမဟာကဗျာကြီးကတော့ အိန္ဒိယက Mahabharata မဟာဘာရတ္ထဖြစ်တယ်။ ကဗျာလိုင်းပေါင်း ၂ သိန်း၊  စကားလုံးပေါင်း ၁့၈ သန်းပါပါသတဲ့။ Rāmāyaṇa ရာမယနထက် လေးဆရှည်တယ်။ ဂရိကဗျာရှည်ကြီး Iliad and the Odyssey နှစ်ခုပေါင်းထက် ဆယ်ဆရှည်တယ်။

မြန်မာ့စာပေသမိုင်းမှာ အလွန်ဂုဏ်ရောင်ပြောင်စွာ ရေးဖွဲ့နိုင်တဲ့ ကဗျာတွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။ ဘယ်ကဗျာက အကောင်းဆုံးပါလို့ မပြောတာက ပိုသင့်မှန်မယ်။ ပိုက်စုံရတုတွေ၊ လေးချိုးကြီးတွေ၊ သုံးကြောင်း ကဗျာတွေ အားလုံးကို တန်ဖိုးထားကြရပါမယ်။

အရင်ကထုတ်ဝေထားတဲ့ ကဗျာတွေ စာတွေဖတ်ရတာ အရသာရှိတယ်။ ကနေ့ရောင်းချနေတဲ့စာအုပ်တွေကိုတော့ မဖတ်ချင်၊ မရချင်ပါ။ ကဗျာဆရာတွေကနေ နှုတ်တိုက်ရွတ်ဆိုကြတာကိုသာ နားထောင်ချင်တယ်။ သူတို့က ကဗျာကို ကျွန်တော်မသင်ခဲ့ရတဲ့ သတ်ပုံတွေနဲ့သာ ရေးကြတာ။

အတန်းပညာ မတောက်တခေါက်သာသင်ခဲ့ရတဲ့ အမေ့နှုတ်က ရွတ်ပြခဲ့တဲ့ သံပေါက်လင်္ကာကို ခုခေတ်မြန်မာစာ ပါမောက္ခတွေက ပေါ်လစီသတ်ပုံတွေနဲ့ရေးကြတာထက် တန်ဖိုးထားပါတယ်။

ရေကြီးတာ သတိထားကြပါ။ သတ်ပုံမှားရေးတဲ့ မြန်မာစာရေပြင်မှာတော့ ပင်လယ်ကူးသင်္ဘောကြီးတွေ နစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၁၉
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး