တရုပ် အမေရိကန်

ကမ္ဘာ့အကြီးဆုံး စီးပွါးရေးကြီးနှစ်ခုဖြစ်တဲ့ တရုပ်နဲ့ အမေရိကန်တို့ရဲ့ သတင်းတွေ အခုတလော ထူးလာပြန်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးသဘောကတော့ အဲလိုပဲ။ အခုတွေ့တဲ့သတင်း တခုတလေသာကြည့်ပြီး ကောင်းပြီ ဆိုးပြီ တည့်တယ် ရန်ဖြစ်တယ်လို့ မပြောရပါ။

တရုပ် အမေရိကန်ဆက်ဆံရေးရဲ့ နောက်ဆုံးသတင်းကို ဟောင်ကောင်ကိုပေးထားတဲ့ အထူးကုန်သွယ်ရေး ခံစားခွင့်ကို အမေရိကန်က ရုပ်သိမ်းတာကနေစပြောရပါမယ်။ တရုပ်က စိတ်ဆိုးတယ်။ နောက်တခါ WHO ခေါ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကို တရုပ်ကဝယ်ထားလိုက်ပြီလို့ အမေရိကန်ကပြောတယ်။ WHO ကငြင်းတယ်။ တရုပ်က ငြင်းတယ်။ စိတ်ဆိုးတယ်။

နောက်တဆင့် တိုးလာပြန်တယ်။ ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန်ပိတ်ခိုင်းတယ်။ အမေရိကန်က ဟူစတန်မှာရှိတဲ့ တရုပ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းလို့ တရုပ်က ချွန်ဒူးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းတယ်။

အဲတာတွေက သူတို့နိုင်ငံကြီးနှစ်ခုအရေးသာဖြစ်တယ်။ ကျွန်တော်တို့လို တိုင်းပြည်သေးသေးလေးနဲ့ ဆိုင်တာ ဘာလဲ။

ကရိုဗိုင်းရပ်စ်ကာကွယ်ဆေး။

ကရိုဗိုင်းရပ်စ်ကာကွယ်ဆေး အပြိုင်အဆိုင်ထုတ်နေကြတယ်။ အမျိုးအစား ၁၅၀ လောက်။ တိုင်းပြည်ကြီးတွေမှာရှိတဲ့ ကုမ္ပဏီကြီးတွေ။ ဒေါ်လာဘီလီယန် ရင်းနှီးမြှုပ်နှံထားကြတယ်။ ကာကွယ်ဆေး ဘယ်သူအရင်ဦးမလဲ။

အမေရိကန် ဟူစတန်မှာရှိတဲ့ တရုပ်ကောင်စစ်ဝန်ရုံးက အမေရိကန်ရဲ့ ကရိုဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေ ခိုးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေးက ပြောလိုက်ပါတယ်။ တရုပ်အရာရှိ ၂ ယောက်ကို အရေးယူထားတယ်။

သတင်းကို အဲလောက်သာရေးပါမယ်။ နိုင်ငံကြီးတွေက ဘာတွေကို ဘယ်လို လုပ်နေကြသလဲ အမြွက်မျှသိစေဘို့သာ ဖြစ်ပါတယ်။

ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းကို မြန်မာ့ဆိုရှယ်မီဒီယာမှာ အလွယ်လေး ပေါ့ပေါ့လေး ရေးနေကြတယ်။ ကာကွယ်ဆေး လူတွေကိုထိုးပေးနေပြီဆိုပြီး အင်တာနက်လမ်းပေါ်ကကောက်ယူလာတဲ့ပုံနဲ့ တင်ကြတာ ၂ လလောက် ရှိပြီ။ မဟုတ်ပါဘူး ပြောလည်း ပြန်ငြင်းသေးတာ။ အဲလို မဟုတ်ကဟုတ်ကသတင်းမျိုးကို ရှယ်တဲ့သူတွေကလည်း မနည်းပါ။

WHO သတင်းရော ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းရောက ကျွန်တော်တို့နဲ့ ဆိုင်တယ်။ ပညာသုတ စဉ်းစားတွေးခေါ်မှုတွေ ရင့်သန်ကြစေချင်တယ်။

ပုံ Chinese Consulate in Houston

ဒေါက်တာတင့်ဆွေ
၂၄-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး