မြန်မာစာအစ ပုဂံက

ဒီစာကို ဦးဘေမောင်တင်ရေးသားတဲ့ မြန်မာစာပေသမိုင်း (စတုတ္ထနှိပ်ခြင်း ၁၃၁၇) ကို အခြေခံရေးပါတယ်။ ခုနှစ်တွေက မြန်မာသက္ကရာဇ်တွေဖြစ်ပါတယ်။ ခရစ်နှစ်ထက် ၆၃၈ နှစ်နည်းတယ်။

မြန်မာစာအရေးအသားကို ပုဂံခေတ်က ကျောက်စာတွေမှာ စတွေ့ရတယ်။ အစောဆုံးဖြစ်နိုင်တာက မြစေတီကျောက်စာ။ ရာဇကုမာရ်မင်းသားက ၄၇၄ ခုနှစ်မှာ စိုက်ထူတယ်။

ထိုမင်း၏ ပါယ်မယား တယောက်သော်ကား တြိလောက ဝဋသကာဒေဝီ မည်၏။ ထိုပါယ်မယား သားတမူလည်း ရာဇကုမာရ် မည်၏။ ထိုမင်းကား ကျွန်သုံးရွာတည်း ပါယ်မယားအားပေး၏။

စာလုံးပေါင်း ပြင်ဆင်သင့်သမျှပြင်ဆင်ထားပါသည်လို့ မှတ်ချက်ရေးထားတယ်။

၅၈၆ ခုနှစ် အနန္တသူဇနီးမောင်နှံစိုက်ထူတဲ့ကျောက်စာ။
အနန္တသူရ် မောင်နှံနှစ်ယောက် ဤယ်လူတွင်၌ အတိုင်းမသိသဒ္ဓါရုယ် ပြုသော ကောင်းမှုအကျိုးဖြင့်ကား ရေမြေခပ်သိမ်းသော အသ္ခိင်ဖြစ်သော မြတ်စွာသောမင်းကြီး စသော မင်းဒီ မင်းသား မင်းသ္မီး မင်းနှမခပ်သိမ်း အမိပုရှားစသော

၆၀၄ ခု ရှင်ပင်ဗောဓိကျောက်စာ။
သိခင်ညောင်ရမ်းကြီးသမီး မိမိအသက်နှင့်တူသော မျက်စေ့မျက်ဆံနှင့်တူသော မိမိချစ်စွာသောလင်

၆၂၈ အာမနာကျောင်းကျောက်စာ
သက္ကရာဇ် ၆၂၈ ခု ပိလျက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးနေ့ မထီးလိုမြေးမင်း မယား သိင်္ဃသူသမီး ဖ္လစ်သော ဆင်းရဲ၊ အိုဝ်မင်းသောဆင်းရဲ၊ သေသောဆင်းရဲ၊ မချစ်သောသူနှင့်အကွ နေသောဆင်းရဲ၊ ချစ်သောသူနှင့် ကွေကွင်းသောဆင်းရဲ၊ လိုဝ်ရုယ်မရသောဆင်းရဲ

၆၃၃ ခု မင်းဝိုင်းကျောင်းကျောက်စာ (မိဖုရားဖွားစော)
လူဖြစ်သော်ကား လူတကာထက် စည်းစိမ်ချံးသာ ငါရလိုဧအ်၊ နတ်ဖြစ်သောလ်ညး နတ်တကာထက် မြတ်သောနိုင်ငံသော အဆင်းအရောင်အဝါနှင့် ပြည့်စုမ်ရုယ် အထူးသဖြင့်လျှင် အသက်ရှည်သော အနာမယ့်သော အဆင်းလှသော အသံသာယာသော အလုံးအရုပ်လှသော လူနတ်ခပ်သိမ်း ချစ်ခင်ရိုသေသော မြတ်နိုးသော ငါဖြစ်လိုဧအ်၊

ကဗျာလင်္ကာအရေးအသား ကျောက်စာများမှာ မတွေ့။ သို့သော် -
သိုးကလေ။ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံ့ရှားကြုင်လွင့်၊ ခါတန်ပွင့်သည်၊   ၊ ရွှေနှင့်ယိုးမှား ပန်းစံကား။ (ပုပ္ပါးနတ်တောင်ဖွဲ့လင်္ကာ) ခုနှစ်နဲ့ ရေးသားသူ မသိသေး။ ပုဂံခေတ်လို့ ပညာရှင်အများစုက ယဆ။ တချို့က ငြင်းချက်ထုတ်ကြ။

သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

အနန္တသူရိယလင်္ကာကိုလည်း ရေးသားတဲ့ခုနှစ်မသိနိုင်သေး။ နရပတိစည်သူမင်းလက်ထက် ၅၃၆ ခုနှစ် မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော် အနန္တသူအမတ်ရေးသားခဲ့တာလို့ ယူဆတယ်။

မြကန်သာ၊ တောင်ကျချောင်းဘေး၊ ရေဝင်ပြေးလှည့်၊ ရေဧကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာက၊ နန္ဒာလော၊ တူစွဟုတ္တာ။

ဒီကဗျာကိုလည်း တိတိကျကျမသိသေးပါ။ ယူဆချက်တခုက ကျန်စစ်မင်းလက်ထက် တူရွင်းတောင်ခြေ၊ မြကန် ကမ်းပါးမှာရှိတဲ့ မြကန်ကျောက်စာနဲ့ ဆက်စပ်စဉ်းစားတယ်။

အချုပ်ဆိုရရင် မြန်မာစာနဲ့ မြန်မာကဗျာလင်္ကာအရေးအသားဟာ ပုဂံခေတ်က စတင်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး