ဘယ်သူ့နောက်လိုက်လဲ

တရုပ် အမေရိကန်စာ ခပ်တိုတိုလေးတခု တင်လိုက်တယ်။ ဒီနှစ်နိုင်ငံအကြောင်းသတင်းထွက်တိုင်း ဘက်လိုက်ပြီး ရေးတာတွေ တွေ့ရတယ်။ တရုပ်မကြိုက်သူက အမေရိကန်ရဲ့ အားသာချက်နဲ့ ရေးတယ်။ တရုပ်နောက်လိုက်တွေက တရုပ်ကွဆိုပြီး ရေးကြတယ်။

အခုက စစ်အေးခေတ် မဟုတ်တော့ပါ။ လက်ဝဲ-လက်ျာခေတ်လည်း မဟုတ်တော့ပါ။ အရင်းရှင်နဲ့ ကွန်မြူနစ်ခေတ်လည်း မဟုတ်တော့ပါ။ တရုပ်နဲ့ အမေရိကန်လို့ပြောရင်တော့ အတော်လေး မှန်တယ်။

ဘက်လိုက်ရမဲ့ခေတ် မဟုတ်တာကိုတော့ အလေးအနက် ရေးချင်တယ်။ ဘယ်သူ့နောက်မှ မလိုက်သင့်။ ကိုယ့်တိုင်းပြည်အပေါ် ဘယ်တိုင်းပြည်က ဘယ်လိုကောင်းသလဲ၊ ဘယ်လောက်ဆိုးသလဲသာ မျက်ခြေမပြတ်ကြည့်နေ သိနေရမယ်။ ကနေ့ထွက်တဲ့ ဘယ်တိုင်းပြည်ကနေ ချေးငွေဘယ်လောက်ပေးဆိုတာလေးသာ မကြည့်နဲ့။

ကိုယ့်နိုင်ငံကို မဏ္ဍိုင်ထားကြည့်တတ်စေချင်တယ်။

လွတ်လပ်ရေးရပြီး ဘက်မလိုက်မှာနေခဲ့တယ်။ ဗခက နေဝင်းလက်ထက် နိုင်ငံတကာအရေး မဆိုးလှပါလို့ ကျွန်တော်က မြင်တယ်။ ထိုင်းလို အမေရိကန်နောက်မှာ မနေခဲ့။ အိန္ဒိယလို ဆိုဗီယက်နောက်မှာ မနေခဲ့ပါ။ သူမဆင်းခင်မှာတော့ တရုပ်နဲ့ ပလူးပလဲဆက်ဆံရေး စတင်ခဲ့တယ်။ အဲဒါက သူ့အကျိုးစီးပွါးအတွက်။

စစ်အစိုးရလက်ထက်မှာ တရုပ်နောက်လိုက်လုံးလုံးဘဝကနေ ရုန်းမထွက်နိုင်တော့ပါ။ အဲဒါက သူတို့အကျိုးစီးပွါးအတွက်။ အမေရိကန်နဲ့ ဆက်ဆံရေး ဆိုးလာတယ်။

ကနေ့က အဲတာရဲ့ အဆက်။ မကောင်းကျိုးဆက်။

လူထုတချို့က ဘက်တခုရဲ့လူတွေနဲ့ တချို့က နောက်ဘက်တခုရဲ့ နောက်လိုက်တွေဖြစ်ကုန်ကြတယ်။ အဲတာ မမှန်ပါ။ ကိုယ့်နိုင်ငံဘက်ကိုကြည့်တတ်သူ နည်းလာတာကို ပြသတာဖြစ်တယ်။

ကိုယ်နိုင်ငံရဲ့နောက်လိုက်တွေ များလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ