Spelling Mistakes အဘယ့်ကြောင့် စာမှန်အောင်မရေးကြသနည်း

သတ်ပုံမှားတွေကို တင်ပြတိုင်း ကွန်မင့်တွေ တယောက်တမျိုး ခပ်လွယ်လွယ်လေး ရေးကြတယ်။ စာရေးမှားကြခြင်း အကြောင်းတရားတွေက များတယ်။ မေးခွန်းပေါင်း ထောင်သောင်းကိုဖတ်ပြီး ဆန်းစစ်မှုလုပ်ထားတယ်။ ကောက်ချက် (၁၀) ချက်တိတိရှိတယ်။
၁။ ပညာရေးကို တန်ဖိုးထား နည်းကြခြင်း၊
၂။ မြန်မာစာကို တန်ဖိုးထား နည်းကြခြင်း၊
၃။ သင်ပေးနေသူတွေကိုယ်တိုင်က မှားနေကြခြင်း၊
၎။ ကျောင်းစာအုပ်တွေမှာ အမှားတွေပါနေခြင်း၊
၅။ ထုတ်ဝေရောင်းချနေတဲ့စာအုပ်တွေမှာ အမှားတွေပါနေခြင်း၊
၆။ ဒေါင်းလုဒ်စာအုပ်တွေမှာ အလွဲတွေပါနေခြင်း။
၇။ တီဗွီ၊ ရုပ်ရှင်နောက်ခံစာနဲ့ သီချင်းနောက်ခံစာတွေမှာ အမှားတွေရေးထားခြင်း၊
၈။ ဆယ်လီလို့ခေါ်ခံရသူတွေက အလွဲတွေ အမှားတွေပြောဆိုရေးသားနေကြခြင်း၊
၉။ စာရေးဆရာတချို့၊ ကဗျာဆရာတချို့က အလွဲတွေ အမှားတွေပြောဆိုရေးသားနေကြခြင်း၊
၁၀။ နိုင်ငံတော်မူသတ်ပုံကျမ်းမှာ အလွဲအမှားတွေပါနေခြင်း။

လွန်ခဲ့တဲ့ ၂ လက ရေးထားတဲ့ အဲဒီကောက်ချက်ထက် ပိုပြီးစုံလင်အောင် ရေးပါရစေ။

(၁) အတန်းပညာနည်းလို့ထင်တာ မမှန်ပါ။ စာမှန်အောင်မရေးကြသူတချို့ရဲ့ ပညာရေးနဲ့ ရာထူးတာဝန်တွေကို သိတယ်။ အားနာလို့ ထုတ်မပြောပါ။ ကျွန်တော်က ဆေးပညာဘွဲ့ရတယ်။ တခါတခါ မှားတယ်။ 

(၂) အမြန်ရေးလို့လို့ထင်တာလည်း မှားတယ်။ ခက်ခက်ခဲခဲ ရေးကြတယ်။ မလိုတဲ့ အသတ်တွေ ထည့်ရေးကြတယ်။ အောက်မြစ် မလိုတာတွေလည်း ထည့်ကြတယ်။ မြန်မာလိုရေးနေစဉ်မှာ အင်္ဂလိပ်ပြောင်းပြီး P B တွေနဲ့ရေးကြတယ်။ ကိုယ်ဝန်၊ ကင်ဆာရောဂါတွေကို ပေါ့ပေါ့တန်တန်သဘောထားသူ မရှိနိုင်။ စာမှန်အောင် မရေးတတ်ကြလို့သာ မေးခွန်းမှားရေးကြတာ။

(၃) မြန်မာစာကို အလေးမထားလို့ယူဆတာလည်း နည်းနည်းသာမှန်တယ်။ သမီးက မြန်မာစာဂုဏ်ထူးရထားတာတဲ့။ စာရေးတော့ ဟထိုး ရရစ် ထည့်သင့်တာတွေ မပါ။

(၄) တိုင်းရင်းသားထင်တယ်လို့ ပြောတိုင်း မမှန်ပါ။ တိုင်းရင်းသားလူမျိုးစုတွေ မြန်မာစာအားနည်းကြတာ ယျေဘုယျတော့ မှန်တယ်။ မြန်မာစာ အားကောင်းတဲ့ တိုင်းရင်းသားတချို့ကို သိတယ်။ တချို့ဆိုရင် ကျွန်တော့်ထက် ပိုပြီး လေ့လာထားတယ်။ တရုပ်-မြန်မာ၊ အိန္ဒိယ-မြန်မာ၊ ပေါ်တူကီ-မြန်မာ ကပြားတွေထဲမှာ စာရေးမှန်သူတွေရှိတယ်။ ကျွန်တော်က မြန်မာ (ဗမာ) စစ်စစ်။ တခါတခါ မှားတယ်။

(၅) ကလေးတွေ မဟုတ်ပါ
တချို့က သတ်ပုံမှားတာ ကလေးတွေလို့ပြောကြတယ်။ မဟုတ်ပါ။ မေးခွန်းမေးသူတွေထဲမှာ ၁၈ နှစ်အောက်က ၁% ထက်နည်းတယ်။

(၆) ခေတ်စကား
ဘန်းစကားဆိုတာ ခေတ်တိုင်းမှာရှိတာ။ သတ်ပုံ မှန်ရတယ်။ အလန်းကို အလမ်းလို့ ရေးရင် လွဲပြီ။ အရမ်းကို အရန်းလို့ ရေးရင် မှားပြီ။ ကိုယ်တွေလို့ ဆရာဝန်ဆီရေးရင် ရင်ခြင်းဆက်အမြွာလား စဉ်းစားခံရမယ်။

(၇) ဟုတ်မလားလို့ လုပ်ကြည့်ခြင်း
ပြီ ကို ပီ၊ ပြီး ကို ပီး၊ ဖြစ် ကို ဖစ်၊ တွေ ကို တေ၊ ဟုတ် ကို ဟု၊ မှာ ကို မာ၊ တယ် ကို တရ်၊ နဲ့ ကို နက်၊ စတာတွေဟာ သူများတွေက အထင်ကြီးလေမလားလို့ ရေးတာတွေ။ ခေတ်တိုင်းမှာ အဲဒါမျိုးတွေရှိတယ်။ ကြာကြာမခံပါ။ လုပ်ရမလဲကို လုပ်ကမလဲရေးရင် သွက်သွက်ခါအောင် မှားတယ်။

(၈) တကယ်ကို မသိခြင်း
ထုတ် နဲ့ ထုပ်၊ ပျောက် နဲ့ ပြောက်၊ တတ် နဲ့ တက်၊ စာ နဲ့ ဆာ၊ စွဲ နဲ့ ဆွဲ၊ ဆီး နဲ့ စီး၊ ဖက် နဲ့ ဖတ်၊ စင် နဲ့ ဆင်၊ ဆူ နဲ့ စူ၊ ကြည့် နဲ့ ကျိ၊ နောက် နဲ့ အနောက်၊ ရှေ့ နဲ့ အရှေ့၊ စတာတွေက တကယ်ကို မသိကြတာ။

(၉) ခေတ်ပေါ်ဆရာများ
ခေတ်ပေါ် စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာဆရာတွေနဲ့ တာဝန်ရှိသူတွေက ပေါ်လစီသတ်ပုံနဲ့သာ ရေးနေကြတယ်။ ကျောင်းသုံးစာအုပ်တွေ စာမေးပွဲမေးခွန်းတွေမှာ မှားတာ လွန်လွန်းတယ်။ အရင်က အဲလိုထိ မမှားခဲ့ပါ။ အတုခိုးစရာ အမှား။

(၁၀) စာတတ်သူတွေအမှား
အစည်းအဝေးနောက်ခံစာတွေ၊ ရုပ်ရှင်စာတန်းထိုးတွေ၊ သီချင်းစာတန်းထိုးတွေ၊ ဆိုင်းဘုတ်တွေ၊ ပုံနှိပ်မီဒီယာတွေမှာ မှားကြတယ်။

(၁၁) ပန်ကျူယေးရှင်း ခေါ် အဖြတ်အတော် အထားအသို
မြန်မာစာမှာ (၊) ပုဒ်ကလေး (ပုဒ်ထီး) နဲ့ (။) ပုဒ်ကြီး (ပုဒ်မ) ရှိတယ်။ ဝါကျအဆုံးမှာ ပုဒ်မ နဲ့ စကားစုတခုနောက်မှာ ပုဒ်ထီး ချရတယ်။ အခုတော့ ဖူးလ်စတော့ ထည့်ရေးနေကြတယ်။ ခြာလည်းမခြာတော့ စာအစကနေအဆုံးဟာ ဝါကျ တကြောင်းတည်းသာ ဖြစ်နေတယ်။ စာနဲ့ ဂဏန်းကို ခြားမရေးကြတာ၊ မြန်မာစာလုံးနဲ့ အင်္ဂလိပ်စာလုံးကို မခြားတာ နားလည်းရခက်တယ်။ ၁-၂-၃ ရှိပါလျက်နဲ့ 1-2-3 ရေးနေကြတာ စာမလှတော့ပါ။

(၁၂) မူကွဲ
မြန်မာစာမှာ မူကွဲစာလုံးတွေရှိတယ်။ ကစွန်း နဲ့ ကန်စွန်း၊ ကျမ္မာ နဲ့ ကျန်းမာ၊ ငပိ နဲ့ ငါးပိ၊ တရုပ် နဲ့ တရုတ်၊ ဒါး နဲ့ ဓါး၊ ပဌမ နဲ့ ပထမ၊ မုံ့ နဲ့ မုန့်၊ ယက္ကန်း နဲ့ ရက်ကန်း၊ မြမ္မာ နဲ့ မြန်မာ၊ လက်ဖက် နဲ့ လ္ဘက်၊ သမတ နဲ့ သမ္မတ။ တမျိုးတည်းသာ ရေးခိုင်းတာ မှားတယ်။ တခါတရံ၊ တခါတလေကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။

(၁၃) မွေးစားစာလုံးများ
ဘာသာခြားစာလုံးတွေကို မြန်မာပြန်ရာမှာ အသံထွက်နီးစပ်တာ ယူရတယ်။ အသံထွက်အမှန်အတိုင်းရတဲ့စာလုံးက နည်းတယ်။ အာထွာဆောင်းကို အာထွာစောင်းလို့ မရးရပါ။ အစဉ်အလာ အသံထွက်အမှားတွေ အတော်များတယ်။

(၁၄) ဖေါ်မြူလာ
မြန်မာစာရေးထုံးမှာ ဖေါ်မြူလာမရှိခဲ့ပါ။ နောက်မှာ ပုံသေနည်းတွေနဲ့ သင်ပေးလာကြတယ်။
(၁) မ နောက် ဘဲ လိုက်။ နေရာတိုင်းမှာ မမှန်ပါ။
(၂) ခင်ငူဂေါဒေါပုံဝ။ နေရာတိုင်းမှာ မမှန်ပါ။
(၃) ရေတွက်လို့ရရင် တစ်။ နေရာတိုင်းမှာ မမှန်ပါ။

(၁၅) ရေးတော့အသံ ဖတ်တော့အမှန်
ထုံးကို တလွဲသုံးနေကြတယ်။ သြကာသဘုရားရှိခိုးထဲက တကြိမ်ကို ဒဂျိမ်လို့ အသံထွက်ရတယ်။ နှစ်ကြိမ်ကိုတော့ နှကြိမ်နဲ့ သုံးကြိမ်ကို သုံးဂျိမ်လို့ ထွက်ပါတယ်။ မြန်မာစာအဖွဲ့ကခိုင်းသလို တစ်ကြိမ်လို့ရေးရင်တော့ တစ်ကြိမ်သံပဲ ထွက်ရပါမယ်။ ဂေါင်းကိုက်လို့ပြောပြီး၊ ခေါင်းကိုက်လို့သာရေးတာက ရေးတော့အမှန် ဖတ်တော့အသံ နည်းစနစ်နဲ့ ကိုက်ညီတယ်။ တနေ့တလံကို တနေ့တလံလို့ထွက်ရပြီး တစ်နေ့တစ်လံလို့ရေးရင် တစ်နေ့တစ်လံလို့သာ တစ်တစ်ခွခွ ထွက်ရပါမယ်။ ရေးတော့အလွဲ ဖတ်တော့အမှား။

(၁၆) သတ်ပုံကျမ်းသစ်များ
၁၉၈၀ ကျော်မှာ သတ်ပုံတွေကို ပြောင်းလိုက်တယ်။ ၁၉၉၁ ခုမှာထွက်တဲ့ သတ်ပုံကျမ်းနိဒါန်းမှာ တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်းကို ရှင်းထားတယ်။ ဒါပေမဲ့ -
၁။ ကိုယ့်အမှုသည် ဘာအမှားလုပ်ခဲ့လုပ်ခဲ့ တရားရုံးမှာ အနိုင်ရရေး လျှောက်လဲချက်နဲ့သာ တူနေပါတယ်။
၂။ ဂန္ထဝင်စာတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့လို့ ယူဆနိုင်ပါတယ်။
၃။ အရင်က ရေးသားခဲ့တာတွေ ဘာကြောင့်မမှန်သလဲ ရှင်းလင်းချက် တလုံးတပါဒမှ မပါရှိ။

အဲဒီအရင်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွေမှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။ မြန်မာ့စွယ်စုံကျမ်း (၁၅) အုပ်မှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။ ဆဋ္ဌသင်္ဂါယနာတင် ပါဠိ မြန်မာပြန်ကျမ်း ၃၀ ကျော်ထဲမှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။

(၁၇) နိုင်ငံရေးအမှား
ဝေါဟာရတွေ စကားလုံးတွေကို လိုသလို အဓိပ္ပါယ်ဖွင့်တာကို အဟုတ်မှတ်နေကြတယ်။ မြန်မာနဲ့ ဗမာ သူ့နေရာနဲ့သူ သုံးရတယ်။ အရင်က ဗမာလို့ရေးခဲ့တာတွေကို မြန်မာစာလုံးပြင်တာ မှားတယ်။ ပညာကို နိုင်ငံရေးအမြတ် မထုတ်အပ်ပါ။

(၁၈) မျိုးဆက်များ
ကွန်မင့်တခုက ၁၉၈၇/၈၈ ကျနော်တို့ ၁၀ တန်းနှစ်မှာ တ နဲ့ တစ် ကိုပြောင်းလိုက်တာဘဲ။ မြန်မာစာသတ်ပုံကျမ်းလဲ အဲ့နှစ်မှာ စထွက်တာထင်တယ်တဲ့။ ဟုတ်။ ၁၉၉၁ ကထုတ်တာကို နိုင်ငံတော်မူလုပ်ထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထက် ခိုင်မာတယ်။ အဲဒီသတ်ပုံနဲ့သင်ယူလာသူတွေက ကနေ့မှာ ဆရာကြီးတွေဖြစ်နေကြပြီ။ စာသင်မျိုးဆက် ၂ ခု ရှိပြီ။ ပြင်ဖို့ရာ ကြာလေခက်ခက်လေ။

(၁၉) ဆိုရှယ်မီဒီယာ
ဆိုရှယ်မီဒီယာကို တနည်းအားဖြင့် ကျေးဇူးတင်ရမယ်။ ဖတ်ရတော့ ဘယ်လောက်ထိအောင် မှားကြသလဲ သိခွင့် ရစေတယ်။ ဆုတောင်းစာတွေ၊ တရားစာတွေမှာ မှားရေးနေကြတယ်။ အဲဒါမျိုးတွေက အလွယ်ရေးကြတာ မဟုတ်၊ ခေတ်စကားလည်း မဟုတ်၊ ပညာနည်းကြလို့လည်း မဟုတ်ပါ။ မြန်မာစာရေးခြင်းအဆင့်အတန်းကို ပြသတာ ဖြစ်တယ်။

(၂၀) မူပိုင်ခွင့်ချိုးဖေါက်ခြင်း
(က) မူရင်းသတ်ပုံတွေကို နောက်ပေါ် ပေါ်လစီသတ်ပုံတွေနဲ့ ပြင်ရေးနေကြတယ်၊
(ခ) ပြန်ထုတ်စာအုပ် ၉၀% က သတ်ပုံတွေပြင်ထားတယ်၊
(ဂ) ကျောင်းသုံးစာအုပ်တွေမှာ ရှေးကဗျာတွေ စာတွေကို ပြင်ထားကြတယ်၊
မလုပ်သင့် မလုပ်ထိုက်တဲ့ အမှားတွေ လုပ်လာကြတာဖြစ်တယ်။

(၂၁) ဒေါင်းလုဒ်
ဒေါင်းလုဒ်စာအုပ်တွေကို အချိန် ငွေ လူအကုန်ခံပြီး မှန်နေခဲ့တာတွေ မှားအောင်ပြင်တင်နေကြတယ်။

(၂၂) ဘေးထွက်ဆိုးကျိုးများ
(က) တတွေကို စသတ်ခိုင်းတာ အကုန်မဟုတ်ပေမဲ့ တဝမ်းပူ ၉၀% လောက်ကို စသတ်နဲ့ ရေးလာကြတယ်။ ဥပမာ တကောင်း၊ ဗိုလ်တထောင်၊ ဗောဓိတထောင်။ အလွဲသည် အမှားကို ဖိတ်ခေါ်၏။
(ခ) တကိုစသတ်ရင်ပြီးရော ကျန်တာဘယ်လိုရေးရေး ရတယ်လို့ ထင်ကုန်ကြသလာ မပြောတတ်။ အမှားသည် အမှောင်တိုက်ထဲ သွင်းပေး။
(ဂ) အလားအလာ တမာကို စသတ်လာကြမည်။ တရားကို စသတ်လာကြမည်။ ငါးပါး မှောက်တော့မည်။

လက်ညှိုးထိုး အပြစ်ရှာတာနဲ့တော့ မှန်လာမှာမဟုတ်ပါ။ ပညာရေးကို တမင်တကာရော မသိမတတ်လို့ပါ ချိုးနှိမ်ရာကနေ ဆက်ဖြစ်တဲ့ အမှားပေါင်းများစွာထဲက တခုသာဖြစ်တယ်။ ရာစုနှစ်တဝက်ကြာပြီ။ စဉ်းစားတွေးခေါ်မှု တည့်မှန်သူ အရေအတွက် များလာမှသာ စာရေးမှန်လာကြမယ်။ စာရေးမှန်သူတွေ နေထိုင်တဲ့တိုင်းပြည် ဖြစ်လာမယ်။ ကျွန်တော် ဒီစာကို ၄-၅ ရက် အချိန်ယူရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး