ATT မေးခိုင်ကာကွယ်ဆေး
၁။ ဒေါက်တာခင်ဗျား ပြီးခဲ့တဲ့ ၂ လခန့်က ကျတော် အလုပ်ထဲမှာ မတော်တဆဖြစ်ပြီး လက်မှာ ဒဏ်ရာရခဲ့ပါတယ် လက်ညှိုးရဲ့ ထိပ်ပိုင်း ဘေးအခြမ်းမှာပါ အနာကတော့ လေးချက်ပဲချုပ်ရတာမို့ မပြောပလောက်ပါဘူး အခု အနာက ကျက်သွားပြီ ဆိုပေမယ့် ခပ်တင်းတင်းဖိလိုက်ရင်တော့ အနာဖြစ်ထားတဲ့နေရာက နည်းနည်းနာတဲ့ခံစားမှုရနေတုန်းပဲ ခင်ဗျ ဆေးရုံက အနာကို ထုံဆေးထိုးပေး ချုပ်ပေး ဆေးထည့်ပေးပြီးတော့ ဆေးထပ်ထိုးရမယ့် ရက်ချိန်းစာရွက်ပေးလိုက်ပါတယ် ဘာကာကွယ်ဆေးမှန်းတော့မသိပါ ၆ လပိုင်းမှာ တခါ ၁၁ လပိုင်းမှာတခါ ဆေးလာထိုးဖို့ရက်ချိန်းပေးထားတာပါ ဒါပေမယ့် ကျတော်လည်း အမှတ်တမဲ့နဲ့ နေလာလိုက်တာ အခုလက ၇ လပိုင်းဖြစ်တော့ ဆေးထိုးရမယ့် လထက် တလ နီးပါး အချိန် လွန်သွားပါတယ် အနာချုပ်ပြီးလို့ ဆရာဝန်ချိန်းတဲ့ ရက်မှာ ထိုးရမယ့်ဆေးက ဘာကာကွယ်ဆေးလဲခင်ဗျား ဆေးထိုးဖို့ ရက်လွန်သွားရင်ရော သွားပြီး ထိုးလို့ရနိုင်သေးလားခင်ဗျ နိုင်ငံခြားမှာမို့ ဘာသာစကားအခက်ခဲကြောင့် ဆရာဝန်တွေကို ပြည့်စုံအောင် မမေးနိုင်လို့ ဒေါက်တာ့ထံ မေးရခြင်းဖြစ်ပါတယ် ခင်ဗျ
မေးခိုင်ကာကွယ်ဆေး ဖြစ်နိုင်။ ရက်လွဲတာ စိုးရိမ်ရန်မရှိ။
၂။ ဆရာ မေးခိုင်ကာကွယ်ဆေးက သံနဲ့ ရှမိထိမိလို့သွေးထွက်သွားတိုင်း ထိုးရတာလား ။ တခါထိုးပြီးရင် ရပြီလားဆရာ။
မေးခိုင်ကာကွယ်ဆေးကို TT နဲ့ ATT လို့ခေါ်တယ်။ ပုံမှန်ထိုးပေးနေတဲ့ မေးခိုင်ကာကွယ်ဆေးတွေရှိတယ်။ TT or ATT နဲ့ DT and DPT တွေထဲမှာလည်း ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးတယ်။ မိခင်ရော ကလေးပါ ကာကွယ်မှု ရကြမယ်။ အဲလိုထိုးထားသူ နောက် ၅ နှစ်အထိကာကွယ်နိုင်တယ်။ ကိုယ်ဝန်ဆိုရင်တော့ ၅ နှစ်အတွင်း ဖြစ်ရင် တကြိမ်သာ ထပ်ထိုးတယ်။
တကယ်တော့ မေးခိုင်းပိုးဟာ အပေါ်ယံထိခိုက်တာမျိုးကို ဝင်လေ့မရှိပါ။ ၁၀၀% ပြောရခက်လို့သာ ကာကွယ်ဆေး ထိုးစေတယ်။ သံကြောင့်ဖြစ်တာအတွက်သာ မဟုတ်ပါ။ အတွင်းနက်ဒဏ်ရာတိုင်းနဲ့ မြေကြီး အမှိုက် မသန့်တာတွေကိုပါ သတိထားရတယ်။ သံချေးလို့ပြောတာ မမှန်။ အလွန်သန့်အောင်ပြင်ဆင်ခွဲစိတ်မှုကနေလည်း မေးခိုင်ပိုးဝင်နိုင်တယ်။ ကလေးတွေ ချက်ကြိုးဖြတ်ရာကနေ ဝင်နိုင်တယ်။ သွားနှုတ်တာကနေလည်း ဝင်နိုင်တယ်။ မူးယစ်ဆေးထိုးတာ၊ နားအပေါက်ဖေါက်တာ၊ အလှအပကွင်းတပ်တာ၊ စုပ်ထိုးတာ၊ တက်တူး ထိုးတာကနေလည်း ဝင်နိုင်တယ်။
Tetanus မေးခိုင်ရောဂါ https://doctortintswe.blogspot.com/2016/09/tetanus.html
ဒေါက်တာတင့်ဆွေ
၅-၉-၂၀၁၉
၁၇-၇-၂၀၂၀

Comments
Post a Comment