Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး

အခုပဲမေးခွန်းတွေဖြေနေတာ မေးတဲ့သူ (၂) ယောက်ရှိလို့ ပြန်တင်ပါရစေ။

သွေးလွန်တုပ်ကွေးရောဂါဟာ ကမ္ဘာမှာဖြစ်နှုန်းသိသိသာသာ တိုးလာနေတယ်။ ကိန်းဂဏန်းတိတိကျကျမရပေမယ့် သန်း ၃၉ဝ လောက်နှစ်စဉ်ကူးစက်နေတယ်။ ၉၆ သန်းလောက်မှာသာ လက္ခဏာပေါ်တယ်။ ကူးစက်ခံရနိုင်ချေ သန်း ၃၉ဝဝ အထိလို့မှန်းတဲ့အစီရင်ခံစာလည်းရှိတယ်။ မြန်မာပြည်မှာလည်း ၂ဝ၁၅ ခုနှစ်က ၁ သောင်း ၁ ထောင်နီးပါးဖြစ်နေပြီး၊ ၄၅ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်။ ၂ဝ၁၄ နဲ့ နှိုင်းယှဉ်ရင် ၃ ဆလောက် အဖြစ်များပြီး သေဆုံးသူအရေအတွက်ပါ မြင့်တက်လာနေတယ်လို့ဆိုတယ်။ 

သွေးလွန်တုပ်ကွေးကို (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ သွေးလွန်တုပ်ကွေးကို (အေဒီးစ် အီဂျစ်ပတိုင်း) ခြင်ကနေကူးပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ Aedes aegypti ခြင်နဲ့ Aedes albopictus ခြင်တွေကနေဖြစ်စေတယ်။ 

ငှက်ဖျားခြင်နဲ့မတူပါ။ ငှက်ဖျားခြင်ကတောသူ၊ သွေးလွန်ခြင်ကမြို့သူ။ အရွယ်ရောက်ခြင်အမကနေသာကူးတယ်။ အမ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာထွက်ကိုက်တယ်။ အများအားဖြင့် မနက်မလင်းတလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့်ကြိုက်တယ်။ ရေသန့်မှာနေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေမှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်စားငါးမွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။

ပိုးရှိတဲ့ခြင်မအကိုက်ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုးတုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုကဒီကနာမယ်။ ဆိုးရင်တော့ အရိုးထဲကနာတာသိသာတာမို့ တချို့က အရိုးကွဲဖျားလို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁ဝ၃-၁ဝ၄-၁ဝ၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ်ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးခြည်ဥတွေထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲသွေးပါမယ်၊ ဝမ်းထဲသွေးပါရင် ဝမ်းအရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။

အပြင်းဖျား 40°C/104°F နဲ့အတူ (ခေါင်းအလွန်ကိုက်ခြင်း + မျက်လုံးနောက်မှာနာခြင်း + ကြွက်သားနဲ့ အဆစ်တွေနာခြင်း + ပျို့အန်ခြင်း + တက်စေ့တွေရောင်ခြင်း + အနီပြင်ထွက်ခြင်း) ထဲက ၂ ခုရှိရင်သံသယရှိတယ်။ 

ရက်တိုရောဂါဖြစ်လို့ ၂-၇ ရက်သာကြာမယ်။ သွေးအရည်ယိုတာကြာလာရင် သတိမကောင်းဖြစ်ရာကနေ သတိလစ်မယ်၊ တက်လည်းတက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

38°C/100°F အောက် အဖျားနည်းနည်းကျလာပြီး ဗိုက်အတင်းနာမယ်၊ တောက်လျှောက်အန်နေမယ်၊ အသက်ရှူ မြန်လာမယ်၊ သွားဖုံးကသွေးယိုမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ သွေးအန်မယ်ဆိုရင် သတိသာထားပေတော့။ နောက် ၂၄-၄၈ နာရီမှာ အရေးအကြီးဆုံးအချိန်ဖြစ်တယ်။ 

သွေးလွန်တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခုရှိတယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ သွေးရည်ကြည်ယိုထွက်ခြင်း၊ အရည်အောင်းခြင်း (အဆုပ်အိတ်ထဲအရည်များတာ၊ ရေဖျင်းရှိတာ)၊ အသက်ရှူခက်ခြင်း၊ သွေးအလွန်ထွက်ခြင်း၊ အင်္ဂါအစိတ်အပိုင်း အလုပ်မလုပ်နိုင်ခြင်းတွေကြောင့် နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးယိုတုပ်ကွေးလို့ နာမည်ပေးရင်တော့ မမိုက်ဘူးမဟုတ်လား။ 

Tourniquest စမ်းသပ်နည်းလုပ်ရင် အပေါင်းဖြစ်မယ်။ ဒီနည်းက လက်ဖြစ်လုပ်လို့ရတယ်။ ဂျပ်စက္ကူလေးတခုမှာ ၁ လက္မ အချင်းရှိတဲ့ စက်ဝိုင်းလေးတခုကိုဖေါက်ထားပါ။ လူနာရဲ့ လက်ကို သွေးဖိအားတိုင်း ရာဘာအိပ်ပတ်ပြီး အထက်သွေးဖိအားနဲ့ အောက်သွေးဖိအားဂဏန်းကြား အလယ်ဂဏန်းမှာထားပါ။ ၅ မိနစ်နေရင် လက်ဖျံပေါ်မှာ အဝိုင်းပေါက်လေးပါ ဂျပ်ကိုတင်ပြီး အပေါက်ထဲမှာ ပေါ်နေမဲ့ သွေးခြည်ဥလေးတွေကို ရေတွက်ပါ။ ၁ဝ ကနေ ၂ဝ ထက်ပိုနေရင် ရောဂါကို သံသယရှိနိုင်တယ်။

သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ သွေးထဲ (ပရိုတင်း) နည်းတာတို့ ရှိနိုင်တယ်။ သွေးမှုံအရေအတွက် နည်းနေမယ်။ ပုံမှန် 150,000 - 400,000 platelets/mcL ရှိရမယ်။ ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် သွေးမှုံကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုး ရှိတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။

သွေးလွန်တုပ်ကွေးကို တိတိကျကျကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ်ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါကျစေနိုင်တယ်။ ရေနဲ့အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ စနစ်တကျကုသရင် သေဆုံးနှုန်း ၁% အောက်မှာရှိတယ်။ 

ကာကွယ်ဆေးမရှိသေးပါ။ စမ်းသပ်ဆဲ Tetravalent live-attenuated ကာကွယ်ဆေး ၃ မျိုးရှိနေပြီ။ အဆင့် ၂ နဲ့ ၃ ရောက်နေကြပြီ။ အနာဂတ်ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့လူကြီးတွေက မနိုင်သေးတာ မှန်သမျှကို အနိုင်ရကြပါလိမ့်မယ်။

Chikungunya ဆင်ဖြူတော် တုပ်ကွေး http://dts-medicaleducation.blogspot.com/2010/10/chikungunya.html 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး