Burma Vs Myanmar (2) မြန်မာဆိုတာဘာလဲ (၂)

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း အစိုးရသစ်ရဲ့ မူဝါဒတွေကို အဓိက အလေးပေးပြောကြားသွားခဲ့သလို၊ သံတမန်တွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Burma နဲ့ Myanmar အဆင်ပြေတာကိုခေါ်ဖို့ ပြောသွားခဲ့ပါတယ်။

(စ) တလက်စတည်း ဒီမှာပဲ Burma နဲ့ Myanmar ကိစ္စကိုလည်း ကျမအနေနဲ့ ရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေထဲမှာ ဘယ်ဟာကို ခေါ်ရမှန်းမသိတဲ့သူတချို့လည်းရှိပါတယ်။ အဲဒီတော့ အဆင်ပြေတာကိုခေါ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံထဲမှာ ဘယ်ဟာကို သုံးရမယ်ဆိုပြီး ပြောထားတာမရှိပါဘူး။ ကျမက Burma ကိုသုံးနေကြဆိုတော့ Burma ကို ဆိုတာကိုမကြာခဏသုံးပါတယ်။ ဒါပေမဲ့ ကျမ ဒီလိုခေါ်လို့ တခြားလူတွေလည်း လိုက်ခေါ်ဖို့လိုတယ်မဟုတ်ပါဘူး။ ရှင်တို့အားလုံး အဆင်ပြေသွားအောင် ကျမလည်း နောက်ပိုင်းမှာ မြန်မာလို့ ကြိုးစားပြီးခေါ်ပါမယ်။ (ဆုံး)

အကြောင်းတိုက်ဆိုင်လို့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကစာ ပြန်တင်ပါရစေ။

အင်္ဂလိပ်လူမျိုးတွေနဲ့ အင်္ဂလိပ်စာသုံးသူတိုင်းကနေ ကျွန်တော်တို့တိုင်းပြည်ကို Burma နဲ့ လူမျိုးကို Burmese လို့ ပေါင်းခဲ့ကြတာ လွတ်လပ်တဲ့နိုင်ငံမဖြစ်ခင်ကတည်းကပါ။ ၁၉၈၉ မှာတော့ နာမည်ပြောင်း ကင်ပွန်းတပ်တယ်။ နိုင်ငံတော် အသက် (၄ဝ) ကျော်ပါပြီ။ မျက်နှာလုပ်နိုင်ငံတွေနဲ့လူတွေက အရင်ဆုံးပြောင်းခေါ်ကြတယ်။ ခုထိမခေါ်သေးတာတွေလည်း ရှိတယ်။ ခေါ်ချင်ပေမယ့် ဘယ်လိုအသံထွက်ရမှန်း မသိသူကများတယ်။ ကျွန်တော် မြန်မာဘာသာပြန်ဆရာ လုပ်နေတဲ့ကျောင်းက ကွန်ပြူတာစနစ်ထဲမှာ နှစ်ခုလုံးရေးမှသာ အမှန်ပေါ်တယ်။

အိန္ဒိယအင်္ဂလိပ်သတင်းစာတွေက တိုင်းပြည်ကို Myanmar လို့ ပေါင်းပြီး၊ လူမျိုးကို Myanmerese လို့ပေါင်းပါတယ်။ တရုတ်အင်္ဂလိပ်သတင်းစာက ဦးသိန်းစိန်ကို Wu Dengsheng လို့ရေးတယ်။ အင်္ဂလိပ်ဆီကနေ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ အိန္ဒိယတွေရော တရုပ်တွေပါ သူ့တို့အကြိုက်သူတို့ရေးတာ ပြောစရာမရှိပါ။ အင်္ဂလိပ်ဆီကနေပဲ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ ကျွန်တော်တို့တတွေက သူတို့ထက် သာသင့်တယ်ထင်တယ်။ အင်္ဂလိပ်စာအစစ်ကိုသာ ယူသင့်ကြပါတယ်။

အင်္ဂလိပ်စာတတ်တဲ့ ဘယ်သူကမှ Myanmar ကို မြန်မာလို့ မထွက်တတ်ပါ။ My နဲ့ စပေါင်းတော့ (မိုင်-အင်န်-မာ) လို့သာ ထွက်ကြတယ်။ အိန္ဒိယလူမျိုးတွေက (မိုင်-အင်န်-မားရ်) လို့ထွက်တယ်။ (ဦးနိုး) ကို U Noe လို့ပေါင်းထားတော့ နိုင်ငံတကာလေဆိပ်တခုမှာ မစ္စတာ (ယူ-နိုး-အီး) လို့ အော်တာကို ကိုယ့်ခေါ်နေမှန်းမသိ ဖြစ်ခဲ့တယ်။

အင်္ဂလိပ်လိုပြောချင် ရေးချင် သင်ယူချင်သူတွေကို အကြံပေးပါရစေ။ အိန္ဒိယ-အင်္ဂလိပ်လဲ မယူနဲ့၊ တရုတ်-အင်္ဂလိပ်လဲ မယူနဲ့။ လက်ရှိ မြန်မာ-အင်္ဂလိပ်လဲ မသင့်ပါ။ ပြောမရလည်း ကိုယ့်တိုင်းပြည်ထဲမှာတော့ သုံးချင်သူများသုံးကြပေါ့။ အဲ့ အပြင်ထွက်ရင်တော့ အဆင်မပြေဖြစ်ကြမယ်။ အစစ်ကိုသာ ယူချင်သူတွေက ယူပေါ့။ အတုယူချင်သူတွေကလဲ ယူကြပေါ့။ တချို့က ညံ့မှကြိုက်တယ်လို့တော့ မငေါ့ချင်ပါ။ ကွယ်ရာမှာ ရီတာခံရမယ်။

နိုးလဲ မကောင်း၊ (ကန်တော့ပါ) အီးလဲ မကောင်းပါ။ ကမ္ဘာမှာ လေဆိပ်တွေအများကြီးရှိတယ်။ ကျွန်တော်တို့ အများစုဟာ ဝါးလုံးခေါင်းထဲသာ နေကြရတာမဟုတ်တော့ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၂
၂၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ