I miss you! ယမုန်နာဆေးခန်းသို့
Wish Mandy a Happy Birthday! လို့ ဖေ့စ်ဘွတ်က အသိပေးပါတယ်။ ယမုန်နာဆေးခန်းက ဆရာမတယောက်မွေးနေ့။
ကျွန်တော့်ဇနီးနဲ့ ကျွန်တော် နယူးဒေလီမှာ ၁၂ နှစ်တိတိ ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာပြည်ကလာနေသူတွေကို ဆေးအခမဲ့ကုသပေးခဲ့တယ်။ အဲဒီမှာနေထိုင်သူ ၉ဝ% လောက်က ချင်းပြည်နယ်ကနေလာသူတွေ။ နောက် ကချင်၊ ရခိုင်၊ ကူကီး၊ နာဂနဲ့ ဗမာတွေရှိတယ်။ ကရင်၊ ရှမ်းနဲ့ မွန်တို့လည်းရှိပေမဲ့ အတော်နည်းတယ်။
ကျွန်တော်က သူတို့စကားမတတ်ပါ။ ဆေးခန်းမှာ အကူဆရာမတွေက စကားပြန်ပါလုပ်ကြရတယ်။ ဆေးမှူး ယောက်ျားလေးတွေလည်း ၂-၃ ယောက်ရှိတယ်။ စုစုပေါင်း ဆေးခန်းလက်ထောက် ၈၁ ယောက်ရှိခဲ့တယ်။ တချို့ကတော့ ၁-၂ ရက်သာနေနိုင်တယ်။ တချို့က ၅ နှစ်မကကြာတယ်။ ဆေးခန်းမှာ အကူ ၄-၅ ယောက်မရှိရင် လက်မလည်ပါ။
မွေးလူနာလာရင် ညအိပ်ညနေ စောင့်ပေးကြရတယ်။ ဆရာဝန်ကအစ အားလုံးက ဒုက္ခသည်တွေဆိုတော့ ဘာမဆို ဖြစ်သလို။ ၁၉၇၂-၇၃ မန္တလေးဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန် ဟောက်ဆာဂျင်လုပ်ခဲ့စဉ်က ညမှာ တတ်နိုင်တဲ့ လူနာတွေက ချိုင့်ကြီး ချိုင့်ငယ်တွေနဲ့ အစားအသောက်တွေ ကျွေးကြတာကို အိပ်မက်လိုသတိရတယ်။ ကျွန်တော့်ဆေးခန်းမှာတော့ တတ်နိုင်တဲ့လူနာတွေက ပုံထဲမှာလို လက်ဖက်ရည်နဲ့ အီကြာကွေး ကျွေးပါတယ်။
ပဌမဆုံးဆရာမလေးက မာမာအေး၊ ဗမာနာမည်ရှိပေမဲ့ တီးတိန်သူ။ သူ ဦးနှောက်ကင်ဆာနဲ့ ဆုံးတယ်။ သူ့သားလေးက အခုဆို သြစတေးလျမှာ အထက်တန်းကျောင်းသား။ မြန်မာပြည်ကနေ သူနာပြုဘွဲ့ရတဲ့ ဆရာမ ၂ ယောက်လည်းရှိခဲ့တယ်။ သူရှိလို့ မေဂျာအော်ပရေးရှင်းပါ လုပ်ပေးနိုင်ခဲ့တယ်။ ဆေးခန်းကနေ တတိယနိုင်ငံအခြေချအစီအစဉ်အရ တခြား တိုင်းပြည်တခုရောက်ပြီး ရောက်တဲ့ဆီမှာ သူနာပြုဘွဲ့ယူနိုင်သူ တယောက်လည်းရှိတယ်။
တချို့ဆရာမလေးတွေက အသက်အတော်ငယ်တယ်။ အဲတာလည်း စိတ်ပါဝင်စားလို့ ကြိုးစားတော့ အသက် (၁၈) နှစ် မရှိသေးဘူး ခွဲလူနာကို ဝင်ကူနိုင်တယ်။ ကလေးမွေးပေးနိုင်ကြတယ်။
အားလုံးကိုထားရစ်ခဲ့တာ ၄ နှစ်လောက်ရှိပြီ။ ကျန်ရစ်သူတွေ ဒေလီမှာ ဒုက္ခသည်ဘဝနဲ့ရုန်းကန်နေကြဆဲပါ။ ဆရာဝန်ဆိုတာ ဆရာမနဲ့ လက်ထောက်မပါပဲ ဆေးမကုမရသလိုပဲ၊ ဘာမဆို အကြောင်းတရားတွေ ပေါင်းဆုံမှသာ ဖြစ်မြောက်တယ်။ ဆာဂျရီ ခေါ် ခွဲစိတ်ကုသမှုဟာ တင်းမ်ဝပ် စုပေါင်းလုပ်ရတာလို့ဆိုတယ်။ အမှန်က အရာရာမှာ စုစုစည်းစည်း သူ့တာဝန်သူ ယူကြရတာပါ။ တယောက်တည်းနဲ့ မပြီးမြောက်နိုင်။
God bless you!
ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈
ဓါတ်ပုံ = ၁၇-၁-၂ဝ၁၂ နေ့က ယမုန်နာဆေးခန်းအဖွဲ့သားများ — with Mandy Omm
Cho Chong Chong feeling upset with Janese Even Ngalaeng and 3 others.
September 17, 2014 ·
ဆရာ,
လေးစားစွာဖြင့် စာရေးတင်လိုက်ပါတယ်ဆရာ..တပည့်တွေအပေါ် လူမျိုး ၊ဘာသာ မရွေးပဲ စိတ်ရှည်စွာနဲ့ အသိပညာ၊ အတတ်ပညာသင်ကြားပေးခဲ့တဲ့ အတွက် အထူးပဲကျေးဇူးတင်ပါတယ်ဆရာ၊ဆရာ့သမိုင်း ဖြစ်သွားမဲ့ ယမုံနာ ဆေးခန်း လေးမှာ စေတနာ့ဝန်ထမ်းဖြင့်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ် ဆရာ တပည့်တွေရဲ့ ရင်ထဲမှာလည်း ယမုံနာဆေးခန်း ကအမြဲတမ်းရှိနေမှာပါ ဆရာ ။ ဆရာ သင်ကြားပေးသွားတဲ့ ပညာတွေကို အကျိုးရှိစွာ အကောင်းဆုံးကြိုးစားသွား မှာပါ ဆရာ။
ဆရာ နှင့် အန်တီအေး ကျန်းမာပါစေ။
Facebook ကနေ ကန်တော့လိုက်ပါတယ်ဆရာ။
ယမုံနာ စေတနာ့ဝန်ထမ်းများ...

Comments
Post a Comment