BPH ဆီးကျိတ်ကြီးခြင်း

(ကန်တော့ပါ)

၁။ ဆီးကျိတ်ကို သုက်ရည်ထုတ်တဲ့အိတ်လို့ပြောရင် ပိုမှန်တယ်တဲ့ဟုတ်လားဆရာ။

မဟုတ်ပါ။ သုက်သတ်ပုံကို ပြင်လိုက်တယ်။ ဆီမင်ဆိုတာ ယောက်ျားတွေ လိင်စိတ်ဖြစ်တဲ့အခါ ထွက်တဲ့အရည်ဖြစ်တယ်။ အဲတာ ဘယ်ကလာသလဲ။ Seminal vesicle ခေါ် ဆီးအိမ်နောက်နဲ့အောက်နားမှာ အတက်ကလေးတွေလိုရှိတာကနေ 65-75% လာတယ်။ Prostate ဆီးကျိတ်ကနေ 25-30% လာတယ်။ Testes ခေါ် ကျားအစိကနေ 2-5% လာတယ်။ ကျားအစိကနေ Sperm သုက်နဲ့ ကျားဟော်မုန်း Testosterone ကိုပါ ထုတ်ပေးတယ်။ Bulbourethral glands ခေါ် ဆီးကျိတ်နောက်နားမှာ ဆီးသွားပြွန်တဘက်တချက်မှာ ရှိကြတာကနေ < 1% ထုတ်ပေးတယ်။

၂။ ခင်ပွန်းသည် အသက် ၇၆ နှစ်၊ ဆီးကျိတ်သည် အဆင့် ၃ ရှိကာ လေဖြန်းထားသောကြောင့် ခွဲမပေးပါ။ ဆီးပိုက်နှင့် နေရပါသည်။ ဆီးချိုဝေဒနာလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ရှိပါသည်။ ဒီလိုဘဲအကြာကြီးနေရမှာလားရှင်။ ဆရာဆီမှာ ဆေးနည်းတွေရှိရင် အကြံပေးပါဆရာ။

၃။ မင်္ဂလာပါဆရာ။ ကျွန်မ အဖေက အသက် ၇ဝ ပါ။ အခု ဆီးကျိတ်ရောင်တယ်လို့ ဆရာဝန်ကပြောပါတယ်။ ဆေးရုံတက်ပြီး ဆီးပိုက်တပ်ထားရပါတယ်။ ဆေးရုံကတော့ မြို့ နယ်ဆေးရုံပါ။ မကွေးတိုင်းဆေးရုံကို သွားခိုင်းပါတယ်။ ဆီးကျိတ်အတွက်ဓါတ်မှန်ရိုက်ရမယ်လို့လည်း ပြောပါတယ်။ ဆီးပိုက်ကို ဘယ်လောက်ကြာကြာ တပ်ထားလို့ ရပါသလဲဆရာ။ ဆီးကျိတ်နဲ့ပါတ်သက်တဲ့ link လေးရှိရင်ပေးပါဆရာ။

ယောက်ျားတိုင်းမှာ ဆီးအိမ်အောက်နားမှာ Prostate Gland ဆီးကျိတ်ရှိတယ်။ မျိုးပွါးစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ သူ့ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားတယ်။ အသက်ရလာသူ အတော်များများမှာ ကြီးလာတာကို Benign Prostatic Hyperplasia (BPH) ခေါ် ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းလို့ခေါ်တာဖြစ်ကြတယ်။ ကြီးလာတိုင်းတော့ ခံစားရတာ မရှိပါ။ အသက် ၄ဝ ကျော်မှသာဖြစ်တယ်။ ၆ဝ ကျော်တာက ၉ဝ% ရှိတယ်။ သူကကြီးလာလို့ သူ့အထဲက ဖြတ်သွားတဲ့ ဆီးသွားပြွန်က ကျဉ်းလာလို့ ဆီးသွားရတာခက်ခက်လာမယ်။ ခဏခဏသွားချင်လာမယ်။ ကြာတော့ ဆီးအိမ်က အားနည်းလာမယ်။ တချိန်မှာ သွားမရတဲ့အထိဖြစ်နိုင်တယ်။

ဆီးကျိတ်ဟာ တာဝန် ၂ မျိုးနဲ့ဆိုင်တယ်။ ဆီးသွားတာရော လိင်ပိုင်းဆိုင်တာရောဖြစ်တယ်။ ဘာလို့ကြီးလာသလဲ တိတိကျကျအပြစ်ချစရာမရှိပါ၊ မသိပါ။ သူကနေ တက်စတိုစတီရုန်းခေါ်တဲ့ ကျားဟော်မုန်း နဲ့ အီစထိုဂျင်ခေါ်တဲ့ မ ဟော်မုန်း (နည်းနည်း) ထုတ်ပေးနေတယ်။ အသက်ရလာရင် ကျားဟော်မုန်းထုတ်တာ နည်းလာတယ်။ အချိုးချလိုက်ရင် မ ဟော်မုန်းက များလာသလိုဖြစ်လာတယ်။ ဒါကြောင့် ရင်သားထွက်လာကြတာဖြစ်ယ။

ခံစားလာရနိုင်တာတွေကတော့ ဆီးသွားရတာ အားမရ၊ ပြတ်တောင်းပြတ်တောင်းဖြစ်၊ ပန်းမထွက်နိုင်။ သွားချင်ရင် မြန်မြန်သွားရမယ်။ တစက်တစက် ထွက်နိုင်တယ်။ ညအချိန်မှာ ထထသွားရမယ်။ အရွယ်အစားကြီးတာနဲ့ ခံစားရတာ အချိုးမကျတတ်ပါ။ သိပ်မကြီးလှပေမဲ့ ဆီးရုတ်တရက်မသွားနိုင်တဲ့ အရေးပေါ်အခြေအနေရောက်တတ်တယ်။ အအေးမိပျောက်ဆေး၊ အာဂျီပျောက်ဆေး သောက်ရာကနေ ဆက်ဖြစ်တယ်။ အရက်သောက်ရာကနေလဲဖြစ်နိုင်တယ်။ အိပ်ယာထဲမှာ မလှုပ်မရှား နေတာကြာလို့လဲ ဖြစ်နိုင်တယ်။ သူကြီးလာရင် ဆီးလမ်းပိုးတာလဲ ပိုဖြစ်လာနိုင်တယ်။

ရောဂါ ရှိ မရှိသိအောင်
၁။ Digital Rectal Examination (DRE) အစိုလမ်းကနေ လက်ချောင်းနဲ့စမ်းသပ်တာ၊
၂။ Prostate-Specific Antigen (PSA) Blood Test သွေးစစ်တာ၊ ကင်ဆာမဟုတ်တာသိချင်လို့လုပ်ရတာဖြစ်တယ်။
၃။ Rectal Ultrasound အာလ်ထွာဆောင်းနဲ့
၎။ Prostate Biopsy အသားစဖြတ်ယူစစ်ဆေးခြင်းတွေလုပ်နိုင်တယ်။
၅။ Urine Flow Study နဲ့
၆။ Cystoscopy နည်းတွေလဲလုပ်နိုင်တယ်။

ကုသခြင်း
လူတိုင်းမလိုပါ။ ပိုးဝင်နေတိုင်းတော့ ပိုးသေဆေးပေးမယ်။
Drug Treatment ဆေးပေးနည်း
Finasteride (Proscar) နဲ့ Dutasteride (Avodart) ဆေးတွေကို စသုံးခဲ့တယ်။ Terazosin (Hytrin) နဲ့ Doxazosin (Cardura) အပြင် Tamsulosin (Flomax) ဆေးတွေလဲ သုံးလာနိုင်ပြီ။ Alfuzosin (Uroxatral) ဆေးက နောက်ဆုံး အသိအမှတ်ပြုတဲ့ဆေးဖြစ်တယ်။

တခြားနည်းတွေ -
• Minimally Invasive Therapy
• Transurethral microwave procedures
• Transurethral needle ablation
• Water-induced thermotherapy
• High-intensity focused ultrasound
• Surgical Treatment ခွဲစိတ်ကုသနည်း
- Transurethral surgery ကိရိယာထည့်ပြီးခွဲစိတ်ကုသနည်း၊
- Transurethral incision of the prostate (TUIP)
- Open surgery သမားရိုကျခွဲစိတ်ကုသနည်း၊
- Laser surgery လေဆာဖြင့်ခွဲနည်း၊
- Photoselective vaporization of the prostate (PVP)
- Interstitial laser coagulation လေဆာနည်းတမျိုး၊
• Foley Catheter ဆီးပိုက်ထည့်ထားပေးထားနည်း၊
• Prostatic Stents စတန့်ထည့်ပေးနည်း။

ခွဲစိတ်ကုသပြီးပေမဲ့ အခက်အခဲတချို့ရှိနိုင်သေးတယ်။ လိင်ကိစ္စ တချို့မှာသာဖြစ်တယ်။ ခွဲပြီးစဖြစ်ပေမဲ့ ကြာရင် ကောင်းလာတာလဲရှိတယ်။ လိင်တံသန်မာမှု အားနည်းတတ်တယ်။ သုက်လွှတ်အားနည်း နိုင်သေးတယ်။ လိင်ဆန္ဒပြည့်ဝမှုကိုလဲ နည်းစေနိုင်တယ်။

ကျွန်တော်ဆရာဝန်ဖြစ်ကာစ တောနယ်မှာတာဝန်ကျတယ်။ အတွေ့အကြုံကနည်းလွန်းသေးတဲ့ကာလပေါ့။ မန္တလေး ဆေးရုံကြီးကနေ ဆီးမသွားနိုင်လို့ ဆီးပိုက်ထည့်ထားရတဲ့ ဆရာတော်တပါး ဆေးရုံကဆင်းအလာမှာ ကျွန်တော့် တိုက်နယ်ဆေးရုံရှိတဲ့ရွာမှာ တညတာနားတော့ ဆီးပိုက်ကကျွတ်ထွက်သွားလို့ သွားကြည့်ပေးရပါတယ်။ Foley’s catheter ခေါ်တဲ့ပိုက်က ထိပ်ဝနားမှာ အရည်သွင်းစရာဘူဘောင်းလေးပါတော့ ဆီးပိုက်ကို ထည့်ထားရင် ကျွတ်မထွက်ပါ။ အဲဒီ အရည်ကကြာတော့ နည်းနည်းလာရာကနေ ဆီးပိုက်ကကျွတ်ထွက်တာပါ။ ကျွန်တော့်ဆေးပညာလိုပါပဲ (မဆလ) ခေတ်မှာ အစစအရာရာ ရှားတယ်၊ ဝယ်ရတာခက်တယ်။ ဒါနဲ့ ဆီးပိုက်အသစ်မရသေးခင် ပိုက်ပြန်မထည့်ပဲ စောင့်ကြည့်ဘို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဆရာတော့်ကံ၊ ကျွန်တော့်ကံ ကောင်းကြတော့ ဆီးပိုက်ပြန်မထည့်ရပဲ ဆရာတော် ဆီးသွားနိုင်ပါတော့တယ်။ တောဆရာဝန်လေးဟာ နာမည်ကို ဝယ်မယူရပဲ ကြီးသွားပါတယ်။

Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ http://doctortintswe.blogspot.com/2016/12/treatments-for-prostate-cancer.html

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး